Social Icons

Pages

Wednesday, September 12, 2018

သုသာန်အတွင်း လူနှစ်ဦးအား သတ်ခဲ့သူများကို ဖမ်းဆီးရမိ



မန္တလေး ၁၂-၉-၂ဝ၁၈

မန္တလေး အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု ရွှေလွန်းရွာပြင် သုသာန်အတွင်း အမျိုးသား နှစ်ဦးဒဏ်ရာများဖြင့် လဲကျသေဆုံးနေမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ လေးဦးကို စက်တင်ဘာ ၁ဝရက်က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် ကံသာရပ်၊ ဟင်္သာကျေးရွာအုပ်စုမှ ဦးမြင့်စိုးနှင့် ပန်းဘဲမြောက်နေ ဦးရဲမြင့် (ခ) ရဲဝင်းတို့ဖြစ်ပြီး စက်တင်ဘာ ၈ရက် ညပိုင်းက မျက်နှာတွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

"သေဆုံးသူတွေနဲ့ အမြဲအတူအရက်သောက် လေ့ရှိတဲ့သူတွေကို မေးမြန်းခဲ့ရာကနေ ဖော်ထုတ်နိုင်ခဲ့တာပါ။ တရားစွဲတင်ဖို့ အမြန်ဆုံး ဆောင်ရွက်နေပါတယ်"ဟု မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူများနှင့် အရက်သေစာ အမြဲသောက်စားလေ့ရှိသူ စိုင်းဝေကျော် (ခ) ရှမ်းလေးတွင် အပေါ်နှုတ်ခမ်း ဝဲဘက်တွင် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်လက်ဖျံတွင် ဖူးရောင်ဒဏ်ရာ၊ ခြေဖဝါးတွင် သွေးများ ပေနေသည်ကို မသင်္ကာဖွယ်တွေ့ရှိခဲ့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သုသာန်အတွင်း အရက်အတူ သောက်နေစဉ် အရက်မူးလာပြီး တစ်ဖက်နှင့် တစ်ဖက်စကားများကာ ခိုက်ရန်ဖြစ်ပွားပြီး တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ရာမှ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဝိုင်းဝန်းရိုက်နှက်ခဲ့သူ စိုင်းဝေကျော် (ခ) ရှမ်းလေး၊ အောင်နိုင်ဦး၊ ကျော်ဇောဦးနှင့် ညီညီအောင်တို့ကို အမရပူရမြို့မရဲစခန်းက (ပ)၄၃၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...