
-
ရန်ကုန် ဒီဇင်ဘာ ၁၇
-
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင် ရန်ကုန်မြို့ပတ် အနောက် ဘက်ခြမ်း အင်းစိန်-ကြည့်မြင်တိုင် လမ်းပိုင်းနှင့် ရန်ကုန်မြို့ပတ် အရှေ့ဘက်ခြမ်း တညင်း ကုန်း-ပုရွက်ဆိတ်ကုန်း လမ်းပိုင်းကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်ပြိုင်တည်း ပြုပြင်မည်ဖြစ် ကြောင်း မြန်မာ့မီးရထား လုပ်ငန်းတိုင်း(၇)အထွေထွေ မန်နေဂျာ ဦးဇော်လွင် ထံမှ သိရသည်။ လက်ရှိတွင် ရန်ကုန်မြို့ပတ် အနောက်ဘက်ခြမ်းဖြစ်သည့် တညင်းကုန်း-အင်းစိန်ကြား လမ်း ပိုင်းပြုပြင်ခြင်း လုပ်ငန်းများ ဒီဇင်ဘာ ၂ဝ ရက်တွင် အားလုံးပြီးစီးမည်ဖြစ်သည့် အတွက် ဒီဇင်ဘာ ၂၁ ရက်မှစ၍ မြို့ပတ်လမ်းပိုင်း အနောက်ဘက်ခြမ်းဖြစ်သော အင်းစိန်-ကြည့်မြင် တိုင်ကြား ၅ ဒသမ ၅ မိုင် အကွာအဝေးနှင့် မြို့ပတ်လမ်းပိုင်း အရှေ့ဘက်ခြမ်း ဖြစ်သော တညင်းကုန်း-ပုရွက်ဆိတ် ကုန်းကြား ၇ ဒသမ၂၅ မိုင်အကွာ အဝေးကို တစ်ပြိုင်တည်း အဆင့် မြှင့်တင်မည် ဖြစ်သည်။
-
အင်းစိန်-ကြည့်မြင်တိုင်ကြား ရထားလမ်းပိုင်းကို ပြုပြင်ပါက လမ်းတစ်လမ်းကို ပိတ်၍ ပြုပြင်မည်ဖြစ်ပြီး ကျန်ရှိသည့် လမ်းတစ်လမ်းဖြင့် မြို့ပတ်ရထားများကို အစုန်အဆန်ပြေးဆွဲ ပေးမည်ဖြစ်ကြောင်း၊ လမ်းတစ်လမ်းတည်းပေါ်၌ အစုန်အဆန် ပြေးဆွဲပေးရမည် ဖြစ်သည့် အတွက် စီမံကိန်း ကာလအတွင်း အင်းစိန်-ကြည့်မြင်တိုင်ကြားတွင် လှည်းတန်း၊ သီရိမြိုင်နှင့် သမိုင်းမြို့သစ် ဘူတာများကို ရုံပိုင်ဘူတာများအဖြစ် ယာယီဖွင့်လှစ်မည်ဖြစ်ပြီး စီမံကိန်းကာလ လေးလအတွင်း အပြီးဆောင်ရွက်ရန် ခန့်မှန်းထားကြောင်း သိရသည်။
-
ထို့ပြင် မြို့ပတ်လမ်းပိုင်း အရှေ့ဘက်ခြမ်း ဖြစ်သည့် တညင်းကုန်း-ပုရွက်ဆိတ်ကုန်းကြား ကို လည်း တညင်းကုန်း-ကျိုက္ကလဲ့ကြား ၃ ဒသမ ၅ မိုင်ကို လမ်းတစ်လမ်းစီပိတ်၍ အလှည့်ကျ ပြင်ဆင်မည်ဖြစ်ပြီး ကျိုက္ကလဲ့မှ အင်းစိန်အထိ ရထားပြေးဆွဲ ပေးမည်ဖြစ်ကာ စီမံကိန်းကာလ မှာ လေးလကြာမည်ဖြစ်သည်။ ''တစ်လမ်းသွားလုပ်မယ့် နေရာမှာ ရထားစင်းရေတော့ လျော့သွားမယ်။ ဒါပေမဲ့ ခရီးစဉ်အတို လေးတွေပိုများလာမယ်။ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို တစ်ပြိုင်တည်း လုပ်မယ် ဆိုတာက သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အမြန်ပြီးစီးအောင် ဖြစ်ပါတယ်''ဟု ဦးဇော်လွင် ကပြောသည်။
-
ကျိုက္ကလဲ့-ပုရွက်ဆိတ်ကုန်းကြား ၃ ဒသမ ၇၅ မိုင်အကွာအဝေးကို လမ်းနှစ်လမ်းစလုံးပိတ်၍ ပြင်ဆင်မည်ဖြစ်သည့်အတွက် ရထားပြေးဆွဲမှု ယာယီရပ်နားထားမည်ဖြစ်ပြီး စီမံကိန်းကာလ မှာ ခြောက်လကြာမည်ဟု သတ်မှတ်ထားသည်။ ထိုသို့ လမ်းနှစ်လမ်းစလုံး ပိတ်ရမည်ဖြစ်သည့်အတွက် လက်ဝဲရစ်နှင့် လက်ယာရစ်မြို့ တစ်ပတ်လုံး ပြေးဆွဲလျက်ရှိသည့် ရထားများကို ယာယီရပ်နား ထားမည်ဖြစ်ကြောင်း၊ မြန်မာ့ မီးရထားအနေဖြင့် ရထားလမ်းပြုပြင်ခြင်း လုပ်ငန်းများကို အနောက်ဘက်ခြမ်း တွင် A-1 ကုမ္ပဏီ နှင့်လည်းကောင်း၊ အရှေ့ဘက်ခြမ်းတွင် ရွှေတောင်ကုမ္ပဏီနှင့် လည်းကောင်း ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment