Social Icons

Pages

Wednesday, June 6, 2018

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ


ထွက်ပြေးတိမ်းရှောင်နေသည့် မောင်မောင်(ခ) Hj Yassinudk
ကိုတွေ့ရစဉ် ။

နေပြည်တော် ၆-၆-၂ဝ၁၈

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ အကောက်ခွန် ဦးစီးဌာနက စီမရစ်မြို့ ကုန်လှောင်ရုံ၌ မေ ၂၂ ရက်တွင် မလေးရှားနိုင်ငံသား သုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦးတို့နှင့်အတူ မက်အဖက်တမင်း ၁၁၈၇ ကီလိုဂရမ်နှင့် ဘိန်းဖြူဂရမ် ၇၅ဝ တို့ကိုဖမ်းဆီးရမိခဲ့ပြီးနောက် ယင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက် တရားခံများကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုနှင့် ပတ်သက်၍ စိစစ်ခဲ့ရာ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာအမှတ် (FSCU 9911521) ထဲတွင် စားသောက်ကုန်များနှင့် မူးယစ်ဆေးဝါးများကို ရောနှော ထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ တစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်အတွက် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်း ပထမထပ်၊ မ/၅ဝ(ဗ)နေ ရှော်ရိတ်အာမောက်၏သား မောင်မောင် (ခ) Hj Yassin ၄၄နှစ်က လာရောက် ဆက်သွယ်မှုအရ U Kaung Trading Co.Ltd က တာဝန်ယူပို့ဆောင် ပေးခဲ့ကြောင်း သိရှိရပြီး မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူများကို စုံစမ်းဖော်ထုတ်နိုင်ရေး အတွက် ဇွန် ၂ ရက်တွင်ဆိပ်ကမ်း မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၂ဝ(က)/၂ဝ(ခ)/၂၁ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေး ခဲ့သည်။

ဇွန် ၂ ရက် နံနက် ၁၁ နာရီ ၁ဝ မိနစ်တွင် ဆက်စပ်တရားခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဓိကတရားခံ မောင်မောင် (ခ) Hj Yassin သည် မေ ၃ဝရက်ကတည်းက TOYOTA LEXUS ယာဉ်အမှတ် YGN 5L-8088 နှင့်အတူ ထွက်ပြေးတိမ်းရှောင် နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ပူးပေါင်းပါဝင်သူများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေ လျက်ရှိသည်။

ဖမ်းဆီးရမိသည့် တရားခံ၏ ဖော်ထုတ် ပြောပြချက်အရ မောင်မောင် (ခ)Hj Yassin သည် မူးယစ်ဆေးဝါးများကို လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံမှ တစ်ဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုဒေါင်သို့ 3I-8917 Bongo Box ယာဉ်ဖြင့် သယ်ဆောင်ခဲ့ပြီး ၎င်းမှတစ်ဆင့် သင်္ဘောတင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ အဓိကတရားခံ မောင်မောင်(ခ)Hj Yassin ၏နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာ နေအိမ်ခန်း မီးခံသေတ္တာ အတွင်းမှ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂၅ဝခန့်ရှိ လက်ဝတ်ရတနာမျိုးစုံ ၁၉ မျိုး၊ YGN 5L-8088 TOYOTA LEXUS ယာဉ်ကို ငွေကျပ်သိန်း ၁ဝ၉ဝ ဖြင့် ဝယ်ယူထားသည့် စာချုပ်မူရင်း တစ်စောင်၊ ယာဉ်နှင့်ပတ်သက်သည့် မှတ်ပုံတင် စာအုပ်မူရင်း တစ်အုပ်၊ အာမခံပရီမီယမ် မှတ်တမ်းမူရင်းစာအုပ် တစ်အုပ်၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း လက်ဝတ်ရတနာများ ဝယ်ယူခဲ့သည့် ပြေစာမူရင်း ရှစ်စောင်တို့ကိုတွေ့ရှိ၍ သိမ်းဆည်းခဲ့သည်။

မောင်မောင်(ခ)Hj Yassin ထွက်ပြေး တိမ်းရှောင်စဉ် မောင်းနှင်သွားသော YGN 5L-8088 TOYOTA LEXUS မော်တော်ယာဉ်ကို ဇွန် ၃ရက် ညဥ့်နက်သန်းခေါင်တွင် တာမွေဂုံးကျော်တံတား အောက်၌ တွေ့ရှိသဖြင့် သိမ်းဆည်း နိုင်ခဲ့သည်။ ထို့ပြင် တရားခံ မောင်မောင် (ခ)Hj Yassin နှင့် ပူးပေါင်းပါဝင်သူများက မြန်မာနိုင်ငံအတွင်းရှိ ဘဏ်အသီးသီးတွင် ငွေစာရင်းဖွင့်လှစ် ထားရှိမှုကို ဇွန် ၄ရက်တွင် စုံစမ်းစစ်ဆေးခဲ့ရာ ပုဂ္ဂလိကဘဏ် နှစ်ခုတွင် မောင်မောင် (ခ) Hj Yassin ငွေစာရင်းနှင့် ဆက်စပ်တရားခံ တစ်ဦးတို့ ငွေစာရင်း၌ ကျပ်သိန်းပေါင်း ၂၈ဝဝဝ ကျော်နှင့် ATM ကတ် နှစ်ခုတို့ကို စစ်ဆေး တွေ့ရှိရသဖြင့် အဆိုပါငွေကြေးများကို ယာယီ ပိတ်သိမ်း ထားရှိကြောင်း၊ ထွက်ပြေး တိမ်းရှောင်နေသည့် မောင်မောင်(ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူများကို အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ ဆက်လက် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...