Social Icons

Pages

Tuesday, September 25, 2018

ကံမမြို့နယ်တွင် အထောက်အထားမဲ့ကျောက်စရစ်တင် ရေယာဉ်လေးစီး ဖမ်းဆီးရမိ



ကံမ ၂၅-၉-၂ဝ၁၈

မကွေးတိုင်း ဒေသကြီး ကံမမြို့နယ် ဧရာဝတီမြစ် စစ္စရံကျေးရွာ အနီးတွင် အထောက်အထား မပြနိုင်သော ကျောက်စရစ်တင် ရေယာဉ်လေးစီး ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူ ထားကြောင်း ကံမမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ သိရသည်။

ကံမမြို့နယ် ဧရာဝတီမြစ် စစ္စရံကျေးရွာအနီးတွင် စက်တင်ဘာ ၂၁ ရက် ညပိုင်းက တွဲရေယာဉ်များ ဖြတ်သန်းမောင်းနှင် လာကြောင်း သတင်းအရ ကံမမြို့နယ် ရဲတပ်ဖွဲ့မြို့နယ်အဆင့် ထွေအုပ်များ၊ စစ္စရံ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များက သွားရောက်စစ်ဆေးခဲ့ရာ ခွင့်ပြုမိန့် စာရွက်စာတမ်း တစ်စုံတစ်ရာမပါရှိဘဲ ကျောက်စရစ်များ သယ်ဆောင်လာခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တွဲရေယာဉ်များသည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဇလုံကျေးရွာမှ ကျောက်စရစ်များ တင်ဆောင်လာကာ မကွေးတိုင်းဒေသကြီး ကံမမြို့နယ် စစ္စရံကျေးရွာ အနီးမြစ်ကမ်းတွင် လာရောက် ဆိုက်ကပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါကျောက်စရစ်များကို ရန်ကုန်သို့ပို့ဆောင်မည် ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ကံမမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးဌာန ဒုတိယဦးစီးမှူး ဒေါ်စုလဲ့မိုး ကတရားလိုပြုကာ ရေယာဉ်လေးစီး အတွက် တစ်စီးကိုတစ်မှုစီဖြင့် ကံမမြို့မရဲစခန်းက (ပ) ၅၈၊ ၅၉၊ ၆ဝ၊၆၁/၂ဝ၁၈ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၉အရ အမှုဖွင့် အရေးယူကာ စုံစမ်းစစ်ဆေးမှု များပြုလုပ် လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...