-
မြန်မာ့ရေမြေသဘာဝသည် အလှအပများစွာ စီခြယ်ထားသော သဘာဝပန်းချီကား တစ်ချပ်နှင့်တူပြီး စိတ်ဝင်စားစရာများစွာ အဖိုးတန်ရတနာများစွာ တည်ရှိနေသော နေရာများပင်ဖြစ်သည်။ သဘာဝအတိုင်း ဖြစ်ပေါ်နေသော လိုဏ်ဂူများသည်ပင် စိတ်ဝင်စားဖွယ်ရာဖြစ်နေသည်။ ထိုအထဲတွင် မန္တလေးမြို့အနီးရှိ ရေတံခွန်တောင်ပေါ်မှ တစ်ဆင့် သွားရသည့် ဟင်္သာဂူမှာ စိတ်ဝင်စားဖွယ်ရာ ကောင်းသော နေရာတစ်ခုအဖြစ် တည်ရှိသည်။
-
ရေတံခွန်တောင်မှာ အမည်အသီးသီးရှိ တောင်များဖြင့်ဝန်းရံနေပြီး တောင်ပေါ် စတင်တက်သည်နှင့်မျောက်များ သဘာဝအတိုင်း ကျင်လည် ကျက်စားနေသည်ကို မြင်တွေ့နိုင်သည်။ ရေတံခွန်တောင်ပေါ်အထိ ကား၊ ဆိုင်ကယ်များ သွားလာနိုင်ပြီး ဟင်္သာဂူ သွားရာလမ်းမှာမူ တောင်တက်လမ်း အဆင့်သာရှိ၍ ဟင်္သာဂူသွားရန် လမ်းနှစ်သွယ် တည်ရှိကာ အများစုမှာ ဆိုင်ကယ်ကို အနီးအနားဆိုင် တစ်ဆိုင်၌ထား၍ ခြေကျင်တက်ကြရသည်။
-
ဟင်္သာဂူရောက်သည်နှင့် စေတီငယ်များအား ကြည်ညိုစွာ ဖူးမြော်နိုင်ပြီး စေတီငယ်များကို ကျော်လွန်သည်နှင့် ထူးခြားသော အဓိဋ္ဌာန်ဂူသို့ အလင်းဝင်ရာ လိုဏ်ဂူပေါက်ကို တွေ့ရှိရသည်။ အလင်းဝင်လိုဏ်ဂူပေါက်ကို ကျော်လွန်ပါက စေတီငယ်တစ်ဆူအား ကြည်ညိုဖွယ်ဖူးမြော်နိုင်ပြီး ထူးခြားသော ဟင်္သာဂူအတွင်း ဆင်းနိုင်ပြီဖြစ်သည်။ ဟင်္သာဂူကို အပေါ်စီးမှကြည့်လိုက်ပါက ထူးခြားသော သဘာဝ ကျောက်စက်ပန်းဆွဲများမှာ ရွှေဟင်္သာမောင်နှံပုံ ဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။ ဟင်္သာမောင်နှံ နှုတ်သီးမှ သဘာဝကျောက်စက်ရေများ တစက်စက်ကျနေသည်ကို ထူးခြားစွာ မြင်တွေ့နိုင်ပြီး နှစ်ကာလကြာရှည်စွာ ဖြစ်ပေါ်လာခြင်း၊ ကျောက်စက်ရေကျခြင်းနှင့် အတူ ရေညှိတက်နေသည့် အတွက် ဟင်္သာဦးခေါင်းတို့မှာ အမွေးအတောင်များဖြင့် တည်ရှိနေသကဲ့သို့ မြင်တွေ့နိုင်သည်။
-
ဟင်္သာဂူအတွင်းဆင်းရန် သဘာဝကြိုးလှေကား တပ်ဆင်ပေးထားပြီး အောက်ပိုင်းတွင် ကျယ်ဝန်းသော သဘာဝဂူကို တွေ့မြင်နိုင်ကာ ပေ ၂ဝဝ ကျော်အထိ ကျယ်ပြန့်သည်။ ဟင်္သာဂူကို သဘာဝအတိုင်း အလင်းပေးနေသည့် ဂူပေါက်မှာ ထူးဆန်းစွာ တည်ရှိနေပြီး ဒေသခံများက ရွှေဟင်္သာနှုတ်သီးမှ ကျသော ကျောက်စက်ရေသည် ဆေးဖက်ဝင်သည်ဟု ယုံကြည်ကြသည်။
-
ဟင်္သာဂူမှာ ရှေးယခင်ကတည်းကတည်ရှိပြီး ရသေ့များ တရားကျင့်ရာနေရာဖြစ်သည်။ အလယ်ဂူဆရာတော်ဘုရားကြီး လက်ထက် ၁၉၇၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ပြုပြင်မှုများပြုလုပ်ခဲ့သည်။ ၂ဝ၁၈ ခုနှစ်တွင် စေတီငယ် များ တည်ထားခြင်းများ ပြုလုပ်ပြီး လက်ရှိတွင် ပတ်ဝန်းကျင် သဘာဝရှုခင်းကို ကြည့်ကာ ရွှေဟင်္သာလိုဏ်ဂူကို သွားရောက် လေ့လာနိုင်ပြီဖြစ်သည်။
-
နွေနဒီ၊မြစ်ငယ်
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment