Social Icons

Pages

Friday, May 18, 2018

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်။

နေပြည်တော် ၁၈-၅-၂​ဝ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌစောမူတူးစေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှတပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) တို့တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းနှင့်အဖွဲ့ဝင်များတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ခေးပူ-လွယ်မူပလော လမ်းကြောင်းပြုပြင် ဆောင်ရွက်နေမှုကို တပ်မတော်မှနားလည်မှုရှိစွာဖြင့် ယာယီရပ်ဆိုင်းပေးထားမည်ဖြစ်ပြီး အဆိုပါဒေသတွင်နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင် နိုင်ပြီး လွတ်လပ်စွာသွားလာ လှုပ်ရှားနိုင်ကြောင်း ဆွေးနွေးသဘောတူညီမှု ရရှိခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌတို့သည် အမှတ်တရလက် ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...