Social Icons

Pages

Monday, June 4, 2018

မြိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ချောင်းရေကျဆင်း ရေပြွန်ပျက်စီးမှု ဖြစ်ပွားကာ သွားလာရေး အခက်အခဲဖြစ်ပေါ်



မြိုင် ၄-၆-၂ဝ၁၈

မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ်တွင် ဇွန် ၂ ရက် ည ၉ နာရီခန့်မှစ၍ မိုးများသည်းထန်စွာ ရွာသွန်းခဲ့ရာ မိုးရေချိန် ၂ ဒသမ ၆၁ လက်မရှိပြီး ပခုက္ကူ-မုံရွာသွား ကားလမ်းပိုင်းရှိ မြိုင်မြို့နယ် လင်းကတောကျေးရွာ အနီးရေကျော်၌ ချောင်းရေကျမှုနှင့် ရေပြွန်ပျက်စီးမှု ဖြစ်၍ ပြည်သူများနှင့် ယာဉ်များ သွားလာရေး အခက်အခဲ တွေ့နေရကြောင်း သိရသည်။

ထိုသို့ သွားလာရေး ခက်ခဲနေသဖြင့် ယနေ့ နံနက် ၉ နာရီ မိနစ် ၃ဝ မှ မွန်းလွဲ ၁ နာရီ မိနစ် ၃ဝ ထိ မြိုင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် ၁ဝဦး၊ လင်းကတောနယ်မြေ မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် လေးဦး၊ အရန်တပ်ဖွဲ့ဝင် ခြောက်ဦးနှင့် လင်းကတောနယ်မြေ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများသည် ခရီးသွားပြည်သူများအား သွားလာရေးခက်ခဲမှုကို ကြိုးတန်း၍ လက်တွဲခေါ်ဆောင် ပို့ပေးခြင်း၊ လက်ဆင့်ကမ်း၍ ပစ္စည်းများ သယ်ယူပေးခြင်းဖြင့် ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

အလားတူ မြိုင်မြို့နယ် အတွင်းရှိ ပုသိမ်-မုံရွာသွား ကားလမ်းပိုင်း ကြည့်ကန်ကျေးရွာနှင့် လင်းကတော ကျေးရွာကြား မိုင်တိုင်အမှတ်-၄၁၂/၄နှင့် ၄၁၂/၅ကြားရှိ လမ်းပေါ်သို့ ရေကျော်မှုဖြစ်၍ ရေပြွန် အမှတ်-၄၁၇/၁ Box culvert အခြေမှ ရေတိုက်စားမှုကြောင့် ပေ ၂ဝခန့် လမ်းကျိုးပေါက် ပျက်စီးသွားရာ ယာဉ်ကြီး ယာဉ်ငယ်များ၊ ဆိုင်ကယ်များနှင့် ခရီးသွားပြည်သူများ သွားလာရေး အခက်အခဲ ကြုံတွေ့ခဲ့ရသည်။

အဆိုပါ လမ်းပျက်စီးမှုနှင့် ပတ်သက်၍ ယာဉ်များနှင့်ပြည်သူများ သွားလာနိုင်ရေး အတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့် မြတ်နိုးသူကုမ္ပဏီမှ တာဝန်ရှိသူများ ညှိနှိုင်းပေါင်းစပ်၍ ရေကျချိန်မြန်ဆန်ရေး အတွက် ဆောင်ရွက်ခြင်း၊ ရေကျပြီးပါက လမ်းအမြန်ပြုပြင်ရန် စီမံဆောင်ရွက်ခြင်း၊ လမ်းပျက်စီးချိန်တွင် မြိုင်-မုံရွာသွားယာဉ်များကို မြိုင်-ပုသိမ်မုံရွာလမ်းပေါ်ရှိ ကြည့်ကန်ကျေးရွာမှ ထွန်းမြတ်ရတနာ လမ်းအတိုင်း လက်ယက်မ-ထုံးမ-ဖျသီးကျေးရွာလမ်းမသို့ မောင်းနှင်ရန်နှင့် ယာဉ်ကြီးများအတွက် လင်းကတောရေ စကြို-ပခုက္ကူ လမ်းမှတစ်ဆင့် ပုသိမ်မုံရွာလမ်းသို့ မောင်းနှင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ယခုအခါ ယာဉ်ငယ်များ၊ ဆိုင်ကယ်များနှင့် ပြည်သူများသွားလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...