Social Icons

Pages

Thursday, May 17, 2018

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ၏ စည်းကမ်းမဲ့ မြေစာစွန့်ပစ်နေမှုများကို အရေးယူ ဆောင်ရွက်သွားမည်



ရန်ကုန် ၁၇-၅-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ၏ စည်းကမ်းမဲ့ မြေစာစွန့်ပစ် နေမှုများကို အင်အားသုံးဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၏ သတင်းများအရ သိရသည်။

ရန်ကုန်မြို့ကို စီးပွားရေးမြို့တော်အဖြစ် တည်ဆောက်နေသဖြင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံ ဆောက်လုပ်မှုများ၊ နေအိမ်တိုက်တာ အဆောက်အအုံ ဆောက်လုပ်မှုများ၊ အိမ်ရာဆောက်လုပ်မှု များလည်း တိုးတက်များပြားလာခဲ့သည်။ ထိုသို့တိုးတက်များပြား လာနေသော ဆောက်လုပ်ရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် မြေကြီးများကို စွန့်ပစ်ရန်အတွက် နေရာသတ်မှတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဆက်သွယ် ဆောင်ရွက်ရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ထိုသို့ ဆက်သွယ်အကြောင်းကြား လာသည့် ဆောက်လုပ်ရေး လုပ်ငန်းများကို မြေကြီးများ စွန့်ပစ်ရန် နေရာသတ်မှတ် ပေးသည်။

အဆိုပါ စွန့်ပစ်မြေကြီးများကို ပြုပြင်ဆောင်ရွက်နေသည့် လမ်းများတွင် လမ်းပခုံး ဖြည့်တင်ရာတွင် အသုံးပြုသည်။ ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ အနေဖြင့် အဆိုပါ သတ်မှတ်ပေးသည့် လမ်းများတွင် လမ်းပခုံးအဖြစ် အသုံးပြုနိုင်ရန် စွန့်ပစ်မြေကြီးများကို ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း သတ်မှတ်ပေးထားသည့် လမ်းနေရာများတွင် သွားရောက် စွန့်ပစ်ရသည်။ ထိုသို့ သွားရောက်စွန့်ပစ်ရာ တွင်မော်တော်ယာဉ်များကို ကုမ္ပဏီအမှတ်တံဆိပ် တပ်ဆင်ထားရန်နှင့် လမ်းများ ညစ်ညမ်းမှု မဖြစ်စေရန်စသည့် စည်းကမ်းသတ်မှတ်ချက် များကိုလည်း လိုက်နာဆောင်ရွက် ရမည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများမှ စွန့်ပစ်မြေကြီးများ ပုံရန်နေရာမရှိတော့၍ ရန်ကုန်မြို့စွန်လမ်းများသို့ သွားရောက်စွန့်ပစ်ရန် သတ်မှတ်ပေးခဲ့ရာ အချို့သော ဆောက်လုပ်ရေး လုပ်ငန်းများမှာ နီးစပ်ရာနေရာ ဒေသများတွင် အလွယ်တကူ စွန့်ပစ်ခဲ့ကြသည်။

ထို့ကြောင့်စည်းကမ်းမဲ့ မြေစာစွန့်ပစ်နေမှုများကို အင်အားသုံး ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...