Social Icons

Pages

Tuesday, November 27, 2018

ရွှေနှင့်ဆက်စပ်ပစ္စည်း တင်သွင်းတင်ပို့သည့် ONE STOP SERVICE CENTER ဖွင့်လှစ်ပြီး နှစ်လ ကြာမြင့်သော်လည်း တင်ပို့နိုင်ခြင်းမရှိသေး

ရွှေနှင့်ဆက်စပ်ပစ္စည်း တင်သွင်းတင်ပို့သည့် One Stop Service Center ဖွင့်လှစ်ပြီး နှစ်လ ကြာမြင့်သော်လည်း တင်ပို့နိုင်ခြင်းမရှိသေး
-
ရန်ကုန် နိုဝင်ဘာ ၂၆ 
-
ပြည်ပနိုင်ငံများသို့ ရွှေထည်များနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့၊ တင်သွင်းနိုင်ရန် စက်တင်ဘာလက ရန်ကုန်မြို့၌ တစ်နေရာတည်း ဝန်ဆောင်မှုလုပ်ငန်းစင်တာ (One Stop Service Center-OSSC)ကို ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ပြည်ပနိုင်ငံများသို့ တင်ပို့ နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် ထံမှ သိရသည်။
-
မြန်မာနိုင်ငံမှ ရွှေထည်ပစ္စည်းများ အပါအဝင် ရွှေဖြင့်ပြုလုပ်သော အသုံးအဆောင် ပစ္စည်းများ ကို ပြည်ပနိုင်ငံများသို့ တင်ပို့၊ တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် One Stop Service Centre ကို စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ခဲ့သည်။
-
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရွှေထည်ပစ္စည်းများ တင်ပို့ရာတွင် ကုန်သွယ်လုပ်ငန်း ခွန်ကင်း လွတ်ခွင့်ရရှိသော်လည်း ကျောက်မျက်ရတနာများ ပါရှိပါက အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။
-
ထို့ပြင် ပြည်ပနိုင်ငံများသို့ ရွှေထည်များနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့ ၊ တင်သွင်းရာ တွင် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံမည့်အစား နှစ်ကုန်မှ ကောက်ခံနိုင်ရန် တင်ပြ ထားရာ လတ်တလောတွင် အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။
-
''ရွှေထည်ပစ္စည်းတွေ အပါအဝင် ရွှေနဲ့လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ အရောင်း အဝယ်မရှိသေးဘူး။ တင်ပို့ရာမှာ အခွန်တွေများနေတယ်။ အခွန် ၂ ရာခိုင်နှုန်း ကောက်ခံမယ့် ကိစ္စကို တင်ပြထားပေမယ့် အကြောင်းမပြန်သေးဘူး'' ဟု ဦးမျိုးမြင့် ကပြောသည်။
-
ပြည်ပနိုင်ငံများသို့ ရွှေတင်သွင်း၊ တင်ပို့သည့် လုပ်ငန်းရှင်များအနေဖြင့် အမြတ်မရှိသေးသဖြင့် ကြိုတင်အခွန်ငွေ ပေးဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ ကိန်းဂဏန်းအတိအကျ၊ အမည်၊ မှတ်ပုံတင်များရှိနေ၍ ပို့ကုန်၊ သွင်းကုန်လုပ်ဆောင်နေသူများအနေဖြင့် အမြတ်ခွန်ကို ကြိုတင် ပေးသွင်းခြင်း မပြုနိုင်ကြောင်းနှင့် သွင်းကုန်တင်ပို့ခြင်းအတွက်သာ အဆင်ပြေနိုင်မည်ဖြစ် ကြောင်း သိရသည်။
-
အဆိုပါစင်တာကို ရွှေနှင့်ကျောက်မျက် ရတနာဈေးကွက် အကောင်အထည် ဖော်ဆောင်ရွက် ရေးကော်မတီ၊ နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကာ ဘဏ္ဍာနှစ်တစ်နှစ်တွင် တင်ပို့မှုအခြေအနေများကို တစ်နှစ်တာ၏ ရွှေထွက်ရှိမှု ပေါ်မူတည်၍ လွတ်လပ်သည့် တတိယ အဖွဲ့အစည်းဖြစ်သော ရွှေနှင့်ကျောက်မျက် ရတနာဈေးကွက် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီမှ ချမှတ်သည့် မူဝါဒအတိုင်းဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...