ဆောင်းပါး ၂၁-၅-၂ဝ၁၈
"သူငယ်ချင်း ကိုချစ်နိုင်ရေ။"
"ပြော သူငယ်ချင်း။"
"မင်းတစ်ခါက ဝန်ခံထုတ်ဖော်ပြီး ရေးပြဖူးတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ကိုယ်သတိရလို့ မေးချင်တာတစ်ခု ရှိတယ်ကွ။" "ဘာများလဲ။" "ကိုချစ်နိုင်ဟာ တက္ကသိုလ်ကျောင်းသား ဘဝထိ ပရော်ဖက်ရှင်နယ် (Professional) ဆိုတဲ့ စကားလုံးကို ကြေးစားလို့ပဲ နားလည်ထားမိတယ်လို့ ရေးထားတယ်လေ။"
"ဟုတ်တယ်။"
"တပ်မတော်မှာ သင်တန်းတွေ တက်ရပြီးတဲ့ နောက်မှာမှ Professional ဆိုတာ ''ကျွမ်းကျင်တဲ့ပညာရှင်''၊ ''ပညာရှင်ပီသသူ'' လို့လည်း အဓိပ္ပာယ်ရကြောင်း သိမြင်နားလည် လာရတယ် ဆိုတာလေ။" "ဟုတ်တယ်။ စစ်သားလုပ်ရင် စစ်ပညာကျွမ်းကျင်တဲ့ စစ်သားဖြစ်ရမယ်။" "ကြေးစားဆိုတာတစ်ခုပဲ သိခဲ့တဲ့ မင်းဟာ သြစတြေးလျနိုင်ငံသူ မျက်နှာဖြူတိုးရစ် အမျိုးသမီး တစ်ယောက်နဲ့ မီးရထားအတူစီးရင်း စကားပြောကြတဲ့အခါ မင်းက သူမေးတဲ့ Will you be a professional soldier? "ရှင်က စစ်သားဘဝနဲ့ အသက်မွေးဖို့ ရွေးချယ်ခဲ့ပြီလား" လို့ဆိုတာကို ''No, No" ဆိုပြီး ကြေးစားစစ်သား လုပ်မှာမဟုတ်ကြောင်း၊ ပြည်သူ့တပ်မတော်သား လုပ်မှာဖြစ်တဲ့ အကြောင်း၊ ပြည်သူတွေရဲ့ အေးချမ်း လုံခြုံရေးအတွက် အသက်စွန့်ပြီး ကာကွယ်ရမယ့် မျိုးချစ်စစ်သား၊ ပြည်ထောင်စုကို အသက်ပေးပြီး ကာကွယ်ရတဲ့ အမျိုးသားတပ်မတော် မျိုးဖြစ်ကြောင်း Not Professional လုံးဝ ကြေးစားမဟုတ်လို့ ရှည်ရှည်ဝေးဝေးတွေ လျှောက်ရှင်း ပြနေခဲ့မိကြောင်း။" "အခုထိ ကိုယ်ဖြင့် ရှက်မိပါရဲ့ကွာ။ ၁၉၇ဝပြည့်နှစ်က တကယ့်အဖြစ်မှန်ပါ။ သူကလည်းကြောင်စီစီနဲ့ သူငယ်ချင်းကို ဘယ်လိုလူစားပါလိမ့်လို့ ကြည့်နေတာ တွေ့ရကြောင်း။" "ဗိုလ်သင်တန်းတက်ဖို့ ဗိုလ်လောင်း လျှောက်ထားတဲ့ တက္ကသိုလ်ဘွဲ့ရ လို့လည်းပြောရဲ့၊ အသက်မွေးမှု လုပ်ငန်းအနေနဲ့ စစ်မှုထမ်းတော့မယ်ပေါ့ ဟုတ်လားလို့ မေးတော့လည်း မဟုတ်ဘူး၊ မဟုတ်ဘူး။ အကြောက်အကန် ငြင်းနေတော့ တစ်ခုခုတော့ လွဲနေပြီထင်တယ်ဆိုပြီး စကားဆက် မပြောတော့ဘူး မောင်ရေ့။" "ကိုချစ်နိုင်ကလည်း ဒီမျက်နှာဖြူ အမျိုးသမီးက ရေသန့်ပုလင်း သုံးလေးလုံး သယ်လာပြီး လမ်းတစ်လျှောက်လုံး ဆီထမင်းမစား၊ စာလေးကြော်မစား၊ အင်ဖက်နဲ့
