Social Icons

Pages

Friday, November 16, 2018

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်းသည့်  သတင်းစာ ရှင်းလင်းပွဲ ကျင်းပ
-
နေပြည်တော်  နိုဝင်ဘာ  ၁၅
-
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍  သတင်းစာ ရှင်းလင်းပွဲကို ယနေ့ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
-
သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက  ''ယနေ့သတင်းစာ ရှင်းလင်းပွဲ လုပ်ရတဲ့ အကြောင်းက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပြန်လည်လက်ခံရေး လုပ်ငန်း ပထမအဆင့်အနေနဲ့ ဒီနေ့စတင်လက်ခံတဲ့ အကြောင်းအရာ ကိစ္စနဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းပြလိုခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၃ဝ ရက်ကပြုလုပ်ခဲ့တဲ့ တတိယအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့  သွားရောက်ခဲ့ပါတယ်။
-
အဲဒီအစည်းအဝေးမှာ တစ်ဖက်နိုင်ငံရောက် နေရပ်စွန့်ခွာသွားသူများအထဲမှ စိစစ်ထားပြီး ဖြစ်တဲ့မိသားစု ၄၈၅ စုမှ ၂၂၆၁ ဦးကို ပထမ အသုတ်အနေနဲ့ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက် ဒီနေ့မှာ စတင်လက်ခံသွားဖို့ နှစ်ဖက် သဘောတူညီခဲ့ပါတယ်။
-
အဲဒီ ၂၂၆၁ ဦးဟာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလက ဒါကာမြို့မှာကျင်းပခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီးများ အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်ဘက်က လွှဲပြောင်းပေးအပ်ခဲ့တဲ့ လူ ၈ဝ၃၂ ဦးထဲက ပြန်လည်စိစစ် ထားပြီးသူတွေ ဖြစ်ပါတယ်။
-
တတိယအကြိမ် အစည်းအဝေးအပြီးမှာ ပထမအသုတ်   ပြန်လည်လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်လက်ဆွေးနွေး ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ပထမအသုတ်ကို  ရေလမ်းကြောင်းနဲ့  ငါးခူရစခန်းကို လာရောက် မယ်လို့ အကြောင်းကြားခဲ့ပါတယ်။
-
ဒါပေမဲ့ နောက်ပိုင်းမှာ  ကုန်းလမ်းကတစ်ဆင့် တောင်ပြိုလက်ဝဲစခန်းကို လာရောက်မယ်လို့ ထပ်မံအကြောင်းကြား လာခဲ့တဲ့အတွက် ကျွန်တော်တို့ဘက်က   လိုအပ်တဲ့ပြင်ဆင် ဆောင်ရွက်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။
-အားလုံးသိပြီးဖြစ်တဲ့ အတိုင်းပဲ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့  သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အနေနဲ့လည်း ရခိုင်ပြည်နယ်မှာ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့   စခန်းတွေကို သွားရောက် ကြည့်ရှုထားတဲ့ သတင်းအချက်အလက်တွေကို  ဆွေးနွေးပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Physical Arrangements နဲ့အညီစိစစ်ပြီး ၁၁၆၁ ဦးကို ဒီနေ့မနက် ၇ နာရီမှာ စတင်လက်ခံဖို့ အဆင်သင့်ပြင်ဆင် ထားခဲ့ပါတယ်။
-
