Social Icons

Pages

Monday, November 12, 2018

နိုင်ငံတော်အစိုးရ၏ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အတွက် အသင့်ဖြစ်နေမှု အခြေအနေများ သိရှိနိုင်ရန်အတွက် သတင်းစာ ရှင်းလင်းပွဲတွင် တာဝန်ရှိသူများ၏ ရှင်းလင်း ဖြေကြားချက်များ -

နိုင်ငံတော်အစိုးရ၏ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အတွက် အသင့်ဖြစ်နေမှု အခြေအနေများ သိရှိနိုင်ရန်အတွက် သတင်းစာ ရှင်းလင်းပွဲတွင် တာဝန်ရှိသူများ၏ ရှင်းလင်း ဖြေကြားချက်များ
-
နေပြည်တော်           နိုဝင်ဘာ           ၁၁
-
နိုင်ငံတော်အစိုးရ၏ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအတွက် လက်တွေ့မြေပြင် အကောင်အထည်ဖော်မှုများ၊ အသင့်ဖြစ်နေမှု အခြေအနေများ သိရှိနိုင်ရန်အတွက် သတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက် လာသည့် သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် တာဝန်ရှိသူများ၏ ပြန်လည်ရှင်းလင်း ဖြေကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
-
နိုဝင်ဘာ ၁၅ ရက်တွင် စတင်လက်ခံမည့် နေရပ်စွန့်ခွာသူ ၂၂၆ဝ သည် အမှန်တကယ် ပြန်လာ/မလာ၊ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံရန် အဆင်သင့် ဖြစ်/မဖြစ်နှင့် ကျေးရွာအိမ်ခြေမည်မျှ စီစဉ်ထားသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက   မိမိတို့နောက်ဆုံး ဘင်္ဂလားဒေ့ရှ်တွင် သွား၍ အစည်းအဝေး လုပ်စဉ်မှာပင် နိုဝင်ဘာလလယ်တွင် စမည်ဟုပြောခဲ့ကြောင်း၊ လူဦးရေမည်မျှ ပို့မည်ဆိုသည့်  စာရင်းဇယားလည်း ရှိကြောင်း၊ မည်သည့်ရွာများတွင် ရှိသည်ဆိုသည့် စာရင်းဇယားအရ စိစစ်ပြီး ရွာများကိုလည်း သိရပြီဖြစ်ကြောင်း၊ လွှတ်မည်/ မလွှတ်ဘူး ဆိုသည်မှာ ၎င်းတို့အပေါ်မူတည်ကြောင်း၊ မိမိတို့ဘက်က အဆင်သင့်လုပ်ထားကြောင်း၊ မိမိတို့ဆောင်ရွက်ရမည့် ကိစ္စများ၊  တာဝန်ဝတ္တရားများကို ဆောင်ရွက်ပြီးဖြစ်ကြောင်း။
-
ရေရှည်ဆောင်ရွက်ရမည့် ကိစ္စများ၊ ကြိုတင်ပြင်ဆင်ရမည့် ကိစ္စများကိုကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များအတိုင်း ဆောင်ရွက်နေကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်ပြီး အကောင်းဆုံး အခြေအနေကို ဆောင်ရွက်ထားကြောင်း၊ ပြန်လည်နေရာချထားမည့် ကျေးရွာ ၄၂ နေရာကိုလည်း ပြင်ဆင်ပြီးဖြစ်ကြောင်း။
-
မိမိတို့ဆောင်ရွက်မှုများသည် ရိုးသားစွာဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ထားခြင်းကြောင့်   မိမိတို့၏ လုပ်ဆောင်ချက်သည် ရှင်းကြောင်း၊ အာဆီယံနိုင်ငံဖြစ်သည့်အတွက် အာဆီယံနိုင်ငံများ၏ ပူးပေါင်းကူညီမှု ရရှိကြောင်း၊ နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ ကမ်းလှမ်းမှုများကိုလည်း လက်ခံ ဆောင်ရွက်နေကြောင်း၊   မိမိတို့၏ လုပ်ဆောင်ချက်များကို နိုင်ငံတကာက ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာကြောင်း၊ ယင်းသည်  အောင်မြင်မှု ခြေလှမ်းများ စတင်သည်ဟု ပြော၍ရကြောင်း ဖြေကြားသည်။
-
-
ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလက  ပြည်ထဲရေးဝန်ကြီးနှင့် ရန်ကုန်မြို့တွင်   အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ ထိုစဉ်က ၎င်းတို့ဘက်မှ ၈ဝ၃၂ ဦး စာရင်းပေးခဲ့ကြောင်း၊ ၎င်းတို့အထဲမှ လူ ၅ဝဝဝ ကို စိစစ်ပြီးဖြစ်ကြောင်း၊ ယင်းတို့ထဲမှ ၂၂၆ဝ ကို ပထမအသုတ်အနေဖြင့် နိုဝင်ဘာလတွင် ငါးခူရရေလမ်းမှ စတင်ခေါ်ယူမည်ဖြစ်ကြောင်း၊ ဒုတိယအသုတ် ၂ဝ၉၅ ဦးကို တောင်ပြိုလက်ဝဲ ကုန်းလမ်းမှ ခေါ်ယူမည်ဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံနှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း၊ ကော့ဘဇားတွင် ရုံးစိုက်သည့်  refugee comm-issioner ခေါင်းဆောင်သည့် special third forceကို ဘင်္ဂလားဒေ့ရှ်ဘက်တွင် ဖွဲ့ထားပြီး ဖြစ်ကြောင်း၊  အဖွဲ့ဝင် ကိုးဦးရှိကြောင်း၊ ၎င်းတို့နှင့် မိမိတို့စခန်းတာဝန်ခံ ဆက်စပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
-
လုံခြုံရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ  ငြိမ်းချမ်းရေးတပ်များ တစ်ဖက်တွင် လှုပ်ရှားနေသည်မှာ ဟုတ်/ မဟုတ် သိရှိလိုကြောင်း ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၎င်းကိစ္စနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် သတင်းရရှိမှု မရှိကြောင်း၊ ရှိသည်ဟုလည်း မကြားမိကြောင်း ဖြေကြားသည်။
-
-
UNDP ၊ UNHCR တို့အနေဖြင့် ယခုကိစ္စတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ရှိ/မရှိနှင့် UN အပါအဝင် နိုင်ငံတကာမှ မေးခွန်းထုတ်နေမှုများနှင့် စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မိမိတို့နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၏ ပြဿနာဖြစ်ခြင်းကြောင့် နှစ်နိုင်ငံဆွေးနွေးပြီး သဘောတူညီမှုရကာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပိုပြီး လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးရန် UNHCR ၊ UNDP နှင့် လူဝင်မှုကြီးကြပ်ရေး သုံးပွင့်ဆိုင် MoU  ထိုးကြောင်း၊ ပါဝင်ဆောင်ရွက်နေသည် များလည်း ရှိကြောင်း၊   နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ဆိုပြီး ဖော်ဆောင်နေကြောင်း၊ ထို့ကြောင့် ၎င်းတို့ပါဝင်နေပြီဟု ပြောလိုကြောင်း ရှင်းလင်းပြောကြားသည်။
-
-
ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နံပါတ် ၁ အချက်အနေဖြင့် ပြည်ထောင်စုဝန်ကြီးနှင့် ကော်မတီဖွဲ့ပြီး လုပ်ဆောင်ကြောင်း၊ နေရာ ၄၂ နေရာရွေးချယ်ပြီး ပြန်လည် ဝင်ရောက်လာပါက နေရာချထားမည် ဆိုသည့် ရည်ရွယ်ချက်နှင့်  နေအိမ်များ ဆောက်လုပ်ကြောင်း၊ သင့်တော်သည့် လုံခြုံရေးပိုင်းနှင့် သင့်တော်သလောက် ဆောက်ထားကြောင်း၊ ပြန်လာမည့်သူ ၂၂၆ဝ အတွက် တူရာတူရာစုပြီး တူရာတူရာ ကျေးရွာများတွင် ချထားပေးမည်ဖြစ်ကြောင်း၊ ယင်းနောက် ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသမီး၊ ကလေးသူငယ်များအတွက် စောင့်ရှောက်မှု တစ်ခါတည်း ပါဝင်မည်ဖြစ်ကြောင်း၊   မိမိတို့ဘက်မှ  အဆင်သင့်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ယခင်ကလုပ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းမှု ပုံစံကို   ပြန်လည်လုပ်ကိုင်နိုင်ရန်လည်း စီစဉ်ထားကြောင်း။
-
ယင်းကိစ္စကို မဖြစ်မြောက်စေချင်သည့်သူများလည်း ရှိကြောင်း၊ အဆင်သင့် မဖြစ်သေးသည့်အတွက် ပြန်မပို့သင့်ဘူးဟု ပြောနေသည်များရှိကြောင်း၊သို့သော်လည်း   နှစ်နိုင်ငံ သဘောတူညီစာချုပ်အတိုင်း ဆောင်ရွက်နေကြောင်း၊ အချိန်မရွေး လက်ခံနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြောထားကြောင်း၊ ဝင်ရောက်လာသည့်အချိန်တွင် လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ရန် ဆင့်ကဲဆင့်ကဲ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအစိုးရအနေဖြင့်   အဆင်သင့်ဖြစ်အောင် ကြိုးပမ်းထားကြောင်း ရှင်းလင်းဖြေကြားသည်။
