Social Icons

Pages

Tuesday, April 24, 2018

၂ဝ၁၈ ခုနှစ်၊ နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် ရေကြောင်း လူငယ်အခြေခံ သင်တန်းများနှင့် တန်းမြင့်သင်တန်းများ စတင်ဖွင့်လှစ်


ရေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) နှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) သင်တန်းဖွင့်ပွဲ ကျင်းပစဉ်။

လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)နှင့် လေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)သင်တန်းဖွင့်ပွဲ ကျင်းပစဉ်။

ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းသား၊သင်တန်းသူများက တပ်မတော်(ရေ)မှစစ်သင်္ဘောကို ကြည့်ရှုလေ့လာကြစဉ်။

လေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းသား၊ သင်တန်းသူများက သင်တန်းဖွင့်ပွဲတွင် ပြသထားသော လေယာဉ်ငယ်များကို ကြည့်ရှုလေ့လာစဉ်။

နေပြည်တော် ၂၄-၄-၂ဝ၁၈

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အသိ ပညာများ ဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာ ပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများကို ယနေ့တွင် သက်ဆိုင်ရာမြို့နယ်အသီးသီး၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ကြသည်။

ရေကြောင်းပညာများကို စိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ် စည်းကမ်း ကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ လှေလှော် အားကစား နည်း၊ ရွက်တိုက် အားကစားနည်းများအတွက် ထူးချွန်သည့် အားကစားသမားများ မွေးထုတ်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် တပ်မတော်(ရေ)က ကျောင်းသား၊ ကျောင်းသူ လူငယ် မောင်မယ်များအတွက် ရေကြောင်းလူငယ် အခြေခံသင်တန်းအမှတ်စဉ် (၁/၂ဝ၁၈)နှင့် ရေကြောင်း လူငယ်တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈)တို့ကို သက်ဆိုင်ရာ မြို့နယ်များ၌ ယနေ့နံနက်ပိုင်းတွင် တစ်ချိန်တည်းဖွင့်လှစ်ခဲ့ရာ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူမြို့၊ ဧရာဝတီတိုင်း ဒေသ ကြီးတွင် ပုသိမ်မြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်း ဒေသကြီးတွင် မြိတ်မြို့၊ ထားဝယ်မြို့၊ ကျွန်းစုမြို့နှင့် ဟိန်းဇဲတို့ရှိ ရေကြောင်းလူငယ် စခန်းများ တွင် စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၅၈ဝ ဦးဖြင့် အသီးသီး ဖွင့်လှစ်ကြပြီး အဆိုပါဖွင့်ပွဲများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ ဒုတိယတိုင်းမှူးများနှင့် ရေတပ်စခန်းဌာနချုပ်မှူးများ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။ရေကြောင်းလူငယ် အခြေခံ သင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် ရေကြောင်းလမ်းညွှန်အခြေခံ သဘော တရားများ၊အသုံးချ ရေကြောင်းလမ်းညွှန် ဆိုင်ရာများ၊ နက္ခတ္တဗေဒနှင့် ဂျီပီအက်စ် အပါအဝင် ရေကြောင်း သွားလာရေးဆိုင်ရာများ၊ အခြေခံအချက်ပြဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက် တိုက်နည်း အဆင့်မြင့် ပညာရပ် တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရေကြောင်းလူငယ် အခြေခံသင်တန်း နှင့် တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈)၊ ကို ယနေ့မှ မေ ၁၈ ရက်ထိ ရက်သတ္တပတ် လေးပတ်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းသင်တန်းများကို ၂ဝ၁၄ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၄ ခုနှစ်တွင် ဧပြီ ၂၃ရက်မှ မေ ၃ဝ ရက်အထိ ရက်သတ္တပတ်ခြောက် ပတ်ဖြင့်လည်းကောင်း၊ ၂ဝ၁၅ ခုနှစ်တွင် ဧပြီ၂၇ ရက်မှ မေ ၂၂ ရက်အထိ ရက် သတ္တပတ် လေးပတ်ဖြင့်လည်းကောင်း၊ ၂ဝ၁၆ ခုနှစ်တွင် ဧပြီ ၂၅ ရက်မှ မေ ၂ဝ ရက် အထိ ရက်သတ္တပတ် လေးပတ်ဖြင့် လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်တွင် ဧပြီ ၂၄ ရက်မှ မေ ၁၉ ရက်အထိ ရက်သတ္တပတ် လေးပတ်ဖြင့် လည်းကောင်း ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...