Social Icons

Pages

Tuesday, March 6, 2018

မန္တလေးတိုင်း ဒေသကြီးအတွင်း ငွေကျပ် ၄၁ ဘီလီယံကျော်သုံးစွဲ၍ ဆောင်ရွက်နေသော ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဧပြီလတွင်ပြီးစီးမည်



မန္တလေး ၆-၃-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများ ကမ်းပြိုမှု ကာကွယ်ပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ငွေကျပ် ၄၁ ဒသမ ၈၇ ဘီလီယံသုံးစွဲ၍ နေရာ ၁၉ ခုတွင် ဆောင်ရွက်လျက်ရှိရာ ဧပြီလတွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောပြ၍ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း၁၂ ခု၊ ဖြည့်စွက်ရန်ပုံငွေဖြင့် လုပ်ငန်းခြောက်ခုနှင့် သဘာဝဘေးရန်ပုံငွေဖြင့် လုပ်ငန်းတစ်ခုတို့ကို ဆောင်ရွက်နေပြီး ဖေဖော်ဝါရီ လကုန်တွင် အချို့သော လုပ်ငန်းများမှာ ၅ဝ ရာခိုင်နှုန်းခန့် ပြီးစီးကာ အချို့မှာ ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

"ကမ်းပြိုကာကွယ်တဲ့ လုပ်ငန်းကြောင့် စိုက်ပျိုးမြေ၊ လူနေအိမ်၊ စေတီပုထိုး၊ ပျက်စီးမှုမရှိအောင် ထိန်းသိမ်းပေးနိုင်လို့ ပြည်သူတွေအတွက် အကျိုးရှိပါတယ်။ ဌာနက ကမ်းပြိုကာကွယ်ရေးတင် မဟုတ်ဘဲ မြစ်ကြောင်း၊ ရေလမ်းကြောင်း တည်ငြိမ်ဖို့ပါ လုပ်ပါတယ်။ ရေလမ်းကြောင်း တည်ငြိမ်တော့ ကမ်းပြိုမှု နည်းသွားတယ်။ ဒီလုပ်ငန်းတွေကို အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့အတူ ပြည်သူတွေပူးပေါင်း ဆောင်ရွက်ကြပါတယ်"ဟု ၎င်းကဆက်လက် ပြောပြသည်။

အဆိုပါလုပ်ငန်း ၁၉ ခုအနက်ဌာနမှ ကိုးခုနှင့် ပြင်ပကုမ္ပဏီများမှ ၁ဝ ခုတို့ကို အမရပူရ၊ မတ္တရာ၊ စဥ့်ကူး၊ ငါန်းဇွန်၊ မြင်းခြံ၊ တံတားဦး၊ ညောင်ဦးမြို့နယ်တို့တွင် ဆောင်ရွက်နေကြောင်းနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများတွင် ကွန်ကရစ် အခြေပြု ကျောက်စီခြင်း၊ Steel Basket အခြေပြု ကျောက်စီခြင်း၊ ကျောက်ဖြည့် မျောကရစ်တန်း၊ မျောတိုင်တန်း ကျောက်ဖြည့် ရေကာစသည့် နည်းလမ်းများ အသုံးပြုကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...