-
နေပြည်တော် နိုဝင်ဘာ ၁၉
-
ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သန့်စင်မေတ္တာ ဖောင်ဒေးရှင်းအဖွဲ့တို့ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ရေအိမ်များနေ့-၂ဝ၁၈ (World Toilet Day-2018) အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။
-
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ ဇနီး ဒေါ်ရင်မေ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး ၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသား လွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သံတမန်များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၊ ဆရာ၊ဆရာမများ၊ သန့်စင်မေတ္တာ ဖောင်ဒေးရှင်း အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
ရှေးဦးစွာ ကမ္ဘာ့ရေအိမ်များနေ့-၂ဝ၁၈ အခမ်းအနားကို အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
-
ထို့နောက် ကမ္ဘာ့ရေအိမ်များနေ့-၂ဝ၁၈ ဂုဏ်ပြုတေးသီချင်း Music Video ကိုပြသသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တို့က ကမ္ဘာ့ရေအိမ်များနေ့-၂ဝ၁၈ အခမ်းအနားနှင့် စပ်လျဉ်း၍ ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။
-
ထို့နောက် သန့်စင်မေတ္တာ ဖောင်ဒေးရှင်း အဖွဲ့ ဂုဏ်ထူးဆောင် နာယကချုပ် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာ ရွှေလွှမ်းက ကမ္ဘာ့ရေအိမ်များနေ့-၂ဝ၁၈ အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။
-
ယင်းနောက် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)နှင့် Sky Net မီဒီယာတို့ ပူးပေါင်းရိုက်ကူး တင်ဆက်သည့် ကမ္ဘာ့ရေအိမ်များနေ့- ၂ဝ၁၈ ဇာတ်လမ်းတိုကို ပြသသည်။
-
ဆက်လက်၍ သန့်စင်မေတ္တာ ဖောင်ဒေးရှင်းအဖွဲ့ ဂုဏ်ထူးဆောင် နာယကချုပ် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်းက ကမ္ဘာ့ရေအိမ်များနေ့-၂ဝ၁၈ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့မှ ပထမဆုရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကမ္ဘာ့ရေအိမ်များနေ့-၂ဝ၁၈ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့မှ ဒုတိယဆု ရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကမ္ဘာ့ရေအိမ်များနေ့-၂ဝ၁၈ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့မှ တတိယဆု ရရှိကြသူများကို လည်းကောင်း၊ သန့်စင်မေတ္တာ ဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ ဦးနေအုပ်က ကမ္ဘာ့ရေအိမ်များနေ့- ၂ဝ၁၈ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲ အခြေခံ ပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့မှ နှစ်သိမ့်ဆု ရရှိကြသူများကို လည်းကောင်း၊ သန့်စင်မေတ္တာ ဖောင်ဒေးရှင်းအဖွဲ့ နာယက Mrs. Hisayo Yoshida Chua က ဘက်စုံအထူးကြိုးစား အားထုတ်မှုဆုများကို လည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။
-
ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး Cele Toilet Games အစီအစဉ်ကို တင်ဆက်ပြသသည်။ ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ ဇနီး ဒေါ်ရင်မေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ အဖွဲ့သည် ကမ္ဘာ့ရေအိမ်များနေ့-၂ဝ၁၈ အထိမ်းအမှတ် ပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။
-
ရေအိမ်များသည် လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီး သာယာလှပရေးအတွက် မည်မျှအရေးပါသည် ဆိုသည်ကို သိရှိရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းသည့် ရေအိမ်များ ဖြစ်လာရန် ဆောင်ရွက်နိုင်ရေးတို့အတွက် ကမ္ဘာ့ရေအိမ်များနေ့ကို World Toilet Orga-nization က ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် စတင်သတ်မှတ် အကောင်အထည်ဖော်ခဲ့သည်။
-
၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က နှစ်စဉ် နိုဝင်ဘာ ၁၉ ရက်ကို World Toilet Day ဟု သတ်မှတ်ကြေညာခဲ့ပြီး World Toilet Day အခမ်းအနားများကို နှစ်စဉ် ကျင်းပကြသည်။ွှ World Toilet Day ကျင်းပရခြင်းသည် ၂ဝ၃ဝ ပြည့်နှစ်တွင် လူသားတိုင်း လုံခြုံစိတ်ချရသည့် ရေအိမ်သုံးစွဲနိုင်ရေး အတွက် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်း အကောင်အထည် ဖော်ခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင် နံပါတ်(၆) Sustainable Development Goals-6) Clean Water and Sanitation ဖြစ်သည့် Ensure availability and sustain-able management of water and sanitation for all" အရ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
-
ကျန်းမာရေးနှင့် ညီညွတ်ပြီး လုံခြုံစိတ်ချရသည့် ''ရေအိမ်'' ကို အသုံးပြုမည်ဆိုပါက ပြည်သူ့ကျန်းမာရေးကို အဆင့်မြှင့်တင်သည့် ပြည်သူလူထု၏ Health Literacy Promotion ကိုမြင့်မားစေမည်ဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေ ၄ ဒသမ ၅ ဘီလီယံသည် လုံခြုံစိတ်ချမှုရှိသည့် ''ရေအိမ်'' သုံးစွဲမှုမရှိသေးသည်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ ဖော်ပြချက်များတွင် ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ''ယင်လုံအိမ်သာ(ရေအိမ်)'' အသုံးပြုသည့် အိမ်ထောင်စုဦးရေ ၇၄ ဒသမ ၃ ရာခိုင်နှုန်း ရှိပြီး နိုင်ငံ့လူဦးရေ၏ လေးပုံတစ်ပုံခန့်သာ ယင်လုံအိမ်သာ သုံးစွဲရန် လိုအပ်နေဆဲဖြစ်ကြောင်း၊ UN Report များအရ ကမ္ဘာတွင်ရှိသည့် ကျောင်းများ၏ သုံးပုံတစ်ပုံသည် Toilet Facilities ပြည့်ဝအောင် မပေးနိုင်သေးကြောင်း။
-
အခြေခံပညာကျောင်းများရှိ ကျောင်းသားဦးရေ ၅ဝ တွင် ရေအိမ်တစ်လုံးနှုန်း အသုံးပြုလျက် ရှိနေကြကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် စာရင်းအင်း အချက်အလက်အရ အခြေခံပညာကျောင်းများ၌ ရေအိမ်လုံလောက်သည့် ကျောင်းအရေအတွက်သည် ၆၅ ဒသမ ၄ဝ ရာခိုင်နှုန်း၊ သောက်ရေလုံလောက်သည့် ကျောင်းအရေအတွက်သည် ၈၃ ဒသမ ၂၂ ရာခိုင်နှုန်းနှင့် သုံးရေလုံလောက်သည့် ကျောင်းအရေအတွက်သည် ၈၅ ဒသမ ၂၁ ရာခိုင်နှုန်း ရှိကြောင်း။
-
''သန့်စင်မေတ္တာ'' အဖွဲ့အစည်းသည် အခြေခံပညာကျောင်းများတွင် ရေနှင့်ပတ်ဝန်းကျင်ဆိုင်ရာ သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး (Water, Sanitation and Hygiene) နှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးသည့် အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့ဖြင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိနေကြောင်း၊ ပညာရေး ဝန်ကြီးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် School WASH (School Water and Sanitation and Hygiene Promotion) အစီအစဉ်အရ ဆောင်ရွက်နေသော ''သန့်ငါးသန့်''လုပ်ငန်းများအရ ''ရေသန့်၊ အိမ်သာသန့်၊ အစာသန့်၊ လက်သန့်(တစ်ကိုယ်ရေသန့်)နှင့် ပတ်ဝန်းကျင်သန့်'' လုပ်ငန်းများကို ကျောင်းများတွင် ဘဝတွက်တာ ကျွမ်းကျင် စရာဘာသာရပ် သင်ခန်းစာများနှင့် ချိတ်ဆက်သင်ကြား လေ့ကျင့်ပေးလျက် ရှိကြောင်း။
-
သန့်ရှင်းရေးလုပ်ခြင်းသည် မိမိကိုယ်တိုင်နှင့် လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို မြှင့်တင်နေထိုင် တတ်ရန်နှင့် မိမိတာဝန်ကို မိမိယူရခြင်းဖြစ်သည်ကို ရှင်းလင်းပေးကြရန် လိုအပ်ကြောင်းနှင့် တာဝန်ခံ၊ တာဝန်ယူတတ်သည့် စိတ်ဓာတ်မျိုးဖြစ်ရန် ငယ်စဉ်ကတည်းက သင်ကြားသင်ယူ လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ရေအိမ်များနေ့-၂ဝ၁၈ ဆောင်ပုဒ်မှာ ''သဘာဝတရား လှပဖို့၊ ရေအိမ် ဆောက်လုပ် သုံးကြပါစို့(WHEN NATURE CALLS, TAKE ACTION) '' ဖြစ်ကြောင်း သိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment