
-
နေပြည်တော် ဒီဇင်ဘာ ၁၇
-
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
-
အစည်းအဝေးတွင် တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ နိုင်ငံခြားတွင် သွားရောက်လုပ် ကိုင်နေ ကြသော မြန်မာနိုင်ငံသားများထံမှ ပြန်လည်ပေးပို့သော ငွေများနှင့် စပ်လျဉ်းသည့် အချက် အလက်များကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ပရောက် မြန်မာလုပ်သားဦးရေနှင့် ၎င်းတို့ရရှိသော ဝင်ငွေ အခြေအနေအရ ချိန်ဆကြည့်ပါက ၎င်းတို့ လွှဲပို့နေသည့် မိသားစုလွှဲပို့ငွေသည် နည်းပါးနေ သေးကြောင်း။ မြန်မာနိုင်ငံသည် စီးပွားရေးပိတ်ဆို့ အရေးယူမှုခံရသဖြင့် တရားဝင်ဘဏ်စနစ်ဖြင့် လွှဲပြောင်း ပေးပို့ရန် အခက်အခဲရှိနေသည်ကို အကြောင်းပြု၍ ဟွန်ဒီစနစ်ဖြင့် ငွေလွှဲပို့မှုများ ဆောင်ရွက် ကြောင်း၊ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများက ငွေများလိမ်လည်ခြင်း၊ စာရင်းဇယား မရရှိခြင်း စသည့် အခက်အခဲများ ရှိကြောင်း၊ ပြည်ပရောက် အလုပ်သမားများက မြန်မာနိုင်ငံသို့ ပြန် လည်လွှဲပို့ငွေသည် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် GDP ၏ သုည ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် GDP ၏ ၁ ဒသမ ဝ၆ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း။
-
၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ငွေကျပ်သန်းပေါင်း ထောင်ဂဏန်းသာ ရှိသော်လည်း ၂ဝ၁၈ ခုနှစ် ဇူလိုင်လတွင် ငွေကျပ်သန်းပေါင်း ၃၄ဝဝဝ ကျော်နှင့် သြဂုတ်လတွင် ငွေကျပ် သန်းပေါင်း ၃၉ဝဝဝ ကျော်ဖြစ်သည့်အတွက် မိသားစုလွှဲပို့ငွေများ တရားဝင် လမ်းကြောင်းမှ လွှဲပြောင်းပေးပို့ခြင်းသည် များစွာ တိုးတက်မှုရှိသည်ကို တွေ့ရှိရပြီး နိုင်ငံတော်၏ GDP တွင် ပြည်ပ ရွှေ့ပြောင်းလုပ်သားများ၏ မိသားစု လွှဲပို့ငွေများသည် များစွာ အထောက်အကူပြုနေ သည်ကို တွေ့ရှိကြောင်း၊ ပြည်ပတွင် အလုပ်လုပ် ကိုင်နေသော မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားတွင်ရရှိသော ဝင်ငွေလစာအပေါ် ၂ဝ၁၂ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ ဝင်ငွေခွန် ကင်း လွတ်ခွင့်များ ပြုခဲ့ကြောင်း ရှင်းလင်း ဖြေကြားသည်။
-
ဆက်လက်၍ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၏ မြန်မာနိုင်ငံအတွင်း မြွေကိုက်ခံရမှုများနှင့် ပတ် သက်၍ အနီးစပ်ဆုံး ငါးနှစ်တာ ကာလအတွင်း မြွေကိုက်ခံရမှု အခြေအနေများ ကိုသိလိုခြင်း၊ BPI မှထုတ်လုပ်နိုင်သော မြွေဆိပ်ဖြေဆေးများ ပြည်ပသို့ တင်ပို့ရောင်းချရန် လျာထားချက်၊ ဈေးကွက် အခြေအနေအား သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ငါးနှစ်တာ ကာလ အတွင်း မြွေကိုက်ခံရသည့် လူနာဦးရေ ၇၆၈၁၂ ဦးရှိခဲ့ရာ ကုသပေးနိုင်မှု ဦးရေ ၇၄ဝ၈၉ ဦး၊ သေဆုံးသူ ဦးရေ ၂၇၂၃ ဦးရှိခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းအရ ၂ဝ၁၇ ခုနှစ်အတွင်း မြွေကိုက်ခံရမှု အများဆုံးဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှာ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ ဖြစ်ကြောင်း။
-
မြန်မာ့ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံ (အင်းစိန်) BPI မှ မြွေပွေးနှင့် မြွေဟောက် အဆိပ်ဖြေ ဆေး၊ ကိုက်သည့် မြွေအမျိုးအစား ခွဲခြားနိုင်ခြင်းမရှိသည့် လူနာများအတွက် မြွေပွေးနှင့် မြွေဟောက် အဆိပ်နှစ်မျိုးလုံးကို ဖြေပေးနိုင်သည့် Bivalent မြွေဆိပ်ဖြေဆေး များကို လည်း ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်တွင်း လိုအပ်ချက်ထက် ပိုလျှံသည့် မြွေဆိပ်ဖြေဆေးများကို ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်းတွင် ကမ္ဘော ဒီးယားနိုင်ငံနှင့် လာအို နိုင်ငံတို့သို့ မြွေဆိပ်ဖြေဆေး အလုံး ၅ဝဝ စမ်းသပ်တင်ပို့ခဲ့ကြောင်း၊ ၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ်တွင်လည်း မြွေဆိပ်ဖြေဆေး အလုံး ၅ဝဝဝ ခန့် ထပ်မံတင်ပို့နိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း။ ပြည်ပနိုင်ငံများသို့ မြွေဆိပ်ဖြေဆေးတင်ပို့ ရောင်းချရာတွင် ၎င်းနိုင်ငံ၏ ရေမြေသဘာဝနှင့် ကိုက်ညီရန် လိုအပ်ကြောင်း၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ရေ၊ မြေ၊ ရာသီဥတု၊ သဘာဝဆင်တူသည့် အင်ဒိုချိုင်းနား ကျွန်းဆွယ် နိုင်ငံများဖြစ်သည့် အတွက် ရောင်းချရန် ရွေးချယ်ခဲ့ကြောင်း၊ မြွေဆိပ်ဖြေဆေး ဆောင်ထားလိုသူများအတွက် တစ်ဦးချင်း ဖြစ်စေ၊ အသင်းအဖွဲ့ဖြစ်စေ အလွယ်တကူ တိုက်ရိုက်ဝယ်ယူနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ တစ်နှစ်ကို အလုံးရေ နှစ်သိန်းမှ သုံးသိန်းအထိ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်ထား ရှိပြီးဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
-
ထို့နောက် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ၏ အစီရင်ခံစာ တင်ပြခြင်း၊ ယင်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည် စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။ ၎င်းနောက် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင မှုကော်မတီ၏ အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် ယင်း အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူသည်။ ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ၂ဝ၁၈ ခုနှစ် လောင်းကစား ဥပဒေကြမ်းကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ အသိပေး တင်ပြသည်။
-
ထို့နောက် အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့သော စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများ အတိုင်း အတည်ပြုကြောင်းနှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
-
အိအိပိုင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment