Social Icons

Pages

Wednesday, September 19, 2018

ဟုတ်ဟုတ် မဟုတ်ဟုတ် ပြော


ဆောင်းပါး ၁၉-၉-၂၀၁၈

ကျွန်ုပ်တို့၏ မြန်မာနိုင်ငံတော်ကြီးအား အခြားအခြားသော နိုင်ငံများက ရွှေနိုင်ငံဟု တင်စားခေါ်ဝေါ်နေကြသည်မှာ အများသူငါ အသိပင်ဖြစ်သည်။

နိုင်ငံ၏သမိုင်းကြောင်းသည်လည်း အခိုင်အမာရှိသည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အပေါင်းတို့သည်လည်း ရင်းနှီးချစ်ကြည်စွာ အတူတကွ နေထိုင်လျက်ရှိနေကြသည်။ တူညီသောသဒ္ဓါတရားတို့ဖြင့် ဗြောသံ၊စည်သံ၊ နှဲသံမြိုင်မြိုင်အလှူပွဲများကို တစ်နှစ်ပတ်လုံး ကြည်နူးချမ်းမြေ့ဖွယ် ကျင်းပကြသည်။ ဘုရားပွဲ၊ သင်္ကြန်ပွဲ၊ ညောင်ရေသွန်းပွဲ၊ စာပြန်ပွဲ၊ စာရေးတံမဲပွဲ၊ သီတင်းကျွတ် မီးထွန်းပွဲ၊ ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲ၊ ထမနဲထိုးပြိုင်ပွဲ စသည့်ကုသိုလ်ပြု လှူဒါန်းပွဲများသည် မြန်မာ့မြေပေါ်တွင် မည်သည့်အခါမျှ ရိုးအီမသွားဘဲ နှစ်စဉ်သက်ဝင် လှုပ်ရှား ဆန်းသစ်ချိုလွင်နေကြသည်။

ဤကဲ့သို့သော ရေမြေသဘာဝ အလှတရားများဖြင့် သာယာတင့်တယ် ရှုချင်စဖွယ်ဖြစ်နေသော မြန်မာနိုင်ငံအား နိုင်ငံခြားသား ကမ္ဘာ့လှည့် ခရီးသွားများ စွဲမက်နှစ်သက်နေကြသည်မှာ အဆန်းဟုပင် မဆိုချင်တော့ပေ။

အိမ်သာ၍ဧည့်လာခြင်းဖြစ်သည်။ ထိုကဲ့သို့သော ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံအားစိတ်ဝင်စားမှုရှိလာစေရန် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို စတင်ရန်စီစဉ်ခဲ့ပြီး ၁၉၉၆ ခုနှစ်ကို မြန်မာ့ခရီးသွားနှစ်အဖြစ် သတ်မှတ်ခဲ့သည်။

ဤလုပ်ငန်းမှနေ၍ နိုင်ငံခြားဝင်ငွေရရှိပြီး တိုင်းပြည်၏ စီးပွားရေးကိုလည်း အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အောင်မြင်မှု အသီးအပွင့်များ ဝေဆာနိုင်ရန်အတွက် အဓိကကျသော အချက်များမှာ ကမ္ဘာ့အဆင့်မီ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း၊ ငွေလဲဌာန၊ ဘဏ်၊ မြန်မာ့ခရီးသွား လုပ်ငန်းဌာန၊ နိုင်ငံတွင်းဝင်ပေါက်၊ ထွက်ပေါက်များ၊ အဆင်ပြေချောမွေ့သော လမ်းပန်းဆက်သွယ်ရေးများ၊ သယ်ယူပို့ဆောင်ရေး အစီအမံများ၊ လုံခြုံရေး အစီအမံများ၊ အပန်းဖြေစခန်းများ၊ ရိုးရာယဉ်ကျေးမှုနှင့် ဆိုင်သော ဧည့်ခံဖျော်ဖြေမှုများ၊ ဆွဲဆောင်မှု အားကောင်းသော အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ ကျွမ်းကျင်၍စေတနာမှန်သော ဝန်ဆောင်မှုပေးသူများ၊ တစ်ခေါက်ရောက်ပြီးလျှင် အလည်လာရ ကျိုးနပ်သည်၊ နောက်တစ်ခေါက် ပြန်လာမည်ဟုဖြစ် သွားသည်အထိ ရိုးရာအစားအသောက်များဖြင့် ကျွေးမွေးပြုစုခြင်းများ၊ ကမ္ဘာအနှံ့ ပေါက်ရောက်သည့် ဆွဲဆောင်လှုံ့ဆော်မှုများ စဉ်ဆက်မပြတ် ပြုလုပ်ခြင်းများ စသည်တို့သည် အထူးလိုအပ်လှသည်။

