Social Icons

Pages

Tuesday, December 18, 2018

တိုက်ခန်းများ လူနေထိုင်ခွင့် ပါမစ်လျှောက်ထားမှု တစ်ပတ်လျှင် အလုံးရေ ၈ဝ ခန့်ရှိ

တိုက်ခန်းများ လူနေထိုင်ခွင့် ပါမစ်လျှောက်ထားမှု တစ်ပတ်လျှင် အလုံးရေ  ၈ဝ ခန့်ရှိ
-
ရန်ကုန်  ဒီဇင်ဘာ   ၁၇
-
ရန်ကုန်မြို့ရှိ တိုက်ခန်းများ လူနေထိုင်ခွင့်ပါမစ် (BCC) အဆောက်အအုံပြီးစီးကြောင်း ထောက်ခံချက် လျှောက်ထားမှုများမှာ တစ်ပတ်လျှင် အလုံးရေ ၈ဝ ခန့်ရှိနေကြောင်း ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ''အရင်ကဆို BCC မတင်ဘဲ အမြတ်ခွန်ရှောင်တာတို့၊ လူဝင်ရောက် နေထိုင်တာတို့ ရှိတဲ့အတွက် အခက်အခဲတွေ ရှိခဲ့တယ်။
-
နောက်ပိုင်းမှာ  BCC ရမှ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က လျှပ်စစ်မီတာ တပ်ဆင်ပေးပြီး  မီတာတပ်ဆင်ခွင့် ရှိတာဖြစ်တဲ့ အတွက် BCC လာလျှောက်ကြရတယ်''ဟု ၎င်းကပြောသည်။ ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် နှစ်ကုန်အထိ  အဆောက်အအုံပြီးစီးကြောင်း  လူနေထိုင်ခွင့်ပါမစ် လာရောက် လျှောက်ထားမှုများမှာ တစ်ပတ်လျှင်  အလုံးရေ  ၁ဝ  လုံးခန့်သာ ရှိကြောင်းနှင့် ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တစ်ပတ်လျှင် အလုံးရေ  ၇ဝ  ကျော်ရှိကာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလခန့်မှစ၍ အလုံးရေ ၈ဝ ဝန်းကျင်အထိ ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
-
သို့ရာတွင် ဈေးကွက်အတွင်း စာရွက်စာတမ်းများ ရှိသော်လည်း BCC မကျသေးသော ကန်ထရိုက်တိုက်ခန်းများလည်း ရှိနေသောကြောင့် ဝယ်ယူနေထိုင်သူများ အနေဖြင့် တရားဝင်အဖြစ် ခိုင်မာမှုရှိစေရေး အချက်အလက် ပြည့်စုံမှုရှိရန်  အရေးကြီးကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ   သိရသည်။ ''ဈေးကွက်ထဲမှာ အခုထိ အဆောက်အအုံ မပြီးသေးဘဲ အရစ်ကျ ရောင်းချနေတာတွေ ရှိနေသေးတော့  သေချာစုံစမ်းပြီးမှ  ဝယ်ယူသင့်တယ်။ နောက်ပြီး ကန်ထရိုက်တိုက်ခန်း အများစုက ဝယ်ယူသူတွေကို အခန်းအပ်တဲ့အချိန် လူနေထိုင်ခွင့် မရကြသေးတာတွေ များတယ်။
-
သတ်မှတ်ထားတဲ့အချက်တွေနဲ့ မကိုက်ညီ၊ မပြည့်စုံရင် ခွင့်ပြုတာ ကြာတတ်တယ်။ အဲဒီလိုဆိုရင်တော့   ဒဏ်ငွေဆောင် ရတာပေါ့'' ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမောင်မောင် ကပြောသည်။ တိုက်ခန်းဝယ်ယူသူများ အနေဖြင့် လူနေထိုင်ခွင့် လျှောက်ထားခြင်း ရှိ၊ မရှိကို ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၌  ဝယ်ယူထားသည့် စာချုပ်ပြ၍  စုံစမ်းနိုင်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...