Social Icons

Pages

Friday, November 16, 2018

စပါးဈေး ကျဆင်းနေ၍ တောင်သူများ အခက် အခဲဖြစ်နေ


-
ညောင်လေးပင် နိုဝင်ဘာ ၁၅ 
-
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ မိုးစပါးရိတ်သိမ်းကာ ပြန်ရောင်းချိန်တွင်အခြေခံစပါးဈေး စပါးတင်း ၁ဝဝ လျှင် ငွေကျပ်ငါးသိန်း ဈေးမရဘဲ အဆိုပါဈေးထက် လျော့နည်းစွာရောင်းချနေရသဖြင့် အခက်အခဲ ဖြစ်နေကြောင်း တောင်သူများထံမှ သိရသည်။
-
ညောင်လေးပင်မြို့နယ်၌ ဗျော့ထွန်း၊ သုခထွန်း၊ မနောသုခ၊ ထိုင်းမော်စသည်ဖြင့်စိုက်ပျိုးကြပြီး ဗျော့ထွန်းနှင့် သုခထွန်း စပါး မျိုးများသာအများဆုံးစိုက်ပျိုးကြသည်။ ယခု နှစ်တွင် ရေကြီးနစ်မြုပ်ခဲ့သော လယ်ယာမြေ များရှိပြီး အဆိုပါ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်နှစ်ခါကုန်ကျကာ စပါးဈေး တင်း ၁ဝဝ လျှင် ငွေကျပ်ငါးသိန်းအောက် လျော့နေသည့်အတွက် အခက်အခဲတွေ့ကြုံ နေရကြောင်း တောင်သူများကဆိုသည်။
-
''ဒီဈေးနဲ့ကျတော့ ထွက်လာတဲ့စပါးပေါ် မူတည်ရင်ကိုက်ညီမှုမရှိဘူး။ အရှုံးဖြစ်နေတာပေါ့။ ဒီနှစ်ကုန်ကျစရိတ်တွေက များတယ်လေ။ မိုးတွင်းကဆိုရေကြီးတယ်။ နောက်တစ်ခါ ပြန်လုပ်ရတယ်။ အဲတော့ ကုန်ကျစရိတ်တွေရှိ တယ်။ ခုနွေရာသီ ကျတော့လည်း ရိတ်ခသိမ်းခ နဲ့ဆိုတော့ ဒီစပါးဈေးနဲ့ဆို ကျွန်တော်တို့အနေနဲ့ လုံးဝမကိုက်ဘူး''ဟု ညောင်လေးပင် မြို့နယ်မှ တောင်သူ ဦးခင်ညိုက ပြောသည်။
-
ဆန်စက်မန်နေဂျာတစ်ဦးဖြစ်သူ ဦးစိုးနိုင် က''အခုနှစ်စပါးပေါ်ချိန်က စပါးဈေးကျနိုင်တယ်။ ဒါပေမဲ့ ဈေးကျရင် လယ်သမားက မရောင်းဘူး။ လယ်သမားမှာလည်း မျက်စိနဲ့ နားနဲ့ရှိတယ်လေ။ ဒီနှစ်အတိုင်းအတာကို ပြန် ခြုံကြည့် ရင် ဒီနှစ်ပျက်စီးဧကတွေ ရှိတယ်။ ဒီဒေသက ငွေအသုံးလိုတဲ့လယ်သမားပဲ ဒီစပါးကို ထုတ်ရောင်းကြမှာ။ ဒီဈေးကို မကြိုက်လို့ ငွေအသုံးမလိုတဲ့သူက ဒီဈေးနဲ့ရောင်းမှာ မဟုတ်ဘူး။ မိုးတွင်းတုန်းက ဒီအတွက်သုံးစွဲ ထားတဲ့ငွေကြေးကို မမီဘူးလေ''ဟုပြောသည်။
-
ယခုနှစ်စပါးပေါ်ရာသီ၌ စပါးဈေးစဖွင့် ဖွင့်ချင်းသည် ညောင်လေးပင်မြို့နယ်၌စပါးတင်း ၁ဝဝ လျှင် ငွေကျပ် ၅၇ဝဝဝဝ၊ ၅၈ဝဝဝဝ ဈေးစဖွင့်ခဲ့ပြီး ယခုအခါ ငွေကျပ် ၄၇ဝဝဝဝ၊ ၄၈ဝဝဝဝ ဈေးသာရှိကြောင်း၊ညောင်လေးပင်မြို့နယ်၌ ယခုနှစ်မိုးရာ သီတွင် ရေကြီးနစ်မြုပ်မှုကြောင့် လယ်ဧက ၄၉၈၄၉ ခန့် ရေကြီးနစ်မြုပ်ခဲ့ပြီး ထိခိုက်၊ ပျက်စီးလယ် ဧကများ အပေါ် ပြန်လည်စိုက်ပျိုး ရသောကြောင့် ကုန်ကျမှုပိုမိုများခဲ့သော တောင်သူများလည်းရှိပြီး နိုင်ငံတော်မှ သတ်မှတ် ထားသည့် အခြေခံ စပါးဈေး ငွေကျပ်ငါးသိန်း ဖြင့်ပင် ရောင်းချ၍မရသဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...