-
ပြန်လည်ဝင်ရောက်လာမည့်   ကိစ္စနှင့်ပတ်သက်၍   သက်ဆိုင်ရာ ဒေသခံများကို တိုင်ပင်မှုမရှိခြင်း၊ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်သူများမှ ကန့်ကွက်ခြင်းနှင့် ပြန်လည်ဝင်ရောက်သူများတွင် အကြမ်းဖက်သမားများ ပါဝင်လာပါက မည်သို့ဆောင်ရွက်မည် ဆိုသည့် မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုဆောင်ရွက်သည့် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စများတွင်   ကော်မတီများဖွဲ့၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြည်နယ်လုံးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကိုဖီအာနန်၏ အကြံပြုချက်များကို  အကောင်အထည်ဖော်သည့် နေရာတွင်လည်း   တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊   ပြန်လည်လက်ခံရေး အပိုင်းတွင် တစ်ပြည်နယ်လုံးနှင့် ဆိုင်သည့်ကိစ္စဖြစ်ကြောင်း၊မိမိတို့ဆောင်ရွက်တိုင်းတွင် ကော်မတီဖြင့် ဆောင်ရွက်ကြောင်း၊  သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်   ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း။
-
နံပါတ် ၂ အနေဖြင့် မိမိတို့ဆောင်ရွက်မှုတိုင်းကို ရခိုင်ပြည်နယ်တွင် ရှင်းလင်းတင်ပြမှုများ အကြိမ်ကြိမ်လုပ်ကြောင်း၊ မိမိကိုယ်တိုင် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊  လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး မိမိတို့ ဆောင်ရွက်နေသည်များကို ရှင်းလင်းကြောင်း၊ အကြံဉာဏ်များလည်း ယူကြောင်း၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေး၊ သဟဇာတဖြစ်ရေးအတွက်   ပြည်သူများနှင့် ပူးပေါင်း၍ လက်တွေ့ကျကျ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
-
ဆက်လက်၍   အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးတွင် လတ်တလော အချက်အလက်များအရ လူ ၃ဝဝဝ ခန့်ရှိကြောင်း၊   ၎င်းတို့နှင့်စပ်လျဉ်း၍ ပြီးခဲ့သည့်သြဂုတ်လက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး  နေပြည်တော်သို့ လာသည့် အချိန်တွင် နှစ်နိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးကြောင်း၊  လတ်တလောတွင်  ICRC  နှင့်ပူးပေါင်းပြီး လူသားချင်းစာနာမှု အကူအညီပေးရန် စတင်ဆွေးနွေးနေကြောင်း၊ စက်တင်ဘာလအတွင်း ICRC  ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့က နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများထံ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ဒီဇင်ဘာလအတွင်း ထပ်မံသွားရောက်မည်ဖြစ်ကြောင်း၊ မိမိတို့ Physical Arrangement  ထဲတွင်လည်း နယ်နိမိတ်မျဉ်းအနီး နေထိုင်သူများကို ဦးစားပေးပြီးပြန်ပို့ရန် ဖော်ပြထားကြောင်း၊တစ်ချိန်တည်းမှာပင် လူသားချင်းစာနာမှု အကူအညီပေးရန် ICRC နှင့် မိမိတို့ လုပ်ဆောင်နေပြီဖြစ်ကြောင်း။
-
အကြမ်းဖက်သမားများ ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့စာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြောင်း၊လတ်တလော အနေအထားတွင် ပြည်ထဲရေး ဝန်ကြီးဌာန အချင်းချင်းလည်း ယခုကိစ္စကို ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
-
ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အကြမ်းဖက်သမား ၆၅ ဦး ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့နှင့် ပတ်သက်၍ စိစစ်ရန်အတွက် သက်ဆိုင်ရာ သတင်းတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့တို့ကို တာဝန်ချထားပြီးဖြစ်ကြောင်း၊ ရောက်ရှိလာပါကလည်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
-
ပြန်လည် ဝင်ရောက်လာမည့်သူများအား လက်ခံရန်မည်မျှကြာမည်၊ ပြန်လည်ဝင်ရောက် လာနိုင်ရေးအတွက် ပြင်ဆင်ထားသည့် ကိစ္စရပ်များကို တစ်ဖက်မှ  မည်မျှအထိ သိရှိထားသည်ဆိုသည့်  မေးခွန်းများနှင့် စပ်လျဉ်း၍  အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မိမိကိုယ်တိုင် တစ်ဖက်နိုင်ငံသို့   သွားရောက်ခဲ့ရာတွင် အဓိကကျေးရွာအုပ်စု ကိုယ်စားလှယ်များနှင့် တွေ့ခဲ့ရကြောင်း၊ ထို့ပြင် ကြားစခန်း၌ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ဗီနိုင်းစာရွက်များဖြင့် အသေးစိတ် ရှင်းပြခွင့်ရခဲ့ကြောင်း၊ အဓိကပေးချင်သည့် အရာမှာ  ၎င်းတို့ဘာသာစကားနှင့် ရေးထားသည့် အကြောင်းအရာဖြစ်ကြောင်း၊ ၎င်းတို့ နားလည်နိုင်မည့် အထောက်အထား အနေဖြင့် ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားသည်။
-
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လူဦးရေ ၂၂၆ဝ ကို တစ်ရက်လျှင် ၁၅ဝ နှုန်း လက်ခံမည်ဖြစ်ကြောင်း၊ အကြမ်းဖျင်းတွက်ပါက ၁၅ ရက်ကျော် ကြာမည်ဖြစ်ကြောင်း၊   စိုးရိမ်မှုများ လျော့ကျရန်  နိုင်ငံတကာ ပါဝင်မှုသည်   အရေးကြီးကြောင်း၊ UNDP ၊  UNHCR၊  လဝက နှင့်  MoU  ထိုးထားကြောင်း၊ သင့်တော်သည့် အချိန်တွင် ၎င်းတို့ဝင်လာမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် ဝေဖန်မှုများ လျော့ကျမည်ဟု ခန့်မှန်းကြောင်း ရှင်းလင်းဖြေကြားသည်။
-
တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက မိမိတို့မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများသည် ကူတူပါလောင်စခန်းသို့ ရောက်ရှိ သွားချိန်တွင် မိမိတို့နှင့် တွေ့ဆုံရန် ယင်းစခန်းတွင် ရှိနေသူများက အားတက်သရော လိုလားမှုကိုပြသခဲ့ကြောင်း၊ ဟိန္ဒူအသိုက်အဝန်းနှင့် မိမိတို့တွေ့ဆုံခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက် ခြမ်းတွင် လက်ရှိနေထိုင်လျက် ရှိကြသော ဟိန္ဒူလူမျိုး ၄၃၈ ဦးရှိကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံသို့ပြန်လာရန် အလွန်စိတ်အား ထက်သန်မှုကိုပြသခဲ့ကြောင်း၊ ယင်းစခန်းတွင် ရှိနေသူများက  ၎င်းတို့နေထိုင်စားသောက်ရပုံ၊ ပညာရေး၊ ကျန်းမာရေး စသည့် အကြောင်းကိစ္စရပ်များကို ပြောဆိုခဲ့ကြပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် လွန်စွာပင် ဆန္ဒရှိနေကြကြောင်း၊ မိမိတို့နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံ သဘောတူညီချက်အရ  ၎င်းတို့အနေဖြင့် ၎င်းတို့၏ ဆန္ဒနှင့်အညီ ပြန်လာနိုင်စေရေးအတွက် ကူညီမည်ဖြစ်ကြောင်း၊ မိမိတို့ကလည်း ၎င်းတို့ဂုဏ်သိက္ခာ ရှိရှိဖြင့်ပြန်လာခြင်းကို လက်ခံကြိုဆိုမည်ဖြစ်ကြောင်း၊ UNDP နှင့် UNHCR  တို့သည် ဌာနေသို့ပြန်လည် ဝင်ရောက်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ပေါင်းစည်းရေး အဆင့်သုံးဆင့်တွင် ပါဝင်ကူညီကြလိမ့်မည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
-
တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်မည့် သူများအားနေ့စဉ် လက်ခံနိုင်မည့် အခြေအနေနှင့် စုစုပေါင်းကြာမြင့်မည့် အချိန်ကာလနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တစ်ရက်လျှင် လူ ၁၅ဝ ဖြင့် ၁၄/၁၅ ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ ဆက်လက် လက်ခံရေးအတွက် အင်အားစာရင်း ၂ဝဝဝဝ  ကျော်အား ဆက်လက် ပေးပို့ထားကြောင်း၊ ယခုလုပ်ငန်းစဉ်အား စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
-
NVC  ကတ်ကိုင်ဆောင်ထားသူသည် မည်သည့်နေရာအထိ သွား၍ရမလဲ၊ နိုင်ငံသားကတ် မီးလောင်သွားပါက မည်သို့ဆောင်ရွက်ပေးမလဲ စသည့်မေးခွန်းများ နှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်က နိုင်ငံသားဖြစ်ပြီးသားသူများ  အိမ်မီးလောင်သွားပါက ၎င်းတို့အတွက်  မိမိတို့ထံတွင် မှတ်တမ်းများ ရှိကြောင်း၊ နိုင်ငံသားဖြစ်ပြီးသူများ နိုင်ငံသား ဆုံးရှုံးသည်မှာ မရှိကြောင်း၊ နိုင်ငံသားဖြစ်ပြီးကြောင်း မှတ်တမ်းအထောက်အထားများ ခိုင်လုံသူကို နိုင်ငံသားဆက်လက်ပေးသွားမည်ဖြစ်ကြောင်း၊ NVC ကတ်ကိုင်ဆောင်သည့် အပိုင်းတွင် NVC ကတ်မှာ မြို့နယ် အတွင်းလွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း၊ မြို့နယ်ကျော်၊ ခရိုင်ကျော်၊ ပြည်နယ်ကျော် သွားမည်ဆိုပါက သတ်မှတ်ပုံစံ လျှောက်ထားပြီးသွားရမည်ဖြစ်ကြောင်း၊ NVC ကတ်တွင် ရိုဟင်ဂျာဆိုသည့်  အသုံးနှုန်းမပါကြောင်း၊ ထည့်သွင်း ဖော်ပြရန်လည်း  မလိုအပ်ကြောင်း ဖြေကြားသည်။
-
တစ်ဖက်နိုင်ငံမှ  ပြန်လည် ဝင်ရောက်လာမည့်သူများအား နိုင်ငံသား ပေးနိုင်မည့် အခြေအနေနှင့် စပ်လျဉ်း၍ နိုင်ငံတော် အတိုင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မိမိတို့အနေဖြင့် နိုင်ငံသား ဥပဒေနှင့်အညီ ပေးမည်ဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေနှင့်အညီ ပေးမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် မူလကကြာမြင့်သော်လည်း ယခုမြန်ဆန်အောင်    စီမံဆောင်ရွက်ထားကြောင်း၊   ဥပမာအားဖြင့်   မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် ကော်မတီများမှ ဆောင်ရွက်ပြီး ပြည်ထောင်စုအဆင့်တွင် ဝန်ကြီးများ Board ထိုင်ရကြောင်း၊ ယင်းလုပ်ငန်းစဉ် အဆင့်ဆင့်မြန်ဆန်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ NVC ကတ်ရရှိသူ များကိုလည်း NVCအခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
-
သတင်းရယူရေးကိစ္စနှင့်  စပ်လျဉ်း၍ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် စတင်သည်နှင့်  ပြန်ကြားရေး ဝန်ကြီးဌာနမှ စီမံပြီး မီဒီယာများအား   သတင်းပေးမည်ဖြစ်ကြောင်း၊ မည်သို့စိစစ်၍ မည်သို့လက်ခံသည်ဆိုသည့် လုပ်ငန်းစဉ်ကို ရရှိနိုင်ရေးအတွက်   မိမိတို့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
-
ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများ၏ စိုးရိမ်ပူပန်မှုကိုမည်သို့  ညှိနှိုင်းဆောင်ရွက်မလဲ ဆိုသည့်ကိစ္စနှင့် စပ်လျဉ်း၍   ပြည်ထောင်စုဝန်ကြီးလည်း   လွှတ်တော်တွင် သုံးကြိမ် ရှင်းလင်းပြီးဖြစ်ကြောင်း၊   သွားရောက်သည့် အခါတိုင်းတွင်လည်း လူမှုအဖွဲ့အစည်းများနှင့် တွေ့ကြောင်း၊ ထို့ပြင်  နေပြည်တော်တွင်လည်း အောက်ခြေမှ ခေါင်းဆောင်များနှင့် တွေ့ဆုံကြောင်း၊  CSO အဖွဲ့ခေါင်းဆောင်များကိုလည်း ခေါ်ယူတွေ့ဆုံပြီး ရှင်းလင်းပြောကြား ခဲ့သည်များ ရှိကြောင်း၊   ထို့ပြင် ပါတီခေါင်းဆောင်များကိုလည်း မကြာခဏ တွေ့ဆုံ၍ ရှင်းလင်းပြောကြားသည့်အပြင် ဆရာတော်ကြီးများကိုလည်း  လျှောက်ထားခြင်းများ ရှိခဲ့ကြောင်း၊  နိုင်ငံရေး အင်အားစုများကိုလည်း အလွတ်သဘောနှင့်   တရားဝင်တွေ့ဆုံပြီး ရှင်းလင်းပြောကြားခြင်းများ ရှိကြောင်း။
-
အထူးသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့်  Diversity Managementတွင် နှစ်ဖက်အဖွဲ့အစည်းများ  ပါဝင်ကြောင်း၊ လုပ်ဆောင်နေသည့် ကိစ္စရပ်များစွာ ရှိကြောင်း၊ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများနှင့် မြို၊ သက်၊ ခမီစသည့် အဖွဲ့ခေါင်းဆောင်များကိုလည်း အလွတ်သဘောတွေ့ဆုံကြောင်း၊ နေရာချထားခြင်းနှင့်ပတ်သက်၍  ၎င်းတို့အား ဆွေးနွေးပြီး ပွင့်ပွင့်လင်းလင်း ပြောထားကြောင်း၊ အထူးသဖြင့် အဆိုပါကိစ္စရပ်များအား အဆင်ပြေပြေ ကိုင်တွယ်နိုင်ခြင်း မရှိပါက မည်သို့ဖြစ်နိုင်သည်ကို ရှင်းပြထားကြောင်း  ရှင်းလင်းဖြေကြားသည်။
-
ပြန်လည်ဝင်ရောက်လာမည့် သူများ၏ အရေအတွက်၊ ပြန်လည်နေရာ ချထားရေး နှင့်စပ်လျဉ်း၍ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မိမိတို့နှစ်နိုင်ငံ အကြား  တွေ့ကြုံရသမျှ ပြဿနာတိုင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံတာဝန်ရှိသူများ အကြား ပုံမှန်တွေ့ဆုံကာ ညှိနှိုင်းဖြေရှင်း သွားကြမည်သာဖြစ်ကြောင်း၊ ပူးတွဲလုပ်ငန်း အဖွဲ့ဟုခေါ်ဆိုသောအဖွဲ့က ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အောက်ခြေအဆင့်တွင်  မိမိတို့ နှစ်နိုင်ငံအကြား လုပ်ငန်းအဆင့်တိုင်း အတွက် ညှိနှိုင်းဆွေးနွေးမှုများ ရှိကြောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့များမှာလည်း ပုံမှန်တွေ့ဆုံဆွေးနွေးမှုများရှိကြောင်း၊ နယ်စပ်ဖြတ်ကျော် ပြဿနာများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းလျက်ရှိကြကြောင်း။
-
နိုင်ငံခြားရေး အတွင်းဝန်အဆင့်တွင် မိမိတို့သည်  ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်  ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း၊ ဌာနေပြန်ပို့ရေး ကိစ္စနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသမျှ ပြဿနာတိုင်းကို ဌာနနှစ်ခုအကြား သံတမန်ရေးနည်း လမ်းမှတစ်ဆင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း။
-
မြန်မာနိုင်ငံသို့   ပြန်လာမည့်ဦးရေမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပေါ် တည်မှီနေကြောင်း၊ ကနဦးစာရင်းအရ  လူပေါင်း  ၈ဝ၃၂  ဦး ပြန်လာမည်ဟု သိရှိခဲ့ကြောင်း၊ ၎င်းတို့အနက် ၂၂၆ဝ ဦးမှာ ပထမအသုတ်အဖြစ် ပြန်လာမည့်သူများ ဖြစ်ကြကြောင်း၊ လောလောဆယ်တွင် ပြန်လာသူများအား ကျေးရွာအုပ်စု ၄၂ ခုတွင် ပြန်လည်နေရာချထားပေးရန် စီစဉ်ထားကြောင်း။
-
မိမိဆန္ဒနှင့်အညီ ပြန်လိုလျှင်ပြန်နိုင်သည်ဟု ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်နှင့် မိမိအနေဖြင့် စခန်းအထိ သွားရောက်၍ ရှင်းလင်းပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊  ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ခွင့် ရှိကြောင်း၊  မြန်မာနိုင်ငံ အစိုးရအနေဖြင့် UNDP၊ UNHCR နှင့်ပါ ပူးပေါင်းလက်တွဲ လုပ်ကိုင်နေပြီး   နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ကြောင်း ဖြေကြားသည်။
-
-
ပြန်လည်ဝင်ရောက်လာမည့်သူများ၏ အရေအတွက် စာရင်းကွဲလွဲမှုနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က စာရင်းကွဲလွဲမှုတွင် တစ်ဖက်နိုင်ငံမှပေးလာသည့် စာရင်းထဲ၌ အမည်ထပ်နေသည်များ ပါဝင်ကြောင်း၊ အမည်ထပ်နေသည်များကို ပြန်လည်စစ်ဆေးရာတွင်ပြည်နယ်အစိုးရ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့မှ စိစစ်လိုက်သည့်အတွက် လျော့သွားခြင်း ဖြစ်ကြောင်း၊  စုစုပေါင်း ၂၂၅၁ ဦးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
-
ဆက်လက်၍   ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အကြမ်းဖက်သမား ၅၁ ဦး၏ အမည်စာရင်းအား   ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးထားကြောင်း၊  လုပ်ထုံးလုပ်နည်းအရ အကြမ်းဖက်သမားများကို ဥပဒေအရ လွှဲပြောင်းပေး ရမည်ဖြစ်ကြောင်း၊ ယင်းသည် လုပ်ထုံးလုပ်နည်းအသစ်ဖြစ်ကြောင်း၊ အကယ်၍ ပြန်လည်ဝင်ရောက်လာသည့် အုပ်စုများတွင် ပါဝင်လာပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်းဖြေကြားသည်။
-
-
NVCကတ်တွင်  လူမျိုးအမည်အား မည်ကဲ့သို့ဖော်ပြမည်ဆိုသည့်  မေးခွန်းနှင့် စပ်လျဉ်း၍   ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်က NVC ကတ်တွင် ရိုဟင်ဂျာ၊ ဘင်္ဂါလီဟု ဖော်ပြမည် မဟုတ်ကြောင်း၊  နိုင်ငံသား ဆက်လျှောက် ထားရာတွင်လည်း   ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဆိုပြီး ၃ မျိုးရှိကြောင်း၊ ယင်းအမျိုးအစားအလိုက် ကိုက်ညီသည့်   အထောက်အထားရှိသူကို  ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်သူများ အားလုံးကိုစမတ်ကတ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ကိုစီမံချက် ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ လူတစ်ဦးကို နံပါတ်တစ်ခုပေးပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းနံပါတ် သည်  လူတစ်ဦး၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့် ကဏ္ဍပေါင်းစုံအတွက် နှင့် e- government ကို အထောက်အကူပြုသည့်   နံပါတ်တစ်ခု ဖြစ်သွားမည်ဖြစ်ကြောင်း၊ e- government ကိုအထောက်အကူပြုသည့် စမတ်ကတ်ကို အသုံးပြုပြီး နိုင်ငံသားစနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိလည်း ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။
-
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကယင်းကို ၂ဝ၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လူတစ်ယောက်လျှင် One Identity ဖြစ်ပြီး  စမတ်ကတ်ဖြစ်သွားမည်ဖြစ်ကြောင်း၊   ယခုကဲ့သို့ ခေါက်ချိုး မဟုတ်တော့ဘဲ ယင်းတွင် နိုင်ငံသား၊ အမည်၊ မွေးသက္ကရာဇ်နှင့် ၎င်း၏ ID နံပါတ်ပါမည်ဖြစ်ကြောင်း၊ အသေးစိတ် အချက်အလက်များ မပါဝင်တော့သည့်အတွက် လူမျိုးအငြင်းပွားစရာ မရှိတော့ကြောင်း  ရှင်းလင်းဖြေကြားသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...