Social Icons

Pages

Monday, July 9, 2018

ပညာရည်ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို ဘက်စုံထောင့်စုံ မှဆောင်ရွက်နိုင်မှသာ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးသည် ခေတ်နှင့်အမီ၊ ကမ္ဘာနှင့်အညီ အနာဂတ်ကိုလျှောက်လှမ်း နိုင်မည်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သားမိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သားသမီးများနှင့် ဘက်စုံပညာထူးချွန် လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား၌ ဂုဏ်ပြုအမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း (မင်္ဂလာဒုံ) အောင်ဆန်းသူရိယလှသောင်းကျောင်းမှ ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ဗိုလ်မှူးကြီးခင်အောင်ထွန်း၏သား မောင်ချမ်းငြိမ်းကျော်အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂနေ့အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင်နိုင်ငံတော်အဆင့် (ပထမဆု) ရရှိခဲ့သော တပ်ကြပ်ကြီး တင်မင်းခိုင်၏ သမီး မခင်နှင်းအိဖြူအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်စဉ်။


အခမ်းအနားတက်ရောက် လာကြသူများအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံပညာထူးချွန်လူငယ်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၉-၇-၂ဝ၁၈

ပညာရည်ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို ဘက်စုံထောင့်စုံမှ ဆောင်ရွက်နိုင်မှသာ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးသည် ခေတ်နှင့်အမီ၊ ကမ္ဘာနှင့်အညီ အနာဂတ်ကိုလျှောက်လှမ်း နိုင်မည်ဖြစ်ကြောင်း၊ စက်မှုနိုင်ငံ၊ ဖွံ့ဖြိုးပြီးနိုင်ငံများအား ကြည့်လျှင် ပညာတတ်၊ စာတတ်ပုဂ္ဂိုလ်များ ပေါကြွယ်ဝပြီး လေ့လာမှု ပြည့်စုံသည့်အတွက် လုပ်ကိုင်နိုင်မှုစွမ်းရည် မြင့်မားသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ထိုအရာများအား လေ့လာပြီး မိမိတို့နိုင်ငံတိုးတက် အောင်အသိရှိရှိ ဆောင်ရွက်ကြရန် လိုကြောင်း၊ ခေတ်စနစ်များ ပြောင်းလဲလာပြီး ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ယနေ့လူငယ်မောင်မယ်များသည် ရှေးယခင်ကသူများထက် ပိုမိုထက်မြက်လာမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သားမိသားစုဝင်သား သမီးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ ၀င်များ၏ သားသမီးများနှင့် ဘက်စုံပညာထူးချွန် လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား၌ ဂုဏ်ပြု အမှာစကားပြောကြား ရာတွင်ထည့်သွင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပညာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ဆုရစစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ၊ အထူးဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “ပညာမြင့်မှ လူမျိုးတင့်မည်” ဆိုသည့်ဆောင်ပုဒ်သည် မည်သည့်ခေတ်ကာလ အတွက်မဆို အမြဲမှန်ကန်မှုရှိနေမည်ဖြစ်ကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးကို ဆောင်ရွက်ရာတွင်လည်း ပညာရည်မြင့်မားတိုးတက်မှုနှင့်အညီ ရေမြင့်မှကြာတင့် ဆိုသကဲ့ သို့ ဟန်ချက်ညီတိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးသည် သဘာဝ သယံဇာတပေါကြွယ်ဝမှုတစ်ခုတည်းနှင့်မပြည့်စုံနိုင်ဘဲအခြေခံရှိပြီးဖြစ်သည့် သယံဇာတပေါကြွယ်ဝမှု၊ နည်း ပညာမြင့်မားတိုးတက်မှု၊ စည်းကမ်းပြည့်ဝမှုနှင့် တိုးတက်လိုသည့်စိတ်ရှိမှုဆိုသည့် အချက်များရှိရန် လိုအပ် ကြောင်း၊ ထိုအထဲမှ နည်းပညာတိုးတက်မြင့်မားမှုနှင့် စည်းကမ်းပြည့်ဝမှုသည် ပညာရည်မြင့်မားရေးအပေါ်တွင် အဓိကတည်မှီလျက်ရှိကြောင်း၊ ထို့ကြောင့်ခေတ်အဆက်ဆက်နိုင်ငံတော်အစိုးရများ အနေဖြင့် ပညာရေး ကဏ္ဍတိုးတက်အောင် အခြေခံပညာရေး၊ အထက်တန်းပညာရေး၊ အသက်မွေးဝမ်းကြောင်းပညာရေးနှင့် အဆင့်မြင့်ပညာရေးများကို ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံဖြစ်သည့် ပညာရေးကဏ္ဍမြင့်မား တိုးတက်လာစေရေးကိုအားသွန်ခွန်စိုက် ပါဝင်ကြိုးပမ်းလျက်ရှိကြောင်းပြောကြားသည်။

ထို့နောက် ပညာရေးနှင့်ပတ်သက်၍ အယူအဆအမျိုးမျိုး၊ အဓိပ္ပါယ်ဖွင့်ဆိုမှု အမျိုးမျိုးရှိကြကြောင်း၊ ထိုအထဲမှ ရိုးရှင်းပြီး အဓိပ္ပါယ်ပြည့်စုံသည့် ဖွင့်ဆိုချက်တစ်ခုမှာ “ပညာရေးဆိုတာလောကဓံကိုကြုံတွေ့ရသည့်အခါ အောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်စေရန် လိုအပ်သည့် စိတ်နှင့်ရုပ်လက္ခဏာများ တည်ဆောက်ပေးခြင်းပဲဖြစ် တယ်၊ တစ်နည်းအားဖြင့် ပညာတတ်လျှင်ကျန်းမာအောင်နေတတ်လာလိမ့်မယ်၊ ပညာတတ်လျှင် ချမ်းသာ အောင် နေတတ်လာလိမ့်မယ်”ဆိုသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်ပင်ဖြစ်ကြောင်း၊ ယနေ့ မိမိတို့မျှော်မှန်း နေသည့် ကျန်းမာကြံ့ခိုင်သည့်လူမျိုး၊ ဖွံ့ဖြိုးတိုးတက်ချမ်းသာကြွယ်ဝသည့် နိုင်ငံဖြစ်အောင်ကောင်းမွန်သည့် ပညာရေး စနစ်ကသာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ပိုမိုစဉ်းစားတွေးခေါ်နိုင်သော၊ သာလွန်တီထွင်ကြံဆနိုင်သော နိုင်ငံသူ၊ နိုင်ငံသားများဖြစ်စေရန် ပညာရေးဖြင့်သာလေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ၏အမျိုးသားပညာရေးကို တစ်ဦးချင်းအလိုက်၊ အဖွဲ့အစည်းအလိုက် နှစ်နှစ်ကာကာ စိတ်ပါဝင်စားပြီးလက်တွေ့ကျကျလုပ်ကိုင်ကြရန်လိုကြောင်း မှာကြားသည်။

ဆက်လက်ပြီး မိမိတို့တပ်မတော်အနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သည့်နေရာတွင် တပ်အသီးသီး၏ တည်ရှိရာနယ်မြေ၊ စည်းရုံးရေးနယ်မြေများအလိုက် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးခြင်း၊ တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြှင့်တင်ရေးဆောင်ရွက်ပေးခြင်းနှင့် တပ်မ တော်သားများ၏ ပညာရည်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းဆိုသည့် အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်ဌာနချုပ်များတည်ရှိရာနယ်မြေနှင့်ဆက်စပ်နယ်မြေ၊ စည်းရုံးရေး နယ်မြေ များတွင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် တိုက်ရိုက်အကျိုးပြုလုပ်ငန်းများဖြစ်သည့် စာသင်ကျောင်းများ၏ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကိုကူညီဆောင်ရွက်ပေးခြင်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းများကိုကူညီ ဆောင်ရွက်ပေးခြင်းစသည့် အခြေခံကျသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ တပ်မတော်အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်း ၃၂ ကျောင်းတွင်လည်း တပ်မတော် သားမိသားစုဝင်များအပြင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ သားသမီးများကိုပါ တက်ရောက် ပညာသင် ကြားစေလျက်ရှိကြောင်း၊ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွင်း၌ တပ်မတော်အခြေခံပညာကျောင်း ၃၂ ကျောင်းတွင်ပညာသင်ကြားခဲ့သူ စုစုပေါင်း ၄၃၄၆၇ ဦးရှိပြီး ၂၄၅၈၀ ဦးသည်ဒေသခံပြည်သူများ၏ သား သမီးများပင်ဖြစ်ကြောင်း၊ ထို့အတူယခုနှစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင်လည်း တပ်မတော် အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း ၃၂ ကျောင်းတွင် ပညာသင်ကြားနေသူစုစုပေါင်း ၄၁၈၇၃ ဦးရှိပြီး ၂၃၃၈၃ ဦး ၅၅ ဒသမ ၈၄ ရာခိုင်နှုန်းသည် ဒေသခံတိုင်းရင်းသားများ၏ သားသမီးများပင်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်သားမိသားစုဝင်များ၏ပညာရည်မြှင့်တင်ရေးနှင့်ပတ်သက်ပြီး မိသားစုဝင်သားသမီးများ၏ ပညာရည်မြှင့်တင်ရေးနှင့်တပ်မတော်သားများ၏ ဇနီးများ၏ ပညာရည်မြှင့်တင်ရေးဆိုပြီး အပိုင်းနှစ်ပိုင်းခွဲခြား ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သားများ၏အိမ်ထောင်ဖက်ဇနီးများထဲမှ ဝေးလံခေါင်းပါး ပြီးဖွံ့ဖြိုး တိုးတက်မှု နည်းပါးသည့် ဒေသများတွင်နေထိုင်ခဲ့ရသူများသည်အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှင့် ဝေးကွာခဲ့ရကြောင်း၊ ၎င်းတို့၏ပညာရည်မြှင့်တင်ရေးအားတပ်ရင်း၊ တပ်ဖွဲ့ အသီးသီးအလိုက် အ ကျေ အ လွန် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းတို့ကိုနှစ်စဉ်ပြုလုပ်ပေးလျက်ရှိကြောင်း၊ ထို့အပြင် တတ်ပြီးသား၊ သိပြီးသားများမမေ့စေရန်၊ အမြဲထိတွေ့နေစေရန်၊ စာအမြဲဖတ်နေစေရန်ရည်ရွယ်ပြီး တပ်တွင်း မိသားစုဆွေးနွေးပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများနှင့် စကားရည်လုပွဲများကိုလစဉ် ပြုလုပ်ပေးလျက်ရှိသည့် အပြင် တပ်ရင်းစာကြည့်တိုက်များဖွင့်လှစ်ပြီး စာဖတ်နိုင်စေရန် အတွက်စီစဉ်ပေးထားကြောင်း၊ တပ်မတော်သား မိသားစုဝင် သား၊ သမီးများ၏ ပညာရည် မြှင့်တင်ရေးအား ပညာသင်စရိတ်ထောက်ပံ့ပေးခြင်း၊ ကျောင်းအပ်နှံ ပေးခြင်း၊ ကျောင်း သုံး စာရေးကိရိယာမှအစကျောင်းဝတ်စုံအထိ ထောက်ပံ့ပေးခြင်းများကိုတစ်နှစ်လျှင်နှစ် ကြိမ် ပညာသင်နှစ်အစနှင့် ပညာသင်နှစ်အလယ်တို့တွင်တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့တိုင်း က ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပညာသင်နှစ်အဆုံးတွင်စာမေးပွဲများကိုအောင်မြင် စွာဖြေကြားနိုင်စေရန်အတွက် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်း၊ စာမေးပွဲဖြေဆိုနည်း လမ်းညွှန်များကို ကျွမ်းကျင်သူများဖိတ်ခေါ်သင်ပြပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသည့်အကျိုးဆက်များကြောင့် ၂၀၁၇-၂၀၁၈ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မိမိတို့တပ်မတော်သားမိသားစုဝင် သားသမီးများနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများထဲမှ ၆ ဘာသာဂုဏ်ထူးရှင် ၅၀ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၁၁၉ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၅၆ ဦး၊ ဘက်စုံထူးချွန်ကျောင်းသားလူငယ် ၃၄ ဦးနှင့်တက္ကသိုလ်ပညာသင်ဆုရရှိသူ ၈၄ ဦးရှိသည်ကိုတွေ့ရှိရကြောင်း၊ တပ်မတော် အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း တက္ကသိုလ် ၀င်စာမေးပွဲ၌ဂုဏ်ထူးရရှိ သူပေါင်း ၄၇၇ ဦးရှိပြီး ယခင်နှစ်ထက် ၂၀ ဦး ပိုမိုလာသည်ကိုတွေ့ရှိရ ကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းဖြစ်သည့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(မင်္ဂလာဒုံ)သည်လည်း နှစ်စဉ်အောင်ချက် မြင့်မားသည့် အစဉ်အလာကို ဆက်လက် ထိန်းသိမ်းထားပြီး ယခုနှစ်တွင်လည်းအောင်ချက် ၈၈ ဒသမ ၃ ရာခိုင်နှုန်းဖြင့်တစ်နိုင်ငံလုံးအောင်ချက် ဒုတိယဆုရရှိခဲ့သည်ကိုတွေ့ရှိရကြောင်း၊ သို့သော်မိမိတို့တပ်မတော်အခြေခံပညာအထက်တန်းကျောင်း ၂၉ ကျောင်း၏ ပျမ်းမျှအောင်ချက်သည် ၃၁ ဒသမ ၂၇ ရာခိုင်နှုန်းသာရှိခြင်းကြောင့် အောင်ချက် မကောင်း သည့် ကျောင်းများအနေဖြင့် အောင်ချက်ကောင်းအောင်၊ အောင်ချက်ကောင်းသည့် ကျောင်းများအနေဖြင့် ကောင်းမွန် သည့်အစဉ်အလာကိုဆက်လက်ထိန်းသိမ်းနိုင်စေရန် မိမိတို့၏အားနည်းချက်၊ အားသာချက်များကို လက်တွေ့ ကျကျသုံးသပ်ပြီး ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့သည်ဝန်ထမ်းများဖြစ်သည့်အတွက် မိမိတို့ သား၊ သမီးများကိုပညာတတ်များဖြစ်စေရန် ရသည့်လစာဖြင့်အပင်ပန်းခံပြီး ကျောင်းပညာသင်ကြားပေးစေခြင်း ဖြစ်ကြောင်းပြောကြားသည်။

၎င်းနောက် တပ်မတော်သားများ၏ပညာရည်မြှင့်တင်မှုနှင့်ပတ်သက်ပြီး အခြေခံပညာမူလတန်း အောင်မြင်ပြီး သည့်စစ်သည်များကိုအလယ်တန်း၊ အထက်တန်းအဆင့်နှင့် အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရေး အတွက် တပ်မတော်ပညာရေးကျောင်းများက ဆောင်ရွက်ပေးလျက်ရှိပြီး ယခုနှစ် ၂၀၁၈ - ၂၀၁၉ ပညာသင် နှစ်တွင်တပ်မတော် ပညာရေးကျောင်း ၁၂ ကျောင်းတွင်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းကျောင်း များတွင်တက်ရောက်နေသူစစ်သည် ၂၈၀၀ ကျော်ရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ် ၀င်တန်းစာမေးပွဲအောင်မြင်ခဲ့သူ စစ်သည် ၁၀၅ ဦးရှိပြီး ဂုဏ်ထူးရရှိသူ ၂၆ ဦးရှိခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင်ဂုဏ်ထူးရရှိသူ ၂၂ ဦးသာရှိခဲ့ရာမှ ယခုနှစ်တွင် ၄ ဦးတိုးလာသည်ကိုတွေ့ရှိရကြောင်း၊ ယခု ကဲ့သို့တိုးတက်လာ သည့်ရလဒ်များကို တာဝန်ရှိသူများအနေဖြင့်ဆက်လက်ဝိုင်းဝန်းထိန်းသိမ်း သွားရန်လိုအပ် ကြောင်း၊ တပ်မတော်၏ပညာရည်မြှင့်တင်ရေးဆောင်ရွက်မှုအပိုင်း ၃ ပိုင်းလုံးတွင် တာဝန်ရှိသူ အားလုံးပူးပေါင်း ဆောင်ရွက်သွားမှသာတပ်အလိုက်အောင်မြင်မှု၊ တိုင်းစစ်ဌာနချုပ်အလိုက်အောင်မြင်မှု၊ တပ်မတော်တစ်ရပ်လုံး အောင်မြင်မှုမှသည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့်ခေတ်မီတပ်မတော်တစ်ရပ်ကို တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မိမိတို့တပ်မတော်အနေဖြင့် ပညာရည်မြှင့်တင်မှုလုပ်ငန်းများကို သာမက လူငယ်များ၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးစသည့် ရေရှည်အမျိုးသား အကျိုး စီးပွားကိုရည်မှန်းချက်ထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ အားလပ်ရက်ဖြစ်သည့် နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များအတွက်ရေကြောင်းလူငယ်၊ လေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို ၂၀၁၄ ခုနှစ်မှစတင်ပြီးနှစ်စဉ်ဖွင့်လှစ်ခဲ့ သည်မှာ ယခုနှစ်၂၀၁၈ ခုနှစ်အထိဆိုလျှင် လူငယ်ပေါင်း ၄၁၆၆ ဦးအားသင်ကြား လေ့ကျင့်ပေးနိုင်ခဲ့ကြောင်း၊ တပ်ဌာနချုပ်များနှင့်တပ်ရင်း၊ တပ်ဖွဲ့ အလိုက်လည်းအားကစား သင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာစသည်ဖြင့် ဘက်စုံ ပညာရေးကဏ္ဍကိုအထောက်အကူဖြစ်စေမည့် သင်ကြားလေ့ကျင့်မှုများကိုသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရည်မြှင့်တင်ရေးနှင့်ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရှိန် အဟုန်မပျက်ဆက်လက်လည်ပတ်နိုင်ရန်လေ့ကျင့်သင်ကြား ပေးမှုသည်အရေးကြီးသကဲ့သို့ Continuous Self Learning ဟုခေါ်သည့် “စဉ်ဆက်မပြတ် ကိုယ်တိုင်လေ့လာသင်ယူမှု” သည်လည်းအရေးကြီးကြောင်း၊ စဉ်ဆက်မပြတ်ကိုယ်တိုင် လေ့လာသင်ယူနိုင်စေရန် အခြေခံအကျဆုံး Infrastructure မှာ စာကြည့်တိုက် များပင် ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်ရင်း၊ တပ်ဖွဲ့၊ တပ်ဌာနချုပ်အလိုက် စစ်သည်မိသားစုဝင် များအားလုံး အသိပညာ၊ အတတ်ပညာဗဟုသုတများရရှိစေရန်၊ လေ့လာသင်ယူနိုင်စေ ရန်အတွက် တပ်စာကြည့်တိုက်၊ ရုံးဌာနအလိုက်စာကြည့်တိုက်များဆောင်ရွက်ပြီး “စာမတတ်သူ ပပျောက်ရေး” မှသည် “စာမဖတ်သူပ ပျောက်ရေး” ကိုဆောင်ရွက်လျက်ရှိကြောင်း၊ စာဖတ်ရှိန်၊ စာဖတ်အားမြှင့်တင်ရေးကိုလည်း အသိပညာ ပေးစည်းရုံးလုပ်ဆောင် စေလျက်ရှိကြောင်း၊ စာကြည့်တိုက်များတွင်လိုအပ်သည့် သုတ၊ ရသစာအုပ်များကို မြ၀တီ စာပေတိုက်၊ တပ်မတော်ပုံနှိပ်တိုက်များမှနေ၍ပုံနှိပ်ဖြန့်ချိစေလျက်ရှိသကဲ့သို့ တပ်မတော်သားများနှင့် မိသားစုဝင်များဖတ်သင့်ဖတ်ထိုက်သည့် စာအုပ်များကိုမိမိကိုယ်တိုင်ဖတ်ရှု ရွေးချယ်ပေးပြီး ထပ်မံပုံနှိပ်ထုတ်ဝေ ပေးလျက်ရှိကြောင်း၊ ထို့ကြောင့်တပ်မတော်သားများ၊ မိသားစုဝင်များအနေဖြင့်လည်း ကိုယ်စီအသိစိတ်၊ ပညာကိုမြတ်နိုးတန်ဖိုးထားသည့် စိတ်များနှင့် လိုက်ပါလုပ်ဆောင်ကြရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် မိမိတို့မြန်မာများသည် စာဖတ်ခြင်း၊ စာပေဆွေးနွေးခြင်းများနှင့်ပတ်သက် ပြီးရှေးအစဉ်အဆက် ကတည်းကအလေးထားခဲ့သည့်လူမျိုးဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၅၅၀ ကျော်ကပေါ်ထွန်းခဲ့သည့် ရဟန်းစာဆိုရှင်မဟာရဋ္ဌသာရက စာဖတ်ခြင်း နှင့်ပတ်သက်ပြီး “မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်၊ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်” ဟုဆုံးမရေးစပ်ခဲ့ဖူးကြောင်း၊ ထိုကဗျာ လင်္ကာကို မိမိတို့ ငယ်ငယ်ကတည်းကသင်ခဲ့ဖူး၊ ကြားခဲ့ဖူးကြောင်း၊ လက်တွေ့လုပ်ဆောင် ကြရန်သာလိုကြောင်း၊ ပညာ သင်ကြားရာတွင်လည်း “သုစိပုဘာ၊ ၀ိလိသိဓာ၊ အက္ခရာ စွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့” ဆိုသည့် ရှင်မဟာရဋ္ဌသာရ ဆုံးမစာသည်ထင်ရှားပြီး ယနေ့ထိခေတ်မီနေသေးသည် ကိုတွေ့ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့လူမျိုးသည်ပညာ၏တန်ဖိုးကိုသိသည့်လူမျိုး၊ ပညာကိုအလေး ထားမြတ်နိုး သည့်လူမျိုးဖြစ်သည်မှာထင်ရှားကြောင်းရှင်းလင်းပြောကြားသည်။

၎င်းနောက် ၂၀၀၇-၂၀၀၈ ပညာသင်နှစ်မှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အထိ အခြေခံပညာကျောင်းများ၏ ကျောင်းသား၊ ကျောင်းသူအင်အားစာရင်းများအရ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးသူငယ်တန်း ကျောင်းသား၊ ကျောင်းသူအင်အား ၁၁၉၈၄၉၄ ဦးရှိခဲ့ကြောင်း၊ ထိုကျောင်းသား၊ ကျောင်းသူများသည် တန်းစဉ်ကူးပြောင်းမှု အရ နောင် ၅ နှစ်အကြာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပဉ္စမတန်းကျောင်းသား၊ ကျောင်းသူဦးရေ ၆၆၅၅၆၆ ဦးသာရှိသည်ကိုတွေ့ရှိရကြောင်း၊ အခြေခံပညာမူလတန်း မှအလယ်တန်းသို့ ကူး ပြောင်းရာတွင်ကျောင်းသား၊ ကျောင်းသူထက်ဝက်ခန့်လျော့ကျသွားပြီး ၅၅ ဒသမ ၅၃ ရာခိုင်နှုန်းသာ အလယ်တန်းပညာကိုဆက်လက်သင်ကြားသည်ကို တွေ့ရကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဒသမတန်းကျောင်းသား၊ ကျောင်းသူ ဦးရေ ၄၉၇၁၅၉ ဦးသာကျန်ရှိခဲ့သည့်အတွက် ၄၁ ဒသမ ၄၈ ရာခိုင်နှုန်း သာမူလတန်းမှ အထက်တန်းသို့တန်းစဉ်ကူးပြောင်းနိုင်သည်ကိုတွေ့ရှိရကြောင်း၊ ကျန်ရှိသည့်လူငယ် ၅၈ ဒသမ ၅၂ ရာခိုင်နှုန်းအနေဖြင့် အခြေခံပညာအဆင့်ကိုပင်လျှင် ပြီးစီးအောင်သင်ကြားနိုင်စေရန် အခက်အခဲများ ရှိနေသည်ကို လက်တွေ့ကျကျတွေ့ရှိရမည်ဖြစ်ကြောင်း၊ အမျိုးသားပညာရည်မြင့်မားရေးလုပ်ငန်းများ ကိုဆောင်ရွက်ရာတွင် အားလုံးကိုလွှမ်းခြုံနိုင်သည့် စနစ်ဖော်ဆောင်ရန်လိုအပ်နေသေးသည်ကို ကောက်ချက်ချ သုံးသပ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့သားသမီးများသည်မိမိတို့ထက် တတ်သိနားလည်ရမည်၊ မိမိတို့၏တပည့်များ သည် မိမိတို့ထက်သာလွန်တတ်မြောက်ရမည်ဆိုသည့်စိတ်မျိုး မိဘတိုင်းနှင့်ဆရာတိုင်းကမွေးမြူကြရန် လိုအပ်ကြောင်း၊ သို့မှသာနိုင်ငံတော်၏အနာဂတ်အတွက်မိမိတို့တစ်တွေစိတ်ချရမည်ဖြစ်ကြောင်း၊ မောင်မယ်တို့ အနေဖြင့်လည်း မိဘများ၏စကားကိုမြေ၀ယ်မကျနာ ယူရမည်ဖြစ်ကြောင်း၊ ယနေ့မောင်မယ်တို့သည် အခြေခံ ပညာအဆင့်ကိုကျော်လွန်တတ် မြောက်ခဲ့ပြီးဖြစ်သဖြင့် ရှေ့ဆက်ပြီးအဆင့်မြင့်ပညာများကို ဆက်လက် သင်ယူရတော့မည်ဖြစ်ကြောင်း၊ ပညာတတ်လူငယ်များပီပီကိုယ်သာလျှင် ကိုယ့်ဘ၀၏ပဲ့ကိုင်ရှင်ဖြစ်သည်မို့ မိမိဘ၀အနာဂတ်လှပရန် ကိုယ့်ကိုယ်ကိုယ်ထိန်းကျောင်းရမည်၊ လူငယ်ဆိုသည်မှာတတ်ကြွခြင်း၊ နိုးကြားခြင်း၊ စူးစမ်းလေ့လာလိုစိတ်ရှိခြင်းနှင့် မိမိတို့၏စွမ်းရည်ကိုပြသလိုသည့် စိတ်ရှိကြကြောင်း၊ မိမိမှာရှိပြီးဖြစ်သည့် အဆိုပါစိတ်ဓာတ်များကိုတော်တည့်မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်မည်ဆိုလျှင် နိုင်ငံ တော်အတွက် အရည်အသွေး ပြည့်ဝသည့်သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာ မည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက်စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သောစစ်သည်များ၊ တပ်မတော်သားမိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ ဘက်စုံထူးချွန် လူငယ်များ၊ နိုင်ငံတော်အဆင့်ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ကဗျာဆုရရှိသူ များနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက်တက္ကသိုလ်ပညာသင်ဆုချီးမြှင့်ခံရသော ကျောင်းသား၊ ကျောင်းသူများ၏ ထူးချွန်ဆုရရှိမှု၊ ဂုဏ်ပြုဆုချီးမြှင့်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက်ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် တပ်မတော်အခြေခံပညာအထက်တန်းကျောင်း၊ တပ်မတော်ပညာရေးကျောင်းများမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးပထမဆုရရှိသော အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း(မင်္ဂလာဒုံ) အောင်ဆန်းသူရိယလှသောင်းကျောင်း၊ ဒုတိယဆုရရှိသည့် အခြေခံ ပညာအထက်တန်းကျောင်း(ရွှေနတ်တောင်)၊ တတိယဆုရရှိသည့် အမှတ်(၁၈)အခြေခံပညာ အထက်တန်း ကျောင်း(မန္တလေး)တို့မှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံ အရာရှိများအားလည်းကောင်း၊ အောင်ချက်အကောင်းဆုံး ပထမဆုရရှိသော အမှတ်(၂) တပ်မတော်ပညာရေးကျောင်း(မိတ္ထီလာ)၊ အမှတ်(၁၁)တပ်မတော် ပညာရေး ကျောင်း (မုံရွာ)နှင့် တတိယဆုရရှိသော အမှတ်(၃)တပ်မတော်ပညာရေးကျောင်း(အောင်ပန်း)တို့မှ ကျောင်း အုပ်ကြီးများအားလည်းကောင်း ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် သည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၁၇-၂၀၁၈ ပညာသင်နှစ် စာမေးပွဲတွင် (၆)ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ဗိုလ်မှူးကြီး ခင်အောင်ထွန်း၏သား မောင်ချမ်းငြိမ်းကျော်၊ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း၏သား မောင်တည်ခန့်လင်း၊ ဗိုလ်မှူးဇော်ဝင်းအောင်၏သား မောင်ကောင်း မင်းဆက်၊ ဗိုလ်မှူးရန်နိုင်၏သား မောင်ကောင်းဇံဘုန်း၊ ဗိုလ်ကြီး အောင်မိုး၏သား မောင်ရဲထွဋ်၊ ဗိုလ်ကြီး ဒေါ်ခင်ဝင်းမာ ၏သား မောင်ဥက္ကာစိုးနှင့် (၇၂)ကြိမ်မြောက်ကုလသမဂ္ဂနေ့အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် နိုင်ငံတော်အဆင့်(ပထမဆု)ရရှိခဲ့သော တပ်ကြပ်ကြီးတင်မင်းခိုင်၏သမီး မခင်နှင်းအိဖြူတို့အားဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက (၆)ဘာသာ ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သော ဗိုလ်ချုပ် ၀င်းသိန်း၏သမီး မမြမဉ္ဇူသိန်း၊ ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၏သမီး မရွှန်းလဲ့ရည်ဖူး၊ ဗိုလ်မှူးချုပ် ညွန့်ဆွေ၏ သမီး မအေးမြတ်ဆွေ၊ ဗိုလ်မှူးကြီး မောင်မောင်စိုး၏သမီး မမေစံပယ်မိုး၊ ဗိုလ်မှူးကြီး ဝေလင်းအောင်၏ သမီး မယွန်းရွှေစင်လင်း၊ ဒုတိယဗိုလ်မှူးကြီး ၀င်းမြင့်၏ သမီး မခင်ဖြူစင်၊ ဒုတိယဗိုလ်မှူးကြီး တိုးဝင်း၏သမီး မယွန်းမြတ်ဖူး၊ ဒုတိယဗိုလ်မှူးကြီး နေလင်းထွန်း၏သမီး မအိမြင့်မြတ်မောင်၊ ဗိုလ်မှူး အောင်ဘန်း၏သမီး မယုကလျာ၊ ဗိုလ်ကြီးအေးမင်းချို၏သမီး မအိသန္တာချို၊ အရာခံဗိုလ်စောအယ်မူး၏သမီး မရွှန်းလဲ့ကို၊ ဒုတိယအရာခံဗိုလ်စိုးဝင်း၏သမီး မခင်နဒီစိုး နှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိမ်(၂၀)မြောက် ပိုစတာပြိုင်ပွဲ၊ နိုင်ငံတော်အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် (ဒုတိယဆု)ရရှိခဲ့သော ဗိုလ်မှူး ဇော်ဇော်၏သမီး မသိမ့်ယုယတို့အားဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ယင်းနောက်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက (၆)ဘာသာဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သော တပ်ကြပ်ကြီး ဉာဏ်လင်း၏သား မောင်လင်း ခန့်ဖြိုး၊ ကထိကဒေါ်နီနီအေး၏သား မောင်ထူးအောင်လွင်၊ ဗိုလ်မှူးလေးမြတ် (အငြိမ်းစား)၏ သား မောင်စွမ်းရဲ ထက်၊ ဗိုလ်ကြီး ဒေါ်နွယ်နွယ်မင်း(အငြိမ်းစား)၏သားမောင်ဉာဏ်ထက်ဝင်း၊ အရာခံဗိုလ်ကောင်းဝင်း (အငြိမ်းစား)၏သား မောင်ထွန်းလင်းအောင်၊ တပ်ကြပ်ကြီးတင်သိန်း(အငြိမ်းစား)၏သား မောင်ဟိန်းဝေယံစစ်၊ အရာခံဗိုလ်စိုးလွင်၏သမီး မချစ်သက်ဇွန်၊ တပ်ကြပ်ကြီးစိုးပိုင်၏ သမီး မနှင်းရနံ့လှိုင်၊ တပ်ကြပ်ကြီးဝင်းဦး၏သမီး မညိုမီမီလွင်၊ ကထိကဒေါ်မေလင်းထိုက်၏ သမီးမသန္တာ၊ တပ်စာရင်းကိုင် ဒေါ်ခင်မာဝေ၏သမီး မလင်းလက် ရွှေရည်ကို၊ ဗိုလ်ကြီး ထင်ဇော်ဝင်း(အငြိမ်းစား)၏သမီး မအေးဘုန်းပြည့်ချို၊ ဒုတိယဗိုလ်မှူးကြီးအောင်ဝင်း (အငြိမ်းစား)၏သမီး မဖူးမြတ်သင်ဇာအောင်၊ ဗိုလ်မှူးသိန်းဌေးဦး(အငြိမ်းစား)၏သမီး မလဲ့ရတီလင်း၊ ဗိုလ်မှူးဇော်ထွန်းအောင်(အငြိမ်းစား)၏သမီး မလင်းသီရိ၊ ဗိုလ်မှူး အောင်ဇော်မိုး(အငြိမ်းစား)၏သမီး မရွှန်းလဲ့ဖြူစင်မိုးနှင့် ၂၀၁၇ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဗဟိုအဆင့်ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာနှင့်ပိုစတာပြိုင်ပွဲတွင် ဒုတိယ ဆုရရှိခဲ့သူ တပ်ကြပ်ကြီး/စာရေး မျိုးဝင်းထိုက်(အငြိမ်းစား)၏သမီး မချောစန္ဒီထိုက် တို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်း နွယ်က (၆)ဘာသာဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ သော ဗိုလ်မှူး ကိုကိုမင်း(အငြိမ်းစား)၏သမီး မဆုဝတီ၊ ဗိုလ်မှူးဝင်းလွင်ဦး(အငြိမ်းစား)၏ သမီး မဆုစန္ဒာဝင်း၊ ဗိုလ်မှူးမောင်မောင်ဦး(အငြိမ်းစား)၏သမီး မခင်ဘုန်း ပြည့်၊ ဗိုလ်မှူးဝဏ္ဏမော်(အငြိမ်းစား)၏သမီး မကြည်ဖြူဝဏ္ဏမော်၊ ဗိုလ်ကြီးထွန်းဇော်(အငြိမ်းစား)၏သမီး မရွှေရည်ဝင်းခန့်ကျော်၊ ဗိုလ်ကြီးအောင်ကျော်ဦး(အငြိမ်းစား)၏သမီး မအောင်ကေဇင်ဟိန်း၊ ဗိုလ်ကြီးဖုန်းအောင် ကျော်(အငြိမ်းစား)၏သမီးမအိန္ဒြာကျော်၊ ဗိုလ်ကြီးနိုင်ထွန်း(အငြိမ်းစား)၏ သမီးမလွှမ်းရိပ်ဝေနိုင်၊ ဗိုလ်ကြီး ဒေါ်အေးအေးဝင်း(အငြိမ်းစား)၏သမီး မရွှေရည်မွန်၊ ဗိုလ်ကြီး ခင်မောင်မြင့်(အငြိမ်းစား)၏သမီး မယမင်းချို၊ ဗိုလ်ကြီး စိန်လှမောင်(အငြိမ်းစား) ၏ သမီးမနှင်းဦးခင်၊ ဗိုလ်ကြီးဝေဖြိုးသန်း(အငြိမ်းစား)၏သမီး မခင်မြတ်နိုးဝေ၊ ဗိုလ်ကြီး လှမင်းအောင်(အငြိမ်းစား)၏သမီး မဆုလဲ့ဝတ်ရည်၊ ဒုတိယအရာခံဗိုလ် မြင့်မောင် (အငြိမ်းစား)၏သမီး မနန်းအိသက်မောင်၊တပ်ကြပ်ကြီး မန်စွမ်းမုန်(အငြိမ်းစား)၏သမီး မဆုမြတ်အိမ်စည်၊ ဒုတိယတပ်ကြပ်အေးထွန်း (အငြိမ်းစား)၏သမီး မသက်ထက်စံနှင့် နိုင်ငံတော်အဆင့် Singapore and Asia Schools Math Olympiads (Bronze Award) 2018 ပြိုင်ပွဲတွင်(တတိယဆု)ရရှိခဲ့သော ဒုတိယဗိုလ်မှူးကြီး မင်းနိုင်စိုး၏သား မောင်လမင်းထွန်း တို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက (၅)ဘာသာ ဂုဏ်ထူးရှင် ၁၅ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ဇနီး ဒေါ်ဝင်းဝင်းမော် က (၅)ဘာသာဂုဏ်ထူးရှင် ၁၄ ဦးအားလည်းကောင်း၊ ကာကွယ်ရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက (၅)ဘာသာဂုဏ်ထူးရှင် ၁၅ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၏ဇနီး ဒေါ်မြင့်မြင့်အေးက (၅)ဘာသာဂုဏ်ထူးရှင် ၁၄ ဦးအားလည်းကောင်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က (၅)ဘာသာဂုဏ်ထူး ရှင် ၁၅ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏ဇနီး ဒေါ်ခိုင်မေကြူက (၅)ဘာသာဂုဏ်ထူးရှင် ၁၅ ဦးအားလည်းကောင်း ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်သည်။

ထို့နောက်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးက (၅)ဘာသာ ဂုဏ်ထူးရှင် ၁၅ ဦးအားလည်းကောင်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၏ဇနီး ဒေါ်သက်သက်အောင် က (၅)ဘာသာဂုဏ်ထူးရှင် ၁၅ ဦးအားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက (၄)ဘာသာဂုဏ်ထူးရှင် ၁၇ ဦးအားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၏ဇနီး ဒေါ်သန်းသန်းအေးက (၄)ဘာသာဂုဏ်ထူးရှင် ၁၇ ဦးအားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က (၄)ဘာသာဂုဏ်ထူးရှင် ၁၇ ဦးအားလည်ကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၏ဇနီး ဒေါ်အောင်မာမြင့်က (၄)ဘာသာဂုဏ်ထူးရှင် ၁၇ ဦးအားလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က (၄)ဘာသာ ဂုဏ်ထူးရှင် ၁၇ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦးက (၄)ဘာသာဂုဏ်ထူးရှင် ၁၇ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက (၄)ဘာသာဂုဏ်ထူးရှင် ၁၈ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက (၄)ဘာသာဂုဏ်ထူးရှင် ၁၈ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ၀င်းဗိုလ်ရှိန်က (၄)ဘာသာဂုဏ်ထူးရှင် ၁၈ ဦးအားလည်းကောင်း ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

၎င်းနောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက ဂုဏ်ထူးရစစ်သည် ၃၂ ဦးအားလည်းကောင်း၊ စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဘက်စုံပညာ ထူးချွန်လူငယ် ၁၆ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးက ဘက်စုံပညာ ထူးချွန်လူငယ် ၁၅ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး လူအေးက အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပညာသင်ဆုရရှိသူ ၁၂ ဦးအားလည်းကောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပညာသင်ဆု ၁၂ ဦး အားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းက အဆင့်မြင့်ပညာအဆင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ပညာ သင်ဆုရရှိသူ ၁၂ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က အဆင့်မြင့်ပညာ အဆင့်အသက်မွေး ၀မ်းကျောင်း တက္ကသိုလ်ပညာသင်ဆုရရှိသူ ၁၂ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးက အဆင့်မြင့်ပညာအဆင့်အသက်မွေးဝမ်းကျောင်း တက္ကသိုလ် ပညာသင်ဆုရရှိသူ ၁၂ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက အဆင့်မြင့်ပညာအဆင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပညာသင်ဆုရရှိသူ ၁၂ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အဆင့်မြင့်ပညာအဆင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ပညာသင်ဆုရရှိသူ ၂၀ ဦးအားလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ဆုများပေးအပ်ချီးမြှင့်အပြီးတွင် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များကိုယ်စား မဆုစန္ဒာဝင်းကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆုရကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံပညာထူးချွန်လူငယ်များနှင့်အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများ၊ ဆုရစစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာ များဖြင့်တည်ခင်းဧည့်ခံသည်။ စားသောက်ဖွယ်ရာများ သုံးဆောင်နေစဉ်အတွင်း မြ၀တီ ခေတ်ပေါ်တေးဂီတအဖွဲ့က လူငယ်ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆို ဖျော်ဖြေကြသည်။ဧည့်ခံဖျော်ဖြေပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ဆုရ စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ယနေ့ကျင်းပပြုလုပ်သောဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဖြစ်သည့် တပ်မတော် အခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်း၊ တပ်မတော်ပညာရေးကျောင်း ၃ ကျောင်း၊ (၁)ဘာသာနှင့်(၂)ဘာသာဂုဏ်ထူးရရှိခဲ့သူစစ်သည် ၃၂ဦး၊ တပ်မတော်သားမိသားစု ၀င်များ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများနှင့် စစ်သည်အစားခန့်အရပ်သား အမှုထမ်းများ၏ သားသမီးများဖြစ်သော(၆)ဘာသာဂုဏ်ထူးရှင် ၅၀ ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၁၁၉ ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် ၁၅၆ ဦး၊ နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၄ ဦးကိုလည်းကောင်း၊ နိုင်ငံတော်အဆင့်ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲဆုရရှိသူ ၄ ဦး၊ အဆင့်မြင့်ပညာအဆင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပညာသင်ဆုရရှိသော တပ်မတော်သားမိသားစုဝင်များနှင့် စစ်မှုထမ်း ဟောင်းမိသားစုဝင်သားသမီး ၈၄ ဦး စုစုပေါင်း ၄၇၉ ဦးတို့အား ဂုဏ်ပြုရွှေပြားဆု၊ ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အတူ ပညာဒါနစေတနာရှင်အလှူရှင်များမှလှူဒါန်းငွေများဖြင့် တပ်မတော်သား မိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများမှ (၁)ဘာသာ ဂုဏ်ထူးရရှိသူ ၁၁၃၈ ဦးနှင့် (၂) ဘာသာဂုဏ်ထူး ရရှိသူ ၃၀၅ ဦး စုစုပေါင်း ၁၄၄၃ ဦးတို့အား ဂုဏ်ထူး(၁)ဘာသာလျှင်ဂုဏ်ပြုငွေ ၆၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ (၃)ဘာသာဂုဏ်ထူးရရှိသူ ၂၂၁ ဦးအား ရွှေပြားဆုများကိုလည်းကောင်း အဝေးရောက် ချီးမြှင့် ခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့သောစစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သားသမီး များ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများနှင့်စစ်သည်အစား ခန့်အရပ်သားအမှုထမ်းများ၏ သားသမီး များအားဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ခုနှစ်မှစတင်ပေးအပ်ခဲ့ရာ ယခုအကြိမ်သည် သတ္တမ အကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း (၆) ဘာသာဂုဏ်ထူးရှင် ၂၇၃ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၅၅၅ ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် ၉၁၃ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၁၀၆၄ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၁၃၅၆ ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် ၄၇၁၀ တို့အားဂုဏ်ပြုရွှေသားဆုနှင့်ငွေသားဆုများချီးမြှင့်ပေးခဲ့ သည်။ ထို့အပြင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစတင်၍အဆင့်မြင့်ပညာအဆင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ပညာသင်ဆုများ ကိုလည်းချီးမြှင့်ခဲ့ရာ ၂၀၁၄ ခုနှစ် တွင် ၇၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၈၆ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၈၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၈၁ ဦးနှင့် ယခုနှစ်တွင် ၈၄ ဦးပေးအပ်ခဲ့ပြီးဖြစ်သဖြင့် စုစုပေါင်း ၄၀၅ ဦးအား လစဉ်ချီးမြှင့် ထောက်ပံ့ငွေများပေးအပ်လျက်ရှိကြောင်းနှင့် ဆုရရှိသူများအနက် ထူးချွန်စစ်သည်များနှင့် ဘက်စုံထူးချွန် လူငယ်များကို ၂၀၁၃ ခုနှစ်မှစတင်၍ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များစီစဉ်စေလွှတ်ပေးခဲ့ပြီး ယခုနှစ်တွင်လည်းထပ်မံ၍ ပြည်ပလေ့လာရေးခရီး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...