ယနေ့နံနက်ပိုင်းကစတင်ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းကော်မတီ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊  နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေး လုပ်ငန်းကော်မတီ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ ပြန်လည်လက်ခံရေး အဖွဲ့ဝင်တွေဟာ တောင်ပြိုလက်ဝဲ ချစ်ကြည်ရေး တံတားဂိတ်က အသင့်စောင့်ဆိုင်းနေခဲ့ပါတယ်။   လက်ရှိ အချိန်မှာဆို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဦးသိန်းဆွေ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တို့ကလည်း တာဝန်ရှိသူတွေနဲ့အတူ တောင်ပြိုလက်ဝဲစခန်းသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
-
ဒါပေမဲ့  ဘင်္ဂလားဒေ့ရှ်ဘက်က ယနေ့ဒီအချိန်မှာ  တစ်ဦးတစ်ယောက်မှ စတင် လွှဲပြောင်းခြင်းမရှိတာကို တွေ့ရှိရပါတယ်။ ကျွန်တော့်အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်က Physical Arrangements နဲ့ပတ်သက်ပြီး လိုက်နာဆောင်ရွက်မှုမှာ အားနည်းခဲ့တာကို  သုံးသပ်တွေ့ရှိရပါတယ်။
-
ဘာကြောင့်လဲဆိုတော့ ပထမအကြိမ် ကျွန်တော်တို့ဘက်ကို ပေးအပ်ခဲ့တဲ့ လူ ၈ဝ၃၂ ဦးအနေနဲ့ ပုံစံတွေကို လူပုဂ္ဂိုလ်ကိုယ်တိုင် ဖြည့်စွက်ခဲ့ရတာ မဟုတ်တဲ့အတွက် အခုလို မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။
-
ကျွန်တော့်အနေနဲ့ အောက်တိုဘာ ၃၁ ရက်က ကော့ခ်ဘဇားမှာရှိတဲ့ ကူတူပါလောင်စခန်းမှာ နေရပ်စွန့်ခွာသူ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ဟိန္ဒူဘာသာဝင် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။ လက်ရှိအနေအထားမှာ ဟိန္ဒူဘာသာဝင် ၄၃၈ ဦးရောက်ရှိနေပြီး မြန်မာနိုင်ငံကို အမြန်ဆုံးပြန်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။
-
အဲဒါကြောင့် တစ်ဖက်နိုင်ငံမှာ ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသွားသူတွေကို သုံးသပ်မယ်ဆိုရင် အမျိုးအစား သုံးမျိုးတွေ့ရှိရမှာဖြစ်ပါတယ်။ ပထမအုပ်စုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တတိယနိုင်ငံတစ်ခုခု (ဥပမာအားဖြင့် ကနေဒါ နိုင်ငံ)ကို   သွားရောက်လိုတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီအုပ်စုကတော့ ပြန်လာဖို့စိတ်ဆန္ဒရှိမှာ မဟုတ်ပါဘူး
-
တိယအုပ်စုကတော့ အားလုံးသိပြီးတဲ့ အတိုင်းပဲ ၂ဝ၁၆ ခုနှစ်၊ ၂ဝ၁၇ ခုနှစ် ARSA အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေဖြစ်ပါတယ်။ ရဲစခန်း ၃ဝ နဲ့ တပ်မတော် တပ်ရင်းဌာနချုပ်တစ်ခုတို့ကို ၂ဝ၁၇ ခုနှစ်က တိုက်ခိုက်ခဲ့တဲ့ ARSA အကြမ်းဖက်သမား အများစုဟာ စည်းရုံးသိမ်းသွင်းမှုကြောင့် ပါဝင်ခဲ့တဲ့ ရွာသားတွေပဲဖြစ်ပါတယ်။ ဒီအုပ်စုကလည်း ပြန်လာလိုတဲ့ ဆန္ဒရှိမှာမဟုတ်ပါဘူး။
-
တတိယအုပ်စုက   ရခိုင်ပြည်နယ်မှာ နေအိမ်တွေ၊ ဆွေမျိုးတွေ၊ ကျန်ရစ်နေသူတွေ၊ လယ်ယာနဲ့ ငါးဖမ်းစက်လှေပိုင်ဆိုင်သူတွေ၊ စီးပွားရေးလုပ်ငန်းရှိတဲ့သူတွေ ဒီလိုပုဂ္ဂိုလ်တွေပြန်လာလိုတဲ့ ဆန္ဒရှိကြသူတွေဖြစ်ပါတယ်။
-
အဲဒီတော့ တစ်ဖက်နိုင်ငံကို နေရပ်စွန့်ခွာ သွားသူတွေကို ပြန်လည်စေလွှတ်တဲ့နေရာမှာ နေရပ်မပြန်လိုသူတွေကို တွန်းအားပေး စေလွှတ်နေမယ်ဆိုရင်   ပြန်လာမှာမဟုတ်ပါဘူး။ မိမိဆန္ဒအလျောက် ပြန်လာလိုတဲ့သူတွေကို ဦးစားပေးစေလွှတ်မှသာ   ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်က အဆင်ပြေမှာဖြစ်ပါတယ်။
-
