-
နေပြည်တော် နိုဝင်ဘာ ၂၆
-
စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် စာသင်တိုက်များမှ သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင် သီလရှင်များ၊ မင်းကွန်းဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများ၊ မင်းကွန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဘိုးဘွားရိပ်သာရှိ ရာပြည့်ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေးအသိ ပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။
-
ဦးစွာ ဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့် သာသနာ့အနွယ်ဝင်သီလရှင် ၁၁ဝ ပါး၊ အဘိုးအဘွား ၇၉ ဦးနှင့် ဒေသခံပြည်သူ ၂၄ဝ ဦးတို့ကို အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူခုနစ်ဦးအား မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ထို့နောက် ဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ခြင်နှင့်ယင်အန္တရာယ်ကင်းဝေးစေရန် ဘိုးဘွားရိပ်သာအတွင်း ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး အဘိုးအဘွားများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment