Social Icons

Pages

Monday, April 2, 2018

ကြံဈေးကောင်းရရှိ၍ ပြည်တွင်း၌ ကြံစိုက်ဧက ၃၅ ရာခိုင်နှုန်းခန့် တိုးတက်လာ



မန္တလေး ၂-၄-၂ဝ၁၈

၂ဝ၁၇-၂ဝ၁၈ ကြံရာသီတွင် ကြံစိုက်တောင်သူများ အနေဖြင့် ကြံဈေးကောင်းရရှိ၍ ပြည်တွင်း၌ ကြံစိုက်ဧက ၃၅ ရာခိုင်နှုန်းခန့် ပိုမိုတိုးတက်လာကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်း ရှင်များအသင်း (မန္တလေး)မှ သိရသည်။

၂ဝ၁၇-၂ဝ၁၈ကြံရာသီတွင် မြန်မာနိုင်ငံ၌ ကြံစိုက်ဧကပေါင်း ငါးသိန်းခန့်ရှိပြီး သကြားထုတ်လုပ်မှု တန်ချိန် ခြောက်သိန်းခန့်ထိ ရောက်ရှိခဲ့ရာ ယခု ၂ဝ၁၈-၂ဝ၁၉ ကြံရာသီတွင် ပြည်တွင်း ကြံစိုက်ဧကမှာ ၃၅ ရာခိုင်နှုန်းခန့်ပိုမိုတိုးတက် လာကြောင်း သိရသည်။

"ကြံစိုက်ဧကများ လာတော့ ပြည်တွင်း သကြားထုတ်လုပ်မှုလဲ များလာမယ်။ တောင်သူတွေကြံ ဈေးကောင်းရမှ ကြံစိုက်ဧကတွေက ပိုတိုးလာမှာပါ။ သကြားဈေးကောင်းမှ စက်ပိုင်တွေက ကြံဈေးကောင်းပေး ဝယ်နိုင်မယ်။ နောက်သုံးနှစ် အတွင်းသကြား တန်ချိန် သန်းချီထုတ်နိုင်ဖို့၊ ပြည်တွင်းထုတ်လုပ်မှု တိုးတက်ဖို့ ပြည်ပကသကြား တင်သွင်းတာကို စိစစ်ထိန်းချုပ်သင့်တယ်။ ဒါမှ ပြည်တွင်း ထုတ်လုပ်မှုကို အားပေးရာ ရောက်မယ်"ဟု အဆိုပါ အသင်းဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပြသည်။

သကြားစက် ပိုင်ရှင်များသည် သကြားဈေးကောင်းမှသာ ကြံဈေးကောင်း ပေးနိုင်မည်ဖြစ်ပြီး ကြံစိုက်တောင်သူ များမှာလည်း ကြံဈေးအနေဖြင့် တစ်တန်လျှင် ငွေကျပ် ၄ဝဝဝဝ အောက် လျော့နည်းပါက အခြားသီးနှံဖြင့်ယှဉ်၍ စိုက်ပျိုးမည် မဟုတ်ကြောင်း ၎င်းက ဆက်လက်၍ ပြောပြသည်။

ပြီးခဲ့သည့်၂ဝ၁၆-၂ဝ၁၇ ကြံစိုက်ရာသီတွင် ကြံစိုက်ဧကလျော့ နည်းခဲ့၍ ကြံစိုက်ဧကစုစုပေါင်း ၃၆၃၂၅၁ ဧက စိုက်ပျိုးခဲ့ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းသကြား ထုတ်လုပ်မှုမှာ နှစ်စဉ်တန်ချိန် သုံးသိန်းခုနစ်သောင်း ခန့်သာရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ကြံရာသီ ကုန်ဆုံး၍ သကြားစက်များ ရပ်နားထားကာ သကြားကို Re-export ပြန်လည်ခွင့်ပြု နိုင်ရန်အတွက် အစိုးရပိုင်းက စီစဉ်သုံးသပ်မှုများ ပြုလုပ်လျက်ရှိနေပြီး မြန်မာနိုင်ငံသို့ သကြားတင်သွင်းမှုသာ တရားဝင်ဖြစ်၍ တရုတ်နိုင်ငံသို့ ပြန်လည် export တင်ပို့ရမှုမှာ တရားမဝင် မှောင်ခိုဈေးကွက် ဖြစ်နေသည့်အတွက် ပြည်တွင်း သကြားဈေးကွက် တိုက်ရိုက် ထိခိုက်မည်ကို ပြည်တွင်း သကြားလုပ်ငန်းရှင်များ စိုးရိမ်လျက်ရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...