Social Icons

Pages

Tuesday, March 13, 2018

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းကြောင်း၌ KIA အကြမ်းဖက်သောင်းကျန်းသူ များ၏ အဖျက်အမှောက် လုပ်ရပ်များကြောင့် ဒေသတွင်းကုန်စည် စီးဆင်းမှုများပျက်ပြား၊ တပ်မတော် စစ်ကြောင်းများက နယ်မြေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများ ပုံမှန်ပြန်လည် စီးဆင်းလာသဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ၀မ်းသာပျော်ရွှင်


မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်မှ ပူတာအိုမြို့သို့ တပ်မတော်ပိုင်လေယာဉ်ဖြင့် ပူတာအိုခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ 
ပို့ဆောင်ပေးစဉ်။


ကဝပန်ကျေးရွာဟောင်းအနီးရှိတံတားအား ပြန်လည်ပြုပြင်နေမှုကိုတွေ့ရစဉ်။


တပ်မတော်ပိုင်မော်တော်ယာဉ်များဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် သက်သာပစ္စည်းများနှင့်ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ပေးစဉ်။

KIA အကြမ်းဖက်သောင်းကျန်းသူများက ဇနန်သံပေါင်ဘေလီတံတားနှင့် လမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ယာဉ်၊ယန္တရားများအား မီးရှို့ဖျက်ဆီးထားမှုကို တွေ့ရစဉ်။

ဆွမ်ပရာဘွမ်မြို့နယ် ထိန်ပိုင်ကျေးရွာဟောင်း အနီးလမ်းကြောင်းအား ကျင်းတူးဖြတ်တောက် ထားမှုကို တွေ့ရစဉ်။

KIA အကြမ်းဖက် သောင်းကျန်းသူများ ဖျက်ဆီးထားသည့် တံတားအား ပြန်လည်ပြုပြင်ပြီးစီးမှုကို
 တွေ့ရစဉ်။

နေပြည်တော် ၁၃-၃-၂ဝ၁၈

ကချင်ပြည်နယ်၊ တနိုင်းဒေသ၊ ကောင်ရာပါအနီးပတ်ဝန်းကျင်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက မြန်မာ့အဖိုးတန်သယံဇာတများဖြစ်သော ရွှေနှင့် ပယင်း တရားမ၀င်တူးဖော်ခြင်းများကြောင့် သဘာဝပတ်ဝန်း ကျင်နှင့် ဂေဟ စနစ်ပျက်စီးမှုကို ဖြစ်ပေါ်စေသဖြင့် တပ်မတော်စစ်ကြောင်းများက ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှစတင်၍ တားဆီးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့တပ်မတော်စစ်ကြောင်းများ၏ တားဆီးရှင်းလင်းနေမှုများကို လက်တုန့် ပြန်သည့်အနေဖြင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်း၌ KIA အကြမ်းဖက် သောင်းကျန်းသူများသည် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၂၈ ရက်မှစတင်ကာ လမ်းလုပ်သားများအား ဖမ်းဆီး၍ မြေဖြတ်ကျင်းများ အဓမ္မတူးခိုင်းခြင်း၊ တံတားများနှင့် လမ်းပြုပြင်ရေး ဆောင်ရွက်နေသည့် ယာဉ်၊ ယန္တရားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် တပ်မတော် ၏ ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ယာဉ်တန်းများအား ချောင်းမြောင်းတိုက်ခိုက် မိုင်းခွဲခြင်း များပြုလုပ်ခဲ့သဖြင့် ဆက်သွယ်မှုပြတ်တောက်ပြီး မော်တော်ယာဉ်များ သွားလာမရဖြစ်ခြင်း၊ ဒေသတွင်း ကုန်စည်စီးဆင်းမှုများပျက်ပြားခြင်းနှင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ပူတာအိုခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားသောက်ရေးတွင် အခက်ခဲများဖြစ်ကာ စိုးရိမ် ကြောင့်ကြထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ်များမှာ KIA အကြမ်းဖက်သောင်းကျန်းသူများသည် ဇန်န၀ါရီ ၂၇ ရက်တွင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းကြောင်း၌ လမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လမ်းတံတားဆောက်လုပ်ရေး ကုမ္ပဏီများသို့ လုပ်ငန်းများရပ်ဆိုင်း ထားရန် ခြိမ်းခြောက်စာများပေးပို့ခဲ့ပြီး ဇန်န၀ါရီ ၂၈ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ဆွမ်ပရာဘွမ်မြို့အနီး မိုင်တိုင် ၁၁၁ ရှိ ဇနန်သံဘောင်ဘေလီတံတားနှင့် လမ်းပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် မန်းပြည်တံခွန်ကုမ္ပဏီပိုင် ယာဉ်၊ ယန္တရားများအား မီးရှို့ ဖျက်ဆီးခြင်း၊ ဇန်န၀ါရီ ၂၉ ရက်နံနက်ပိုင်းတွင် မန်းပြည်တံခွန်ကုမ္ပဏီမှ လမ်းပြုပြင်ရေး ဆောင်ရွက်နေသည့် လမ်းလုပ် သားများအား ထိန်ပိုင်ကျေးရွာဟောင်းအနီး မိုင်တိုင်အမှတ် (၉/၇)နေရာ၊ နမ့်ခမ်းခကျေးရွာဟောင်းအနီး မိုင်တိုင်အမှတ် ၈၆ နေရာနှင့် က၀ပန်ကျေးရွာ ဟောင်းအနီး မိုင်တိုင်အမှတ် ၈၁ နေရာတို့တွင် မြေဖြတ် ကျင်းများ အတင်းအဓမ္မတူးခိုင်း ခြင်း၊ ဇန်န၀ါရီ ၃၁ ရက်တွင် ဇနန်သံဘောင်ဘေလီတံတားကြမ်းခင်းများအား ထပ်မံမီးရှို့ ဖျက်ဆီးခြင်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စီးခဲ့သည့် လပြည့်ကုမ္ပဏီပိုင် ဘက်ဟိုးယာဉ် ၁ စီးအား ၀ဒက်ကျေးရွာ အနီး မိုင်တိုင် ၁၇၉ နေရာ၌ မီးရှို့ဖျက်ဆီးခြင်းနှင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပူတာအို မြို့နယ်ရှိ ဆွမ်ပရာဘွမ်-ပူတာအိုသွားကားလမ်း မိုင်တိုင်အမှတ်(၁၄၇/၆-၇)ရှိ သံဘောင် ဘေလီတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့ကာ လမ်းကြောင်းအား ဖျက်ဆီးထိန်းချုပ်ထားခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက်နှင့် မတ် ၈ ရက်တို့တွင် ပူတာအိုမြို့နယ်အတွင်း ပုံမှန် အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းများကိုလည်း KIA အကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်းပစ်ခတ် မိုင်းဆွဲတိုက်ခိုက်ခြင်း ၂ ကြိမ် ဆောင်ရွက်ခဲ့သည်။

၎င်းဖြစ်စဉ်များကြောင့် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်၍ တပ်မတော်စစ်ကြောင်းများက ယင်းလမ်းကြောင်းအနီး ပတ်ဝန်းကျင်အား နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ KIA အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့သည်။

ထိုသို့ KIA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်ဖျက်ဆီးမှုဖြစ်စဉ် များကြောင့် မော်တော်ယာဉ် များသွားလာမရဖြစ်ပြီး စားသောက်ရေးတွင် အခက်အခဲများ ဖြစ်လျက်ရှိသည့်အတွက် သက်ဆိုင်ရာ ကချင်ပြည်နယ် အစိုးရနှင့် တိုင်းစစ်ဌာနချုပ်တို့က နိုင်ငံတော်သမ္မတရုံးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံ တပ်မတော်လေယာဉ်များဖြင့် သက်သာပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ပေး နိုင်ပါရန် တင်ပြတောင်းခံလာပါသည်။ သို့ဖြစ်၍ တပ်မတော်အနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက်တို့တွင် ပူတာအို ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် သက်သာပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများကို မြစ်ကြီးနားလေတပ်စခန်း ဌာနချုပ်မှ ပူတာအိုမြို့သို့ တပ်မတော်ပိုင်လေယာဉ်များဖြင့် ၅ ခေါက် ပို့ဆောင်ပေးခဲ့သည်။

ယခုအခါ တပ်မတော်စစ်ကြောင်းများက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းအား လုံခြုံရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့နှင့် လမ်းပြုပြင်ရေး ကုမ္ပဏီများက လမ်းကြောင်း ပေါ်ရှိ ပျက်စီးသွားသည့် လမ်း၊ တံတားများအား မတ် ၅ ရက်တွင် ပြန်လည်ပြုပြင်နိုင်ခဲ့သဖြင့် တပ်မတော်ပိုင်မော်တော်ယာဉ်များဖြင့် မတ် ၇ ရက်တွင် မြစ်ကြီးနားမြို့ရှိ သက်သာ ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများကို ပို့ဆောင်ပေးခဲ့ရာ မတ် ၁၀ ရက်တွင် ပူတာအိုမြို့သို့ ရောက်ရှိခဲ့ခြင်း၊ လမ်းကြောင်းလုံခြုံမှုရှိ၍ မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ခြင်း၊ ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပုံမှန်ပြန်လည် စီးဆင်း လာခြင်းနှင့် ကုန်ဈေးနှုန်းများပြန်လည် ကျဆင်းလာခဲ့ခြင်းတို့ကြာင့် ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုများကင်းဝေးကာ ၀မ်းသာပျော်ရွှင် ကျေနပ် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...