အထက်ပါ အချက်များအားလုံးနှင့် ပတ်သက်ဆက်နွှယ်နေသည့် အခြားသော အချက်တစ်ချက်မှာ ဘာသာစကား ကျွမ်းကျင်မှုဖြစ်သည်။ ဘာသာစကား များစွာရှိသည့်အနက် အင်္ဂလိပ်ဘာသာစကားသည် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကြီး အောင်မြင်မှုအတွက် အခရာအကျဆုံးဟု ဆိုချင်ပါသည်။ ဤကဲ့သို့သော အခရာကျသည့် ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနိုင်ဆိုနိုင်သူများ ရှိကြသကဲ့သို့ ဤဘာသာစကားနှင့် ရင်းနှီး ကျွမ်းဝင်မှုကာလ ကြာညောင်းလာပြီဖြစ်သော်လည်း မပြောရဲမဆိုရဲသေးသူများ ဒုနဲ့ဒေး ရှိနေကြသေးသည်မှာ အမှန်ပင်ဖြစ်သည်။ ရှုံးကွက်အနေဖြင့် နိုင်ငံခြားသား တစ်ယောက်ယောက်နှင့် ပြောဆိုဆက်သွယ်လိုလျှင် ကြားခံလူကို ခေါ်နေရခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် စကားပြန်ပေးမည့်သူကိုအားကိုးနေရခြင်းဖြစ်သည်။ တစ်ခုစဉ်းစားရမည်မှာ ထိုစကားပြန်ပေးမည့်သူသည် မည်မျှအားကိုးထိုက်ပါသနည်း။ဘာသာစကား ကျွမ်းကျင်မှုအဆင့် မည်မျှရှိပါသနည်း။ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအား ဘာသာပြန်ခိုင်းရန်အတွက် ယုံကြည်ထိုက်ပါသလား။ ထိုသူအတွက် ကုန်ကျစရိတ်ကို တာရှည်တောင့်ခံ သုံးစွဲနိုင်ပါမည်လား စသည့် အရေးပါသော အချက်များကို ထည့်သွင်းစဉ်းစား ရမည်ဖြစ်သည်။ အကောင်းဆုံးသည် မိမိကိုယ်တိုင် တတ်ကျွမ်းနားလည်မှု ပိုင်ဆိုင်ထားရန် လိုအပ်သည်သာ ဖြစ်သည်။

ဤတွင် ဆင်ခြေပေး စောဒကတက်ရန် အကြောင်းများစွာ ရှိလာပြန်ပါသည်။ 'ကျွန်တော်က အတန်းပညာနည်းလို့ ဖြစ်ပါ့မလား'၊ 'ကျွန်မက လူလယ်ကောင်မှာ အင်္ဂလိပ်လို ပြောရမှာ ရှက်တယ်'၊ 'ငြိမ်နေတာ အကောင်းပြောလိုက်မှ မှားသွားရင်ဒုက္ခ' စသည်ဖြင့် အကြောင်းပြချက် အမျိုးမျိုး ရှိလာနိုင်ပါသည်။

အမှန်တကယ်တွင် အင်္ဂလိပ်လိုရေးတတ်၊ ပြောတတ်ရန်အတွက် တတ်မြောက်လိုစိတ်နှင့် သင်ယူလေ့ကျင့်မှုတို့သည်သာ အရေးအကြီးဆုံးဖြစ်သည်။ အင်္ဂလိပ်လက်ထက်ကို မီခဲ့ကြသော အဘိုးအဘွားအချို့ အတန်းပညာ မရှိဘဲ အင်္ဂလိပ်လို ချောချောမွတ်မွတ် ပြောဆိုတတ်ကြသည်ကိုလည်း တွေ့ဖူးပါသည်။

