Social Icons

Pages

Friday, August 17, 2018

ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပစဉ်။

နေပြည်တော် ၁၇-၈-၂ဝ၁၈

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ပညာရေးဝန်ကြီးဌာနမှ ဖိတ်ကြားထားသူများ၊ တပ်မတော် ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တပ်မတော် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ပညာရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းဌေးတို့က အဖွင့်အမှာစကားများ ပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်များအတိုင်း ဆက်လက်ပြုလုပ်ရာ ၂ဝ၁၉ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာရပ်အလိုက် မေးခွန်းပုံစံပြောင်းလဲမှုနှင့် ပတ်သက်၍ အောင်ချက်မြင့်မား စေရေး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ပြည်သူ့နီတိ အလေ့အကျင့်ကောင်းများအား မြင့်မားလာစေရေးနှင့် အခြေခံပညာအဆင့်တွင် အတန်းလိုက် စာတတ်မြောက်မှုမှသည် အောင်မြင်စွာ အတန်းစဉ် ကူးပြောင်းနိုင်ရေး ဆောင်ရွက်ခြင်း၊ ကျောင်းအုပ်ကြီးများ၏ ကျောင်းပိုင်းဆိုင်ရာ အုပ်ချုပ်မှု နည်းလမ်းများအား လျော့နည်းမှုမရှိစေရေး စစ်ဆေးအကဲဖြတ်ခြင်းနှင့် လမ်းညွှန်ပေးခြင်း၊ ကျောင်းဖွံ့ဖြိုး တိုးတက်မှု ရန်ပုံငွေများအား ဘဏ္ဍာဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုနိုင်ရေးအတွက် နည်းလမ်းတကျ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ကိစ္စရပ်များအား တက်ရောက်လာကြသူများက သုံးသပ်ဆွေးနွေးကြသည်။

ယနေ့ပြုလုပ်သည့် ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို တပ်မတော်ပညာရေး ကျောင်းများနှင့် တပ်မတော်အခြေခံပညာ အထက်တန်းကျောင်းများ၏ ပညာရည်မြှင့်တင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...