Social Icons

Pages

Monday, May 28, 2018

လာမည့် ဘဏ္ဍာနှစ်တွင် မန္တလေးမြို့ရှိ ယာဉ်ကြော ရှုပ်ထွေးမှုမရှိသော နေရာလွတ်များ၌ Night Life ဖော်ဆောင်ရန် အစီအစဉ်ရှိဟုဆို



မန္တလေး ၂၈-၅-၂ဝ၁၈

လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံတကာရှိ ညဈေးများကဲ့သို့ မန္တလေးမြို့ရှိ ယာဉ်ကြော ရှုပ်ထွေးမှုမရှိ သောနေရာ လွတ်များ၌ Night Life များ ဖော်ဆောင်ရန် အစီအစဉ်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ ကုန်ကြမ်း၊ကုန်ချော၊ အသားငါးများနှင့် လူသုံးကုန်အမျိုးမျိုးကို ဖြန့်ဖြူးရောင်းချ ပေးနေသည့် ဈေးကြီးပေါင်း ၄ဝကျော်ရှိ သည့်အနက် ည ၆နာရီခန့်မှစ၍ ဖွင့်လှစ်ပေးသည့် ညဈေးမှာ မန္တလေးမြို့ ဈေးချိုအနီးရှိ ၈၄လမ်း၊၂၇လမ်းနှင့် ၂၉လမ်းတွင် ရောင်းချနေသည့် ဈေးဖြစ်ပြီး ၎င်းညဈေးနည်းတူ ထိုင်းနိုင်ငံစသည့် အခြားနိုင်ငံများကဲ့သို့ မန္တလေးမြို့တွင်လည်း အဆင့်မြင့် ညဈေးများကို ယာဉ်ကြောရှုပ်ထွေးမှုမရှိဘဲ နေရာလွတ်ရှိသည့်နေရာများတွင် လာမည့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ဖော်ဆောင်ပေးသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

"အခုလက်ရှိကတော့ မန္တလေးမြို့မှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ ပျံကျဈေးသည် တွေပါစနစ်တကျ ဖွင့်လှစ်နိုင်ဖို့ ညဈေးအသစ်တွေကို ဖော်ဆောင်ပေးသွားပါမယ်။ ညဈေးဖွင့်မယ်ဆိုရင်တော့ အဓိက မိန်းလမ်းမ ကြီးအနီးယာဉ်ကြော ပိတ်ဆို့မှုမရှိတဲ့ နေရာလေးတွေမှာ လိုအပ်ချက်ရှိတဲ့ ညဈေးတွေကို ဖော်ဆောင်ပေးသွားမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

လာမည့် ဘဏ္ဍာနှစ်တွင် ဖော်ဆောင်ရန် အစီအစဉ်ရှိသည့် ညဈေးများအတွက် ယခုလက်ရှိလျာထား ဘတ်ဂျက် မရှိသေးကြောင်း၊ ၎င်းဈေးများ ဖော်ဆောင်မည်ဆိုပါက အခြားနိုင်ငံများကဲ့သို့ မန္တလေးမြို့နေ ပြည်သူလူထု အတွက်ညပိုင်းအချိန်များတွင် အစားအသောက်တန်း၊ အဝတ်အထည်အပြင် စာအုပ်၊စာပေ ဈေးတန်းများပါ ထည့်သွင်း ဖော်ဆောင်ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

ယခု ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် တွင်လည်း ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်အတွင်း၌ ပျံကျဈေးသည် များအတွက် အဆင်ပြေစေရေး အေးမေတ္တာဈေး အသစ်ကို ဆောက်လုပ်ပေး ထားပြီးဖြစ်သည့်အပြင် ယခုမေလအတွင်း စတင်ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ လာမည့်ဘဏ္ဍာနှစ် တွင်လည်း သဘာဝဘေး အန္တရာယ်များကြောင့် ဟောင်းနွမ်းပျက်စီး နေသည့် ဆရာစံဈေး၊စက်မှု (၁) ဈေး၊ တံခွန်တိုင်ဈေးနှင့် မြနန္ဒာဈေး တို့ကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ မန္တလေးမြို့ရှိ ကုန်စည်စီးဆင်း ရာလမ်းကြောင်းတွင် အချက်အချာကျသည့် ဈေးချိုတော်ကြီး တွင်လည်း ဟောင်းနွမ်းနေသည့် ဓာတ်လှေကားနှင့် စက်လှေကားများကိုပါ အရည်အသွေးမြင့် ဥရောပနိုင်ငံထုတ်စက်ပစ္စည်းများနှင့် အစားထိုး အဆင့်မြှင့်တင် ပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဈေးနှင့် သားသတ်ဌာနမှ ဌာနခွဲမှူး ဦးရဲထွန်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...