နောက်ထပ် အားနည်းချက်တစ်ခုမှာ ကျွန်ုပ်တို့၏ မြန်မာ့ လူ့အသိုင်းအဝိုင်းဖြစ်သည်။

အများစုသည် လူလယ်ကောင်တွင် တစ်ယောက်ယောက် အင်္ဂလိပ်လိုပြောနေလျှင် 'အဲဒီဘူးယိုကတစ်မျိုး၊ ဗမာတောမှာ အင်္ဂလိပ်လို ကြောင်တောင်တောင်နဲ့ လာမှုတ်နေတယ်၊

လူအထင်ကြီးအောင် လုပ်နေတယ်။ မှန်တာလည်း မဟုတ်ဘူး'စသည်ဖြင့် ကဲ့ရဲ့နေတတ်ကြသည်။ 'ဒီလူ...ကြည့်စမ်း...အင်္ဂလိပ်လိုပြောတာ ကောင်းလိုက်တာ။ တော်လိုက်တာ။ ဘယ်လိုလေ့လာတာလဲ မသိဘူး။ မေးကြည့်ဦးမှ' ဆိုသည့် လူသည် မရှိသလောက်။ 'သူ အင်္ဂလိပ်လို ဘာတွေပြောနေတာလဲလို့ နားလည်အောင် ကြိုးစားကြည့်ဦးမယ်' ဆိုသည့်လူသည် ခပ်ရှားရှား။

ဤနေရာတွင် ကိုယ်တွေ့အဖြစ်အပျက်လေး တစ်ခုကို သတိရ၍ တင်ပြချင်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ညီမဖြစ်သူအား အင်္ဂလိပ်လို အမြဲပြောလေ့ရှိသည်။ ညီမဖြစ်သူ၏ နားထောင်မှုစွမ်းရည်ကို မြှင့်တင်ပေးလိုသည့် ရည်ရွယ်ချက်ဖြစ်သည်။ တစ်ခါတွင် သန်လျင်-ရန်ကုန် လိုင်းကားစီးရင်း မောင်နှမနှစ်ယောက် အင်္ဂလိပ်လို ပြောဖြစ်ကြသည်။ ထိုအချိန်တွင် လွယ်အိတ်လွယ်ပြီး လက်တွင် ထမင်းချိုင့် ကိုင်ထားသူ တစ်ယောက်က-

'လူလယ်ကောင်မှာ အခြားသူ နားမလည်တဲ့ ဘာသာစကားနဲ့ပြောနေတာ ခင်ဗျားတို့ အောက်တန်း တော်တော်ကျတာပဲ'

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းသည် ဤသို့ရှိသည်။ ဤသို့သော အခြေအနေမျိုးကို ဂရုပြုနေလျှင် မိမိတို့ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ နှောင့်နှေး ဆုံးရှုံးသွားရမည်သာ ဖြစ်သည်။ ဘာသာစကားပြောမည်ဆိုလျှင်၊ အထူးသဖြင့် အင်္ဂလိပ်လို ပြောမည်ဆိုလျှင် မည်သူ့ကိုမျှကြောက်နေစရာမလို၊ ရှက်နေစရာမလိုဟု ထင်မြင်မိသည်။ အင်္ဂလိပ်စာတွင် အဆိုတစ်ခုရှိသည်။ '' Learn English with exposureဖြစ်သည်။ အဓိပ္ပာယ်မှာ 'အင်္ဂလိပ်စာကို အရှက်မရှိ သင်ယူပါ' ဟု ဆိုလိုသည်။

ဤကိစ္စနှင့်စပ်လျဉ်း၍ တပည့်ကျောင်းသားအချို့၏ အကြောင်းကို တင်ပြလိုပါသည်။

ပထမတစ်ယောက်၏ အမည်မှာ အောင်သူဟိန်း ဖြစ်သည်။ သူသည် သင်္ဘောသားဖြစ်သည်။ သင်္ဘောတက်ပြီး တစ်ခေါက်ပြန်လာတိုင်း ကျွန်ုပ်အား လာရောက်နှုတ်ဆက်လေ့ရှိသည်။

