Social Icons

Pages

Monday, September 10, 2018

ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရေး ဆင်စခန်းများတိုးချဲ့ဖွင့်လှစ်ရန် အစီအစဉ်ရှိ



မန္တလေး ၁ဝ-၉-၂ဝ၁၈

ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ အတွင်း၌ ဆင်စခန်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း တောရိုင်းတိရစ္ဆာန် လေ့လာစောင့်ကြည့်ရေးအဖွဲ့ (WCS) မန္တလေးမှ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးထံမှ သိရသည်။

သစ်ထုတ်လုပ်သည့် လုပ်ငန်းများတွင် အသုံးပြုခဲ့သည့် ဆင်များကို လုပ်ငန်းတွင် အသုံးမပြုတော့ဘဲ ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရန်နှင့် ဝင်ငွေတိုးတက် စေရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ သဘာဝရေမြေ အနေအထားနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် ဒေသများတွင် ဆင်စခန်းများ တိုးချဲ့ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

"ဆင်စခန်းတွေကို မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တောတောင်ရေမြေ ကောင်းတဲ့နေရာနဲ့ ဆင်တွေအတွက် အစားအသောက်ပေါများတဲ့ ဒေသတွေမှာ ဆင်စခန်းတွေ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမှာပါ။ လောလောဆယ် ဘယ်ဒေသတွေမှာ ဖွင့်လှစ်မယ်ဆိုတာ မသိသေးပါဘူး။ ကွင်းဆင်းလေ့လာမှု ပြုလုပ်နေတုန်းပဲ ရှိပါတယ်"ဟု ၎င်းက ပြောပြသည်။

မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုကို ၇၅ ရာခိုင်နှုန်းလျှော့ချ လိုက်သည့်အတွက် သစ်ထုတ်လုပ်ရာတွင် ဆင်အားလုံးကို အသုံးမပြုတော့ဘဲ လုပ်ငန်းနှင့်ညီမျှသည့် ဆင်အကောင် အရေအတွက်ကိုသာ အသုံးပြုခြင်းကြောင့် အပိုဝင်ငွေရရှိ စေရန်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဆင်စခန်းများ ဖွင့်လှစ်၍ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

"သစ်ထုတ်လုပ်မှု လျှော့ချလိုက်တော့ သစ်လုပ်ငန်းမှာ ဆင်တွေကို နည်းနည်းပဲ အသုံးပြုတော့တယ်။ ဒါကြောင့် လုပ်ငန်းမှာ အသုံးမပြု တော့တဲ့ဆင်တွေကို ဆင်စခန်းမှာ ပြန်လည်အသုံးချမှာ ဖြစ်ပါတယ်။ပြီးတော့ ဒီဆင်တွေက ဆင်စခန်းမှာ အသုံးမပြုတော့ဘဲ တောထဲ ပြန်လွှတ်ပေးမယ်ဆိုရင် ဆင်တွေက လူနဲ့ယဉ်ပါးနေတာကြောင့် လူရှိတဲ့နေရာတွေ ပြန်လာနိုင်တယ်။ ဆင်ပစ်မုဆိုးတွေရဲ့ အန္တရာယ်လဲရှိတဲ့အတွက် ဆင်စခန်းမှာ အသုံးပြု သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...