Social Icons

Pages

Tuesday, April 24, 2018

အောင်လအန်ဆန်၏ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုကာကွယ်ပွဲ ဇွန် ၂၉ ရက်တွင် ကျင်းပမည်



ရန်ကုန် ၂၄-၄-၂ဝ၁၈

MMA ဘက်စုံကိုယ်ခံပညာသုံး ပြိုင်ပွဲတွင် ဝိတ်တန်းနှစ်ခု၌ ကမ္ဘာ့ချန်ပီယံဆု ရရှိထားသည့် မြန်မာကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲကို ဇွန် ၂၉ ရက်တွင် ကျင်းပမည် ဖြစ်သည်။

အောင်လအန်ဆန်သည် ယခုနှစ်တွင် ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ နှစ်ပွဲယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဇွန်လတွင် မစ်ဒယ်ဝိတ်တန်း၊ စက်တင်ဘာလတွင် လိုက်ဟဲဗီးဝိတ်တန်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ MMA ပြိုင်ပွဲများကို တာဝန်ယူ ကျင်းပနေသည့် ONE Championship အဖွဲ့အစည်းသည် မူလက ၂ဝ၁၈ ခုနှစ်တွင် ရန်ကုန်မြို့၌ ပြိုင်ပွဲတစ်ကြိမ်သာ ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ သုံးကြိမ်အထိ ပြောင်းလဲကျင်းပမည် ဖြစ်သည်။

အောင်လအန်ဆန်သည် ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ဘက်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ေ အာင်လအန်ဆန်သည် ၂ဝဝ၅ ခုနှစ်တွင် MMA ပြိုင်ပွဲ စတင်ယှဉ်ပြိုင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲများ စတင်ယှဉ်ပြိုင် ခွင့်ရရှိခဲ့သည်။

၂ဝ၁၇ ခုနှစ် ဇွန် ၃ဝ ရက်တွင် ကျင်းပသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ပွဲတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို ရှုံးကြွေးပြန်ဆပ်ကာ ပထမဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည်။ ထို့ပြင် ယခုနှစ် ဖေဖော်ဝါရီတွင် ဝိတ်တန်းတက်ကာ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ပွဲအဖြစ် ဘရာဇီးနိုင်ငံသား မာချာဒိုနှင့် ယှဉ်ပြိုင်ရာ ပထမအချီမှာပင် ခြေကန်ချက်ဖြင့် အနိုင်ယူပြီး ဝိတ်တန်းနှစ်ခု၌ ကမ္ဘာ့ချန်ပီယံဆုရသည့် ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့သည်။

လက်ရှိတွင် အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲများ ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံ၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...