ကျွန်တော်တို့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အားလုံးသိရှိတဲ့အတိုင်းပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပြီးခဲ့တဲ့လပိုင်း အတွင်းက နေအိမ်အလုံး ၁၁၁ဝ၊ အိန္ဒိယနိုင်ငံကလည်း နေအိမ် ၂၅ဝ နဲ့ ဂျပန်နိုင်ငံကလည်းအသင့်နေနိုင်တဲ့နေအိမ်တွေ လှူဒါန်းထားပြီး ဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကူအညီပေးသွားဖို့ ပြောကြား ထားတာတွေ ရှိပါတယ်။
-
စင်ကာပူသမ္မတနိုင်ငံမှာ မနေ့ကကျင်းပတဲ့ (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးမှာ မြန်မာနိုင်ငံက အင်ဒိုနီးရှားနိုင်ငံမှာ ရုံးစိုက်တဲ့ AHA Centre နဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့ဖိတ်ကြားခဲ့ပါတယ်။   ကျွန်တော်တို့အနေနဲ့  AHA  Centre  နဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။
-
ါ့အပြင် ကျွန်တော်တို့အနေနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း   နှစ်ခုဖြစ်တဲ့   UNDP ၊  UNHCRတို့နဲ့လည်း ၂ဝ၁၈ ခုနှစ် ဇွန်  ၆  ရက်ကတည်းက  လက်မှတ်ရေးထိုးခဲ့တဲ့ MoU နဲ့အညီ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း    ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ Rapid Needs Assessment နှစ်ကြိမ် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။
-
ကျွန်တော်တို့အနေနဲ့ UNDP ၊ UNHCRတို့နဲ့  Technical  Working  Group အစည်းအဝေးတွေ  ပုံမှန်ထိတွေ့ပြုလုပ်ပြီး ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်ရှင်းလင်းရတဲ့ အချက်က ခုနက ကျွန်တော်ရှင်းလင်း ပြောကြားခဲ့သလိုဒီနေ့မနက်စတင်ရမယ့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် ပြည်ထောင်စုဝန်ကြီးတွေ၊ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူတွေ အားလုံးဟာ တောင်ပြိုလက်ဝဲ စခန်းမှာ ရောက်ရှိနေကြပြီဖြစ်ပါတယ်။
-
ကျွန်တော်တို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ Arrangementနဲ့အညီ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကိုပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြန်လည်လက်ခံတဲ့နေရာမှာ oluntary, Safe and Dignified Repatriation ဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
-
ကျွန်တော့်အနေနဲ့    ပြောကြားလိုတာကတော့ UNHCR အနေနဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို   ပံ့ပိုးကူညီတဲ့နေရာမှာ    အမှန်တကယ်ပြန်လိုသူတွေကို ဟန့်တားတဲ့ပုံစံမျိုး မဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ဒီလောက်ပဲ သတင်းစာ ရှင်းလင်းပွဲမှာပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်'' ဟု ပြောကြားသည်။
-
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာသူများ၏ နောက်ဆုံးအခြေအနေနှင့် ပြန်လည်ဝင်ရောက်ရန် ကြန့်ကြာနေမှု အပါအဝင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။
-
ယနေ့ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ   တက်ရောက်ကြသည်။
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...