-
ရန်ကုန် နိုဝင်ဘာ ၁၃
-
စီးပွားရေးနယ်ပယ် အသီးသီး၌ ဦးဆောင်လုပ်ကိုင်လျက်ရှိသည့် အမျိုးသမီးများက ၎င်းတို့ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံ၊ ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာ ခေါင်းဆောင်မှုစွမ်းရည် မြှင့်တင်ပေးနိုင်မည့် ဆွေးနွေးဖလှယ်ပွဲ တစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း ယနေ့တွင် ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ကျင်းပသည့် အဆိုပါသတင်းစာရှင်းလင်းပွဲ အခမ်းအနားမှ သိရသည်။
-
''ဒီဆွေးနွေးပွဲမှာ ဒီနေ့ခေတ် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းမှာ အမျိုးသမီးခေါင်းဆောင် တစ်ယောက်ဖြစ်လာတဲ့အပေါ် ရှုထောင့်မျိုးစုံကနေ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဦးဆောင်ဦးရွက် ပြုနိုင်ပြီး စီးပွားရေး လုပ်ငန်းတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးတည်ဆောက်နိုင်တဲ့ အပြင် အမျိုးသမီး လူငယ်ခေါင်းဆောင် များစွာကိုလည်း မွေးထုတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်''ဟု AustCham Myanmar အမှုဆောင် အရာရှိချုပ် Jodi Weedon ကပြောသည်။
-
ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ဆွေးနွေးဖလှယ်ပွဲကို AustCham Myanmar မှ အမျိုးသမီးများနှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ယင်းအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံးနှင့် IFC ၊ Cardno ၊ Wave Money ရွှေတောင်လုပ်ငန်းစုနှင့် Marga Landmark တို့မှလည်း ပါဝင်ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
-
ယင်းဆွေးနွေးဖလှယ်ပွဲသို့ တက်ရောက်လိုသူများ အနေဖြင့် https://myanpwel.com/ event/detail/1534/women-in-business-leadership-development တွင် ကြိုတင် စာရင်းသွင်းကာ လက်မှတ်များ ရယူနိုင်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment