Social Icons

Pages

Monday, September 10, 2018

ရိဒ်ရေကန်ဘေး လယ်မြေများတွင် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများနှင့် ပေါင်းသတ်ဆေးများမသုံးစွဲရန် တားမြစ်ထား



ဖလမ်း ၁ဝ-၉-၂ဝ၁၈

ချင်းပြည်နယ် ဖလမ်းခရိုင် ဖလမ်းမြို့နယ်အတွင်း ရိခေါဒါရ် မြို့အနီးရှိ ပြည်နယ်၏ အမှတ်တရ နေရာတစ်ခုဖြစ်သည့် အသည်းနှလုံးပုံသဏ္ဋာန် ရိဒ်ရေကန်ဝန်းကျင် ချောင်းမြောင်းများအတွင်း မိုးစပါးများ စိုက်ပျိုးနေပြီဖြစ်၍ ရေပျော်သားငါးများပျက်စီး ပျောက်ကွယ် မည့်ဘေးမှ ကြိုတင်ကာကွယ်သည့် အနေဖြင့် လယ်မြေများတွင် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများနှင့် ပေါင်းသတ်ဆေးများ အသုံးပြုစိုက်ပျိုးခြင်း လုံးဝမပြုလုပ်ရန် တားမြစ်ထားကြောင်း ရိခေါဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ရေအိုင်ဘေးပတ်လည်တွင် မိုးကာလဆိုပါက မိုးရေဖြင့် စပါးစိုက်ပျိုးကြပြီး ရိဒ်ရေအိုင် ဘေးပတ်လည်ရှိ တောင်တန်းများမှ မိုးရေများသည် စပါးစိုက်လယ်များကို ဖြတ်သန်းကာ ရိဒ်ရေအိုင်အတွင်း စီးဝင်သည့်အတွက် လယ်များအတွင်း ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများနှင့် ပေါင်းသတ်ဆေးများ အသုံးပြုပါက ရိဒ်ရေအိုင်အတွင်းရှိ ရေနေသတ္တဝါများကို ထိခိုက်နိုင်သည့်အတွက် သဘာဝဂေဟစနစ် ထိန်းသိမ်းနိုင်ရေး ယခုနှစ်မှ စတင်ကာ ဓာတုဆေးဝါး ပါဝင်သည့် ပစ္စည်းများအသုံးပြု၍ စိုက်ပျိုးမှု မပြုလုပ်ရန် အသိပညာပေးတားမြစ်ထား ခြင်းဖြစ်ကြောင်း ရိခေါဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလန်ခေါထန်က ပြောကြားသည်။

"သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ရိဒ်ရေအိုင်မှာ ကျက်စားနေတဲ့ ရေနေသားငါးသတ္တဝါတွေ အန္တရာယ်မဖြစ်ဖို့ ထိန်းသိမ်းလိုတဲ့အတွက် အခုလိုမျိုး တားမြစ်ထားတာပါ။ ဓာတ်မြေသြဇာသုံးပြီး မစိုက်ကြဖို့ကိုလဲ အချင်းချင်း နှိုးဆော်ထားပါတယ်။ သဘာဝ မြေသြဇာဖြစ်တဲ့ သဘာဝမြေဆွေး၊ နွားချေးတို့နဲ့ စိုက်ပျိုးဖို့ကိုလဲ စိုက်ပျိုးရေးဦးစီး ဌာနကနေ လာရောက်အသိပညာပေး စည်းရုံးမှုတွေလဲ လုပ်ထားပါတယ်"ဟု ရိခေါဒါရ်မြို့မှ စပါးစိုက်တောင်သူများက ပြောပြ၍ သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...