
-
ရန်ကုန် ဒီဇင်ဘာ ၁၉
-
ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့ရှိ Yangon Book Plaza ၌ ပရိုမိုးရှင်းဖြင့် ရောင်းချကြခြင်းကြောင့် အရောင်းအဝယ်များ ပြန်သွက်လာကြောင်း Yangon Book Plaza စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ ''ဟိုတစ်လောကတော့ အရောင်းအဝယ်လည်း ပါးခဲ့တယ်။ ပွင့်လင်းရာသီထဲ ရောက်တော့ အရောင်းအဝယ် ပြန်ကောင်းလာတယ်။အခုရက်တွေမှာ ဒီမှာရှိတဲ့စာအုပ်ဆိုင် အများစုက ပရိုမိုးရှင်းပေးပြီး ရောင်းချ လာတာတွေကြောင့်လည်း အရောင်းအဝယ် တော်တော်လေး သွက်လာတယ်''ဟု ၎င်းက ပြောသည်။
-
Yangon Book Plaza တွင် ရောင်းချနေသော စာပေတိုက်များမှာ ပရိုမိုးရှင်းအဖြစ် ၂ဝ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်း ဈေးလျှော့ကာ ရောင်းချလာကြသကဲ့သို့ တချို့ဆိုင်များမှာ ၅ဝ ရာခိုင်နှုန်းအထိ လျှော့ရောင်းမှုများလည်း ရှိလာသည်။ ''ပရိုမိုးရှင်းပေးပြီး ရောင်းရတာက စာဖတ်သူရဲ့ လက်ထဲကို ဈေးသက်သက်သာသာနဲ့ ရောက်သွားစေချင်တဲ့ စေတနာပါ။ စာဖတ်သူတွေအနေနဲ့ စာအုပ်ကောင်းတွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ ဖတ်နိုင်မှာ ဖြစ်ပါတယ်။ တချို့စာအုပ်တွေကျတော့ စာအုပ်ပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး ဒီပရိုမိုးရှင်းထဲမှာ ဈေးလျှော့တာတွေ ပါပါတယ်။
-
အများစုကတော့ ၂ဝ ရာခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းလောက် အထိ လျှော့နေကြတာပါ'' ဟု စာပေလောက စာအုပ်တိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ Yangon Book Plaza ကို ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် သံဈေးကွန်ဒို၌ ဖွင့်လှစ်ထားပြီး စာအုပ်မျိုးစုံကို နှစ်သက်ရာရွေးချယ် ဝယ်ယူနိုင်သည့်အပြင် အစားအသောက်များ ဝယ်ယူစားသုံးရင်း စာအုပ်များ ဖတ်ရှုနိုင်ခြင်းကြောင့်လည်း လာရောက်သူ များပြားလျက်ရှိသည်။
-
''တစ်လကို နှစ်ခါသုံးခါလောက်တော့ လာဝယ်ဖြစ်တယ်။ အရင်တုန်းက လမ်းဘေး စာအုပ်တန်းလိုမျိုး ဒီ Book Plaza မှာလည်း ရောင်းချတယ်။ လမ်းဘေးမှာ ဝယ်ရတဲ့ အရသာမျိုးဖြစ်သလို ကိုယ်လိုချင်တဲ့ စာအုပ်တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ခွင့်ရတယ်။
-
တချို့စာအုပ်တွေဆိုလည်း အခုမဝယ်ဖြစ်သေးရင်တောင် ထိုင်ဖတ်နေလို့ ရတယ်'' ဟု မြောက်ဥက္ကလာပမြို့နယ်မှ စာအုပ်လာရောက် ဝယ်ယူသူ မသဉ္ဇာဝင်းက ပြောသည်။ Yangon Book Plaza တွင် ငွေကျပ် ၅ဝဝ ခန့်မှ သိန်းဂဏန်းအထိ စာအုပ်အမျိုးအစား စုံလင်စွာရှိသကဲ့သို့ ရှားပါးစာအုပ်များကိုလည်း ရောင်းချလေ့ ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment