Social Icons

Pages

Monday, October 15, 2018

မြိုင်ကြီးငူ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မြဝတီမြို့သို့ ရောက်ရှိ ၊ ခေတ္တအပူဇော်ခံပြီး မြိုင်ကြီးငူသို့ ဆက်လက်ပင့်ဆောင်သွားမည်

မြိုင်ကြီးငူ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မြဝတီမြို့သို့ ရောက်ရှိ ၊ ခေတ္တအပူဇော်ခံပြီး မြိုင်ကြီးငူသို့ ဆက်လက်ပင့်ဆောင်သွားမည်
မြဝတီ   အောက်တိုဘာ  ၁၄
-
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Bumrungrad International ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် မြိုင်ကြီးငူ ဆရာတော်ကြီးသည် အောက်တိုဘာ ၁၃ ရက် ညပိုင်း ထိုင်းစံတော်ချိန် ၉ နာရီ ၁၂ မိနစ် မြန်မာစံတော်ချိန် ၈ နာရီ ၄၂ မိနစ်တွင် ပျံလွန်တော်မူခဲ့သည့် အတွက် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ထိုင်းနိုင်ငံမှ  ပြန်လည်ပင့်ဆောင်လာခဲ့ရာ ယနေ့နံနက် ၁၁ နာရီတွင်  မြန်မာ-ထိုင်း   အမှတ်(၁)ချစ်ကြည်ရေး တံတားမှတစ်ဆင့် မြဝတီမြို့သို့ ရောက်ရှိကြောင်း သိရသည်။
-
ထိုသို့ရောက်ရှိလာသည့် ရုပ်ကလာပ်တော်အား  ဆရာတော် သံဃာတော်များ၊ ကရင်ပြည်နယ် မွန်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းနှင့် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် တာဝန်ရှိသူများက လာရောက် ပင့်ဆောင်ပူဇော်ကြပြီး ဆရာတော်၏ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ပြည်သူအများအပြားလည်း လာရောက်ဖူးမြော် ကြည်ညိုကြသည်။
-
ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို သင်္ဃန်းညီနောင်ကျေးရွာရှိ ဗုဒ္ဓသုခကျောင်းတွင် ခေတ္တအပူဇော်ခံမည်ဖြစ်ပြီး မြိုင်ကြီးငူ ဒေသသို့ ဆက်လက်ပင့်ဆောင် သွားမည်ဖြစ်သည်။
-
မြိုင်ကြီးငူဆရာတော်၏ ဘွဲ့တော်မှာ ဘဒ္ဒန္တသုဇနဖြစ်ပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နို့ထရွာဇာတိဖြစ်ကာ စကောကရင် လူမျိုးဖြစ်သည်။
-
ပျံလွန်တော်မူချိန်တွင် သက်တော် ၇၁ နှစ် သိက္ခာတော် ၅၂ ဝါရှိပြီး ကရင်ပြည်နယ် အတွင်း၌ ငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အပြင် သာသနာပြု လုပ်ငန်းများ အများအပြား လုပ်ကိုင်ခဲ့သည့်အတွက် ဆရာတော်ကြီးမှာ အနယ်နယ် အရပ်ရပ်ရှိ ဒါယကာ၊ ဒါယိကာမ အများအပြား၏ ကြည်ညိုခြင်း ခံရသည့် ဆရာတော်တစ်ပါးလည်း ဖြစ်ကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...