ထုပ်ထားတဲ့ ထမင်းကိုမစား၊ အကြော်စုံ၊ မုန့်မျိုးစုံဘာဆို ဘာမှမစား။ ငှက်ပျောသီးပဲစားတဲ့သူ။ တော်တော်ရွံရှာတတ်တဲ့ "စိုးရိမ်လွန်ဝေဒနာသည်"လေလားသံသယ ဝင်နေမိတယ် မဟုတ်လား။" "သူက ကိုယ့်ကိုငကြောင်ထင်၊ ကိုယ်ကသူ့ကို ရောဂါကြောင့်ကြ စိုးရိမ်လွန် Hypochondria အရူးမထင်ဆိုတော့ လိပ်စာတွေ အပြန်အလှန် ရေးပေးခဲ့ကြပေမယ့် အခုထိအဆက်အသွယ် မိလုပ်မိပါဘူးကွာ။"
(၁၉၇ဝပြည့်နှစ်ဆီက ရေသန့်ပုလင်းကို လူများစု မသုံးသေးပါ။) "အသက် ၇ဝ ရွတ်တွနေမယ့် အဘွားအိုကိုများအခု အချိန် ဆက်သွယ်ဖို့ စဉ်းစားနေ သေးသလားဟ။" "ဝေးပါသေးကွာ။ သြစတြေးလျ၊ နယူးဇီလန် အပါအဝင် အင်္ဂလိပ်မျိုးနွယ် မျက်နှာဖြူ လူမျိုးတွေဟာ အသက် ၆ဝ၊ ၇ဝဆိုရင် တော်တော်အိုစာတာပဲ သူငယ်ချင်းရ။ ကိုယ်တို့ဆီက ၇၃ နှစ်ဆိုတဲ့ ဘွားဘွားတွေဟာ အပျိုလေးလို သေးသေးသွယ်သွယ်ပဲ။ ကွာခြားတယ်နော်။" "ဂရိတ်ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေဆိုတဲ့ အမျိုးသမီး ကြည့်လေကွာ။ ဆံပင်တစ်ခေါင်းလုံး ဖွေးနေရှာပြီ။ လက်ပြင်က ကိုင်းလိုက်သေး။ အသက် ၆ဝကျော်နဲ့ အိုစာလိုက်ပုံ။" "ဟေ့ကောင် သူများနိုင်ငံက ခေါင်းဆောင်ကို မှိုချိုးမျှစ်ချိုး ပြောမနေနဲ့ မောင်။ ဝဋ်လိုက်တတ်တယ်။" "အေး မပြောပါဘူးကွာ။ လာရင်းကိစ္စ၊ မေးမလို့ဟာ ပြန်သတိရပြီ။ Professional ဆိုတဲ့ အင်္ဂလိပ် စကားလုံးရဲ့ အနက်အဓိပ္ပာယ်လေး ပြောပြပေးစမ်းပါကွာ။"
"အင်္ဂလိပ်-မြန်မာအဘိဓာန် ကြည့်လေကွာ။"
"ဟ ကြည့်မနေချင်လို့ မောင်ရင့်ဆီ မေးပါတယ်ဆိုမှ ဈေးမကိုင် စမ်းပါနဲ့ကွယ်၊ ဟုတ်လား။" "ကောင်းပါပြီ။ အမေးနွားကျောင်းသား ရှိလာတော့ ဖြေရသေးတာပေါ့။ Professional ဆိုတာကို ပရဖက်ရှနဲ(လ်)လို့ အသံထွက်ရတယ်။ ပရော်ဖယ်ရှင်နယ်လို့ မဆိုရဘူးနော်။ နာမ်ပုဒ်အနေနဲ့ အဓိပ္ပယ်သုံးခု သုံးနိုင်တယ်-
၁။ ကျွမ်းကျင်တဲ့ပညာရှင်။
၂။ အားကစားသမား၊ ဇာတ်သမား၊ သဘင်သည်၊ဂီတပညာရှင် စတဲ့ကြေးစား၊ ရုပ်ရှင်မင်းသား။
၃။ ပညာရှင်ပီသသူ၊ တကယ့်ပညာရှင်နာမဝိသေ သနပုဒ်အဖြစ်လည်း သုံးနိုင်သေးတယ်သုံးခု အဓိပ္ပယ်ရတယ်။
၁။ အတတ်ပညာဆိုင်ရာ
၂။ ပညာရှင်ပီသတဲ့ ပညာသည်ပီသတဲ့
၃။ သက်မွေးမှုလုပ်ငန်းအဖြစ် လုပ်ကိုင်တဲ့။
ဥပမာ- Professional Soldier Professional Politician အသက်မွေးမှု အနေနဲ့ လုပ်တဲ့ စစ်သား၊ အသက်မွေးမှု အနေနဲ့ လုပ်တဲ့ နိုင်ငံရေးသမား (လခစားတာ မှန်ပေမယ့် နိုင်ငံ့ဝန်ထမ်း အဖြစ်ထမ်းဆောင်မှုကို ကြေးစားလို့တော့ မခေါ်သင့်ဘူးပေါ့။ အဘိဓာန်မှာလည်း Adj မှာ အဲသလို ဖော်ပြမထားကြပါဘူး။) ကိုယ်အသက်မွေးရတဲ့ ထမင်းကျွေးနေတဲ့ ပညာရပ်၊ ဘာသာရပ်ကိုတော့ ကျွမ်းကျင်တတ်မြောက်အောင် သေချာစွာ အမြဲတစေဆည်းပူး လေ့လာ
ဖြည့်ဆည်း နေရမယ်ဆိုတဲ့ သဘောကိုတော့ ကိုယ်တို့လည်း အသက် ၄ဝ နီးလာမှ၊ စစ်ဦးစီးတက္ကသိုလ် တက်ရတဲ့အခါမှ သဲသဲကွဲကွဲနဲ့ ထင်ထင်ရှားရှား သိမြင်ခဲ့ပါတယ်။"
" Professional ဆိုတာကို ဗိုလ်ကြီး၊ ဗိုလ်မှူး လောက်ထိ ကြေးစားလို့ပဲမှတ်ယူပြီး နားခါးခဲ့တာပေါ့။ ဟုတ်လား။" "ဟုတ်တယ် သူငယ်ချင်း။ ဝေါဟာရအဓိပ္ပာယ်တွေဟာ ရှာဖွေလေလေ တွေ့ရှိလေလေပဲကွ။"
''ကိုယ့်မိတ်ဆွေ တစ်ယောက်က ပြောတယ်ကိုချစ်နိုင်။ သူပြောတာ မှန်သင့်သလောက် မှန်ချင်မှန်မယ်။ ဒါပေမဲ့ ခါးသီးတဲ့ အမှန်ဆိုရမယ်။" "ဘာလဲ။" "ကိုယ်တို့မြန်မာ လူမျိုးတွေဟာ ကြုံရာကျပန်း ဝင်လုပ်ရမယ်ဆိုရင် ဟိုဟာစပ်စပ်၊ ဒီဟာစပ်စပ်၊ ဘာမဆိုအကုန် လုပ်တတ်တယ်တဲ့။ တစ်ခုခုကို ထိထိရောက်ရောက်နဲ့ ဖြစ်ဖြစ်မြောက်မြောက် ကျွမ်းကျင် နိုင်နင်းစွာ လုပ်ဆောင်ပြစမ်းပါ ဆိုရင်တော့ ဖိုးသာဝနွားသိုး ချည်းပဲတဲ့။" "ဘာလဲဟ ဖိုးသာဝက။" "ဖိုးသာဝနွားသိုးက လူပုံအလယ်မှာတော့ တကယ်ပဲ ဝှေ့မယ့်ပုံမျိုးပေါ့ကွာ။ တကယ်လည်း ဆိုင်ကြရရော အမြီးထောင်ပြေးတဲ့ ကောင်လေ။"
"ဖြစ်ဖြစ်မြောက်မြောက် မစွမ်းဘူးပေါ့၊ ဟုတ်လား။ နေပါဦး သူက ဘာကိုကြည့်ပြောတာလဲ။" "လွှတ်တော်တွေ ထဲရောက်နေတဲ့ ခေါင်းပေါင်းစ တလူလူနဲ့ အမတ်တွေကို ကြည့်ပြောတာဟေ့။ အပြောကတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ နေရာမရခင်က။ တကယ်အလုပ်လုပ်ရတဲ့ အခါမှာတော့ အင်္ဂလိပ်လက်ထက်က အင်္ဂလိပ်လိုရေးထားတဲ့ ဥပဒေကိုတောင် လိပ်ပတ်လည်အောင် ဘာမှမသိသေးဘူး။ ဘာသာမပြန်ရသေးတဲ့ ဥပဒေ ၆ဝဝကို အမတ် ၆ဝဝက ဥပဒေတစ်ခုစီ မြန်မာလိုပြန်နိုင်တာမျိုး မဖြစ်သင့်ပေဘူးလား။" "ဥပဒေဝေါဟာရမပြောနဲ့ အင်္ဂလိပ်စာကို သူတို့ကော ရေးတတ်ဖတ်တတ် ကြလို့လား။" "အင်္ဂလိပ်စာဆရာတွေနဲ့ သင်ပေး နေတယ်ဆိုလား ကြားတာပဲ။ နှစ်နှစ်တော့ကြာသွားပြီ။ ဘာများပြောင်းလဲမှာလဲ မသိဘူး။" "သူငယ်ချင်း၊ နိုင်ငံရေးသမားကို ပရက်ဖက်ရှဲနဲလ် နိုင်ငံရေးသမားပီပီပြင်ပြင် မဖြစ်ကြသေးလို့ အားမလို အားမရမဖြစ်ကြပါနဲ့။ ဆက်ပြီးလေ့လာ ဆည်းပူးကြပါ
စေဦး။ သူတို့ကိုလည်း အချိန်ပေးရမှာပဲလေ။"
"ကိုချစ်နိုင်ကဘယ်ပါတီ ၀င်မှမဟုတ်ဘဲနဲ့ ရှေ့နေလိုက်ပြီး ကာကွယ်မနေစမ်းပါနဲ့ကွာ။ အမတ်ဟာ အမတ်ရဲ့ အဓိကအလုပ်ဖြစ်တဲ့ ဥပဒေဟောင်းတွေကို ခေတ်ကာလနဲ့ညီအောင် ပြင်တတ်ရမယ်။ အခြေအနေနဲ့ ဆီလျော်အောင် ပြောင်းနိုင်ရမယ်။ နိုင်ငံနဲ့လူမျိုး အကျိုးရှိမယ့် ဥပဒေအသစ်တွေ ရေးဆွဲနိုင်ရမယ်။ ဒါဟာ ဥပဒေပြုလွှတ်တော် အမတ်တွေရဲ့ အဓိက အလုပ်မဟုတ်လား။ ဌာနဆိုင်ရာနဲ့ တခြားအဖွဲ့အစည်းတွေက မူကြမ်းရေးဆွဲ လာတာကို လုံးကြီး တင်ထည့်ပါ။
နငယ်အမြီးရှည်ပါလို့ ပြောရုံ၊ မဲပေးရုံလေး သက်သက်ကတော့ ပေးထားရတဲ့ လစာနဲ့တန်ရဲ့လား။ စဉ်းစားစရာပဲ။ နယ်ဘက်စီမံရေးမှာတော့ ဝင်ပါချင်တယ်။" "ဟေ့ သူငယ်ချင်း။ မင်းတို့ငါတို့ပဲ မဲတွေထောက်ခံ ပေးလာလို့ အရွေးခံရတဲ့ အမတ်တွေလေကွာ။ အခုမှ အပြစ်မတင်ပါနဲ့ဟ။ သူကြိုက်သလို လုပ်ပါစေ။" " Professional ဆိုတဲ့စကားလုံးတစ်ခု ကနေပြီး ကိုယ့်ကို အလင်းရောင်တစ်ခု ပေးလိုက်တယ်ကွကိုချစ်နိုင်ရ။ အုပ်ချုပ်တဲ့မင်းဟာ မင်းတာဝန်၊ မင်းအလုပ်ကို ကောင်းမွန်ကျေပွန်စွာ လုပ်တတ်ရမယ်။ ဝန်ထမ်းဟာ ဝန်ထမ်းတာဝန် ဝန်ထမ်းအလုပ်ကို ကျွမ်းကျင်နိုင်နင်းစွာ လုပ်ဆောင်ရမယ်။ အိမ်ထောင်ဦးစီးဖခင်ဟာ ဖခင်နေရာ ဖခင်အလုပ်ကို သူပီပီပြင်ပြင် သေသေချာချာ လုပ်ရမယ်။ သားဟာ သားတာဝန် သားနေရာက သားအလုပ်ကို ကောင်းမွန်စွာ လုပ်ရပါမယ်။ လူတိုင်းလူတိုင်းက ကိုယ့်နေရာ ကိုယ့်တာဝန် ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်မှ ရှင်သန်နေ လိမ့်မယ်လို့ တရုတ်ပညာရှိ ကွန်ဖျူးရှပ်စ်က မိန့်ဆိုခဲ့တယ်လေကွာ။ မလုပ်တတ်ရင်သွား၊ မလုပ်နိုင်ရင်သွား။ ငကန်းသေရင် ငစွေလာ။ ဒါပဲ။"
"ဟေ့ကောင် ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတာပါ မောင်ရာ။ ပြည်သူပြည်သားတွေက သူတို့ကိုယ်စား ရွေးချယ်လိုက်ကြတဲ့ သူတွေကပဲ ဥပဒေပြုတယ်။ အုပ်ချုပ်တယ်။ စီမံဆောင်ရွက်တယ်။ ပြည်သူကမကျေနပ်ရင် ဘယ်သူ့ကိုမဆို တာဝန်၊ နေရာကနေ ရုပ်သိမ်းခွင့်လည်း ရှိပါတယ်ဗျာ။" "ကိုချစ်နိုင် ၂ဝဝ၈ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးတွေ ပြဋ္ဌာန်းထားတာ စာထဲမှာရှိနေတာကို သူငယ်ချင်း ပြောနေတာဟ။ ဒါကိုအသက်ဝင်အောင် ရေးဆွဲအကောင်အထည် ဖော်ကြရမယ့် တာဝန်ရှိသူတွေက ဘယ်သူတွေတုန်း။ ဥပဒေ၊ နည်းဥပဒေတွေ၊ Right to Recall ကို ပြည်သူပြည်သား အမှန်တကယ်အာဏာ ပိုင်စိုးရေး
အတွက် ဥပဒေအတည်ပြု ပြဋ္ဌာန်းလက်မှတ် ရေးထိုးမယ့်သူက ဘယ်သူဘယ်ဝါတုန်း။" "ပြည်သူပြည်သားတွေက သိကြပါတယ်။" "ဒီမိုကရေစီ၊ ဒီမိုကရေစီနဲ့ ပါးစပ်ပြဲအောင် တချို့ကအော်ခဲ့ပြီး တကယ်တမ်း ဒီမိုကရေစီအခွင့် အရေး၊ လူ့အခွင့်အရေးတွေ၊ အခြေခံဥပဒေက ရေးဆွဲပြဋ္ဌာန်း ပေးပြီးသားကို ဆက်လက် အကောင်အထည် မဖော်တတ်ဘဲ မျက်နှာပြောင်ပြောင်နဲ့ ရှောင်လွှဲ နေကြတဲ့ သူတွေဟာ ဘယ်သူတွေလဲ။"
"ဒါတွေဟာ တဖြည်းဖြည်းတော့ ဖြစ်လာမှာပါ။" "ကိုချစ်နိုင် မင်းကတော့ ပါတီစွဲ ဝါဒစွဲမရှိလို့ ဖြူစင်ရိုးသားစွာနဲ့ ပြောနေတာ။ လစာငွေကျပ်သိန်း ၅ဝ ရယူနေတဲ့လူတွေ၊ ငွေကျပ် ၄၅သိန်း၊သိန်း ၄ဝ၊ သိန်း ၃ဝ၊ သိန်း ၂ဝ၊ စရိတ်ဘာဘာ
ညာညာမပါသေး လစာငွေကျပ် ၁ဝသိန်း၊ ခြောက်သိန်း လစဉ်ရယူနေကြတဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးလုပ်ပြီး ထမင်းရှာစားနေကြတဲ့ လူတွေဟာ အာဏာမရှိခင်က ဒီမိုကရေစီရရေးတို့ အရေးအော်ဟစ်ခ့ြဲကသလောက်နေရာထိုင်ခုံ
ကလေးလည်းရရော ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေး အကြောင်းကို လေသံတောင်မဟ ကြတော့ပါလား။ ပြည်သူလူထုရဲ့လက်ထဲမှာ တာဝန်မကျေတဲ့၊ လုပ်ငန်းဆောင်တာ မအောင်မြင်တဲ့၊ ကိုယ်ကျင့်တရားအကျင့် စရိုက်တွေ မကောင်းကြတဲ့ လွှတ်တော်အဆင့်ဆင့်က လူတွေကို ပြန်လည်ခေါ်ယူခွင့် ရှိသင့်တယ် မဟုတ်လား။ ငါများပါသွား မှာလားဆိုပြီး စိုးရိမ်စိတ်နဲ့ ဒီလိုဒီမိုကရေစီ အခြေခံ အခွင့်အရေးမျိုးတွေကို ဥပဒေရေးရ ကောင်းမှန်းလည်းမသိ၊ ပေးရကောင်းမှန်းလည်း မသိတဲ့ နိုင်ငံရေးသမား မျိုးကိုဘာလို့ တို့ကဆက်ထားမှာလဲ။ မကျွမ်းကျင်ရင် တာဝန်မယူပါနဲ့။ လုပ်ရင်လည်း မှန်မှန်ကန်ကန် ဖိဖိစီးစီးလုပ်ကြပါ။ ကိုယ်ကပရဖက်ရှ်နဲလ်မဖြစ်တဲ့ နိုင်ငံရေး သမားတွေကို ပြည်သူလူထု ကိုယ်စားဆိုပြီး သူတို့အာဏာ မဏ္ဍိုင်သုံးရပ် ပုံအပ်နှင်းခဲ့ကြတာတော့ မှားနေကြပြီလား။ သုံးသပ်ဝေဖန်ရမယ့် အချိန်ကိုတော့ ရောက်လာပြီ။ စတုတ္ထမဏ္ဍိုင် ဘာလုပ်နေလဲ။" "ပြောင်းလဲချိန်တန်ပြီလို့ ဆိုချင်တာလား။"
"စူးနေရာစူး၊ ဆောက်နေရာဆောက်၊ သူ့နေရာနဲ့သူ ကျွမ်းကျင်လိမ္မာတဲ့ ပုဂ္ဂိုလ်မျိုးကို တာဝန်မပေးဘဲ လက်ညှိုးထောင်၊ ခေါင်းညိတ်၊ အားလုံးကောင်းနေပါ သည်ခင်ဗျားဆိုတဲ့ လူစားတွေနဲ့သာ ရှေ့ဆက်သွားနေမယ် ဆိုရင်တော့
မြန်မာနိုင်ငံရဲ့နေရာဟာ ကမ္ဘောဒီးယားနဲ့ လာအိုရဲ့အောက်မှာ ၇၅ ဘူတာလောက် နောက်ကျကျန်ရစ် တော့မှာပဲ။" "ထားပါလေ။" "ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပြည်တွင်းမှာ အများကြီး။ နယ်ပယ်အသီးသီးရှိ နေကြပေမယ့်
နိုင်ငံခြားသားဆိုမှ အရည်အဆင့်မီတယ်လို့ တလွဲဆံပင်ကောင်း နေတာဟာလည်း ကျွမ်းထိုးမှောက်ခုံ ကျရှုံးနေကြရတဲ့ အကြောင်းတစ်ခု ဖြစ်ပုံရတယ်။"
"ကဲကဲ သူငယ်ချင်း မေးချင်တာလည်း မေးပြီးပြီ။ ပြောချင်တာလည်း ပြောပြီးပြီ။ ဒီလိုရင်ဖွင့်ခွင့် ရှိနေသေးတာကိုပဲ ကျေးဇူးတင်လိုက်ပါကွယ်။"
ချစ်နိုင် (စိတ်ပညာ)
ရတနာပုံနေ့စဉ်သတင်းစာ စာ (၄)
#Themyawadydaily
No comments:
Post a Comment