Social Icons

Pages

Monday, May 21, 2018

ကျိုးကျခဲ့သည့် ကြိုးတံတား အစားထိုး တည်ဆောက်သည့် မြောင်းမြတံတားသစ် တည်ဆောက်မှု ၂ဝ ရာခိုင်နှုန်းပြီးစီး



မြောင်းမြ ၂၁-၅-၂ဝ၁၈

ကျိုးကျခဲ့သည့် မြောင်းမြကြိုးတံတား နေရာတွင် အစားထိုး တည်ဆောက်နေသော မြောင်းမြမြစ်ကူး တံတားသစ် တည်ဆောက်ရေး လုပ်ငန်းများ ၂ဝ ရာခိုင်နှုန်းထိပြီးစီး နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

မြောင်းမြကြိုးတံတား ကျိုးကျခဲ့ပြီးနောက် မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်များကို လမ်းပန်းဆက်သွယ်ရေး ကုန်စည်ပို့ဆောင်ရေး အခက်အခဲကာလ ကြာရှည်မဖြစ်ပေါ် စေရန်အတွက် မြောင်းမြမြစ်ကူး တံတားသစ်ကို တစ်နှစ်အတွင်း ပြီးစီးနိုင်မည့် Steel Truss Type အမျိုးအစားဖြင့် ၂ဝ၁၉ခုနှစ် ဧပြီလတွင် ပြီးစီးနိုင်ရန် ဆောက်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ ၂ဝ ရာခိုင်နှုန်းထိပြီးစီး နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောပြသည်။

"ချဉ်းကပ်တံတား ယက်မတွေကိုတော့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှာရှိတဲ့ I&H ကုမ္ပဏီစက်ရုံမှာ ကြိုတင်သွန်းလောင်း ဖို့မှာထားပြီး သြဂုတ်လ ကုန်မှာရရှိမှာဖြစ်တယ်။ လက်ရှိအခြေအနေမှာ လုပ်ငန်းအားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းပြီးစီးနေပါပြီ။ ၂ဝ၁၉ ခုနှစ် ဧပြီလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းးက ဆက်လက် ပြောပြသည်။

တံတားတည်ဆောက် ရေးလုပ်ငန်းစဉ်အရ ပင်မတံတား အုတ်မြစ်လုပ်ငန်းမှာ Bored Pile စုစုပေါင်း အလုံး ၄ဝ တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ယခု ၂၃လုံးဆောင်ရွက် ပြီးစီးနေပြီးကျန် Bored Pile များနှင့် ကမ်းနှစ်ဖက်ရှိ ချဉ်းကပ်တံတားတိုင်များ မေလကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်း ပင်မတံတားတိုင် လေးတိုင်၏ Cap Shaft လုပ်ငန်းများလည်း ဇွန်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

#Themyawadydaily 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...