'သားလေး...ဒီတစ်ခေါက် သင်္ဘောတက်ရတာ အဆင်ပြေခဲ့ရဲ့လား'

'အလုပ်ကတော့ အဆင်ပြေပါတယ်ဆရာ။ မပြေတာက လုပ်ဖော်ကိုင်ဖက်တွေပါ' 'ဟုတ်လား...သူတို့က ဘာပြောလို့လဲ' 'ရာထူးအတူတူချင်းကို သူတို့က ဆရာ အရမ်းလုပ်တယ်' 'ဘယ်လိုလုပ်တာလဲ'

'တစ်ခုခုဆိုရင် ခြေထောက်နဲ့ပြတယ်ဆရာ။ သူတို့က ရုပ်ရှင်ထဲမှာသာ ချစ်စရာ။ အပြင်မှာ အရိုင်းတုံးတွေ။ ကြာလာတော့ သားလည်း မခံနိုင်တော့လို့ အင်္ဂလိပ်လိုပြောလိုက်တယ်'

'ဟုတ်လား...ဘယ်လိုပြောလိုက်တာလဲ' '' This is not your heat ' လို့ ပြောလိုက်တယ်ဆရာ'

'ဆိုလိုချင်တာက...' 'ဒါ မင်းအပူမဟုတ်ဘူးလို့ ဆိုလိုချင်တာပါဆရာ'

'သားလေး...ပြောရဲဆိုရဲတဲ့ သတ္တိကို ချီးကျူးတယ်။ အင်္ဂလိပ်စာမှာ အဲဒါ အရေးကြီးဆုံးပဲ။ ဟုတ်ဟုတ်မဟုတ်ဟုတ်.. ပြောရဲရမယ်။ ဒါမှ တတ်သိနားလည်တဲ့လူက ကြားသွားပြီး အမှန်ကိုပြင်ပေးလိမ့်မယ်။ အဲဒါဆို သားလေး နောင်တစ်သက်လုံး အဲဒီအမှားနဲ့ ပတ်သက်ပြီး ထပ်မမှားတော့ဘူး။ အခု ဒီဝါကျနဲ့ ပတ်သက်လို့ သားလေးက ဗမာလိုတွေးပြီး ဗမာလိုပြန်လိုက်တာ။ မှတ်ထားနော်...ဝါကျအမှန်က ''It's not your concern 'လို့ ပြောရတယ်'

'ဟုတ်...မှတ်ထားပါ့မယ်ဆရာ'

ဒုတိယ ကျောင်းသူလေးတစ်ယောက်၏ အမည်မှာ ဝါဝါဖြစ်သည်။ သူသည် ကျောင်းပြီးခါစဖြစ်၍ အလုပ်ရှာနေသူဖြစ်သည်။ တစ်နေ့တွင် စာသင်နေရင်း...

'ဆရာ...စကားပြောချည်းပဲ နေ့တိုင်းလေ့ကျင့်နေရတာ ပျင်းတယ်။ အရေးလေး ဘာလေး လုပ်ပေးပါလား'

'အေး...ကောင်းတယ် သမီးလေး။ သမီးလေး ဘာအကြောင်းရေးချင်လဲ'

'ဆရာ ရှေ့ကပြောတာကို သမီး နောက်ကနေ ဘာသာလိုက်ပြန်ပြီးချရေးမယ်'

'အဲဒါဆို...ကျွန်မတို့၏တက္ကသိုလ် ဝင်းထဲတွင် အရိပ်ရ အပင်များစွာရှိပါသည်'

ဝါဝါတစ်ယောက် ကျွန်ုပ်ဗမာလိုရွတ်ပြလိုက်သောဝါကျကို သေချာနားထောင်သည်။ ပြီးလျှင် အင်္ဂလိပ်လို ဘာသာပြန်ပြီး လာပြသည်။

''There are many trees in our university stomach့''

'မှန်လားဆရာ'

'မမှန်ဘူး သမီးလေး။ ဒါပေမဲ့...မှန်မှန် မမှန်မှန် ချရေးရဲတဲ့ သမီးလေးရဲ့သတ္တိကိုတော့ ချီးကျူးတယ်။ အင်္ဂလိပ်စာမှာ အဲဒါလည်း အရေးကြီးတယ်။ ဟုတ်ဟုတ်... မဟုတ်ဟုတ်...ပြောရဲ၊ ရေးရဲရမယ်။ အခု အဲဒီဝါကျနဲ့ ပတ်သက်လို့ သမီးလေးက မြန်မာစကားလုံး အသံထွက်တူတာကို သတိမထားမိဘဲ ဘာသာပြန်ချလိုက်တာ။ မှတ်ထားနော်...ဝါကျအမှန်က ''There are many shady trees in our university compound'' လို့ ရေးရတယ်'

'ဟုတ်...မှတ်ထားပါ့မယ်ဆရာ'

တတိယ ကျောင်းသားလေး၏ အမည်မှာ မောင်သူရဖြစ်သည်။ တစ်နေ့တွင် စာသင်နေရင်း...

'သားလေး...ဒီနေ့ နားထောင်မှု စွမ်းရည်အတွက် လေ့ကျင့်ကြမယ်။ သေသေချာချာ နားထောင်နော်။ပြီးရင် ဘာကြားလိုက်လဲဆိုတာကို ဘာသာပြန်ပေး။ သားလေး ဘာသာပြန်တာ မှားသွားရင် ပြင်ပေးမယ်'

အင်္ဂလိပ်စကားပြော သင်ခန်းစာတစ်ခုကို ဖွင့်ပြလိုက်သည်။

'At first, my mum didn't like my dad because he had long hair'

မောင်သူရ တစ်ယောက် အာရုံစိုက်ပြီး နားထောင်နေသည်။

'ရလား။ သူ ဘာပြောသွားတယ်ဆိုတာကို လိုက်နားထောင်လို့မီလား'

'ဟုတ်ကဲ့...မီပါတယ်ဆရာ'

'တော်လိုက်တာ...ပြောပါဦး။ သူ ဘာပြောသွားတာလဲ'

'အစပထမမှာတော့ ကျွန်တော့်အမေက ကျွန်တော့်အဖေကို မကြိုက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့မှာ အမွေးတွေရှည်နေလို့'

'မမှန်ဘူး သားလေး။ ဒါပေမဲ့ မှန်မှန်...မမှန်မှန် ဘာသာပြန်ရဲတဲ့ သားလေးရဲ့သတ္တိကိုတော့ ချီးကျူးတယ်။ အင်္ဂလိပ်စာမှာ အဲဒါအရေးကြီးဆုံးပဲ။ တစ်ခါတလေမှာ အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကိုပြန်ဆိုတဲ့အခါမှာ မူရင်းအဓိပ္ပာယ် အတိုင်းမဟုတ်ဘဲ အခြေအနေနဲ့ အလျဉ်းသင့်သလိုလေး ဘာသာပြန်ပေးရတာရှိတယ်။ အခု ဒီဝါကျနဲ့ပတ်သက်လို့ သားလေးက နားလည်သလို တိုက်ရိုက်ကြီး ပြန်ချလိုက်တာ။ မှတ်ထားနော်...အဓိပ္ပာယ်

အမှန်က 'အစပထမမှာတော့ ကျွန်တော့်အမေက ကျွန်တော့်အဖေကို မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ဆံပင်တွေ ရှည်နေလို့'လို့ ဘာသာပြန်ရတယ်'

'ဟုတ်ကဲ့...မှတ်ထားပါ့မယ်ဆရာ'

တစ်ခါတွင် ကျောင်းသားလေး တစ်ယောက်သည် သူ၏ဦးလေးတော်စပ်သူ နိုင်ငံခြားသားတစ်ယောက်အား ဟိုတယ်တစ်ခု၌ သွားကြို၏။ ဦးလေးဖြစ်သူသည် ဗမာစကားကို 'မင်္ဂလာပါ'မှလွဲ၍ အခြားစကားလုံး များကိုလုံးဝမပြောတတ်။ ဟိုတယ်သို့ရောက်သောအခါ ဧည့်ကြိုဌာနသို့သွားပြီး သူဧည့်ကြိုဌာနတွင် ရောက်ရှိနေပြီဖြစ်ကြောင်း ဦးလေးဖြစ်သူထံ ဖုန်းဖြင့်အကြောင်းကြားလိုက်လေသည်။

''ံHello! Uncle Robert! I'm undergound.''

''OK! OK! I'm coming down''

ဦးလေးဖြစ်သူ ရောက်ရှိလာသောအခါ ဦးလေးသွားချင်သည့် ဘိုးဘွားရိပ်သာသို့ ကားမောင်းပြီး လိုက်ပို့ပေးမည်ကို ဤသို့ ပြောလိုက်သေးသည်။

''Uncle! We go to grandfather and grandmother house ''

ညနေခင်းတစ်ခုတွင်ဖြစ်သည်။ သန်လျင်-ရန်ကုန် လိုင်းကားပေါ်၌ နိုင်ငံခြားသား စုံတွဲတစ်တွဲ လိုက်ပါလာသည်။ အမျိုးသားဖြစ်သူက စပယ်ယာအား...

''Sule, please''

ကားစပယ်ယာ ခေါင်းညိတ်ပြသည်။

ဆူးလေကားဂိတ်သို့ ရောက်သောအခါ ထိုစပယ်ယာက နိုင်ငံခြားသား စုံတွဲအား...

''Sule! Sit down''

ဤကဲ့သို့သော အခြေအနေများကို ကြည့်လိုက်ပါက ဘာမှမပြောတာထက်စာလျှင် အဆင်ပြေသလိုလေး ပြောနိုင်၊ ဆက်သွယ်နိုင်သည့်အတွက် အတိုင်းအတာတစ်ခုအထိ အလုပ်ပြီးမြောက် သွားသည်ကိုတွေ့ရမည်ဖြစ်သည်။

အထက်ပါဥပမာများအတိုင်း အင်္ဂလိပ်လိုပြောမည့်သူ၊ ရေးမည့်သူများသည် ရှက်စရာ၊

ကြောက်စရာမလိုဘဲ မိမိတို့ရေးချင်၊ ပြောချင်သည်များကို ဟုတ်ဟုတ်...မဟုတ်ဟုတ်...ရဲရဲတင်းတင်း ပြောသင့်သည်၊ ရေးသင့်သည်။ သို့မှသာ တတ်သိနားလည်သူများက အမှန်ကိုပြင်ပေးပါလိမ့်မည်။ အလေ့အကျင့်နှင့်အတူ အတွေ့အကြုံ များသည်လည်း ပြောတတ်၊ ရေးတတ်ရန် လေ့လာအားစိုက်သူများအား ကူညီလမ်းပြဖေးမကြပါလိမ့်မည်။

ထို့ပြင် မိမိတို့သည် အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့သူများ မဟုတ်ကြသည့်အတွက် အင်္ဂလိပ်စာ လေ့လာသင်ယူစဉ်တွင် အမှားနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ ထိုကြုံတွေ့ရသောအမှားများမှ သင်ခန်းစာ ယူတတ်ရမည်ဖြစ်သည်။

ဘေးဝန်းကျင်မှ လူများသည်လည်း တစ်ယောက်ယောက် မိမိတို့၏ ဘေးနီးဝန်းကျင်တွင် အင်္ဂလိပ်လို လာပြောနေလျှင် ရှုတ်ချကဲ့ရဲ့ခြင်း မပြုကြဘဲ အားပေးကူညီဖေးမသင့်ပါသည်။ ဤသို့အားဖြင့် အင်္ဂလိပ်လို လေ့လာသူ၊ ပြောသူ၊ ရေးသူများကို အားပေးရာရောက်သကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံ့ကောင်းကျိုးကိုပါ သယ်ပိုးရာလည်း ရောက်သည်ဟု ထင်မြင်မိပါသည်။ ။

ကြင်လှိုင်မြင့်

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...