Social Icons

Pages

Thursday, January 10, 2019

လှော်ကားဥယျာဉ်အတွင်း မျောက်ကောင်ရေ ၁ဝဝ ခန့်သာ ထားရှိမည်ဖြစ်ပြီး ကျန်မျောက်များကို မြောက်ဇာမရီ ဘေးမဲ့တောသို့ ပို့ဆောင်ရန်စီစဉ်

လှော်ကားဥယျာဉ်အတွင်း မျောက်ကောင်ရေ ၁ဝဝ ခန့်သာ ထားရှိမည်ဖြစ်ပြီး ကျန်မျောက်များကို မြောက်ဇာမရီ ဘေးမဲ့တောသို့ ပို့ဆောင်ရန်စီစဉ်
-
ရန်ကုန်    ဇန်နဝါရီ   ၉ 
-
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှော်ကားဥယျာဉ်၌ မျောက်ကောင်ရေ တိုးပွားလာခြင်းကြောင့်  ကောင်ရေ ၁ဝဝ ခန့်သာ ထားရှိမည်ဖြစ်ပြီး ကျန်မျောက်များကို မြောက်ဇာမရီ ဘေးမဲ့တောသို့ ပို့ဆောင်ရန်စီစဉ်နေကြောင်း လှော်ကားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းအောင် ထံမှ သိရသည်။ လှော်ကားဥယျာဉ်အတွင်း မျောက်ကောင်ရေ ၁၅ဝဝ မှ ၁၈ဝဝ ဝန်းကျင် ကြားရှိနေပြီး မျောက်ကောင်ရေ လျှော့ချရန်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ဖြင့်  ဆောင်ရွက်မည်ဖြစ်သည်။ 
-
ယင်းဥယျာဉ်အတွင်းရှိ မျောက်များကို ဖမ်းဆီး၍ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းက မျောက်ကောင်ရေ ၁ဝ၈ ကောင်ကို ပထမအကြိမ်  မြောက်ဇာမရီသို့ ပြန်လည် လွှတ်ပေးခဲ့ကြောင်းနှင့်ကျန်မျောက်များကိုလည်း ဒုတိယအကြိမ်  ထပ်မံလွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ''လှော်ကားဥယျာဉ်မှာ မျောက်အရေအတွက်က များပြားလာတော့ ဂေဟစနစ်ကို  ပျက်စီးမှာစိုးလို့ ပြောင်းရွှေ့နေရာချထားခြင်းဖြစ်ပါတယ်။ မျောက်မျိုးပွားမှုနှုန်းကလည်း တိုးလာတယ်။ ဒါကြောင့် ပဲခူးရိုးမက မြောက်ဇာမရီဘေး မဲ့တောကို    ပြန်လွှတ်ပေးမှာပါ။ အဲဒီအတွက် သက်ဆိုင်ရာကို တင်ပြပြီး ခွင့်ပြုချက် တောင်းခံမှာပါ။  လှော်ကားဥယျာဉ်ကိုလည်း  ပြန်လည်အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒါ့ပြင် ခရီးသွားဝင်ရောက်မှုနှုန်း  တိုးတက်လာအောင်လည်း ဆောင်ရွက်နေပါတယ်'' ဟု ဦးစန်းဝင်းအောင် ကပြောသည်။ 
-
လှော်ကားဥယျာဉ်အတွင်း မျောက်ကောင်ရေ များပြားလာမှု၏  အကျိုးဆက်အဖြစ် ဘေးမဲ့တောအတွင်းရှိ အပင်များ၊ အသီးများကို ဆော့ကစား၍ ဖျက်ဆီးခြင်း၊ ဘေးမဲ့တောရှိ  ငှက်များ၊ ဒေါင်းများနှင့် ဖွတ်ဥများကို ဆော့ကစားသဖြင့် ယင်းသတ္တဝါများ၏   သားပေါက်နှုန်း လျော့နည်းလာသည့်အတွက် လှော်ကားဥယျာဉ် ဂေဟစနစ်ကိုလည်း  ထိခိုက်လာနိုင်ကြောင်း၊ ထို့ပြင် မျောက်ကောင်ရေ များပြားလာသည့်အတွက်  အစာအပြည့်အဝ ကျွေးနိုင်ရန် အခက်အခဲ ဖြစ်လာကြောင်း၊  ယင်းအတွက် မျောက်ကောင်ရေလျှော့ချမှုကို  ပြုလုပ်မည်ဖြစ်ပြီး လိုအပ်ချက်များကို ဆောင်ရွက်နေကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...