Social Icons

Pages

Tuesday, March 6, 2018

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရာတွင် ရှေးဟောင်းဌာနနှင့် နိုင်ငံခြားပညာရှင်တို့ ညှိနှိုင်းမှု အဆင်မပြေခြင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ပေးမည်



မန္တလေး ၆-၃-၂ဝ၁၈

မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ပူးပေါင်း၍ မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းကို အမေရိကန်နိုင်ငံ သံအမတ်ကြီးများ ရန်ပုံငွေအဖွဲ့က ထောက်ပံ့မှုဖြင့် ဒုတိယအကြိမ်ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် နိုင်ငံခြားပညာရှင်တို့ နှစ်ဖက်ညှိနှိုင်း မှုအဆင်မပြေခြင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောပြ၍ သိရသည်။

မန္တလေး အောင်မြေသာစံ မြို့နယ်ရှိ ရွှေနန်းတော်ကျောင်းကြီးကို အမေရိကန်နိုင်ငံ သံအမတ်ကြီးများ ရန်ပုံငွေ၊ World Monument Fund (WMF) ရန်ပုံငွေဖြင့် ဒုတိယအကြိမ် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရပ်ဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်း၊ စစ်ဆေးခြင်း၊ အကြံပြုခြင်းတို့ကို ကြီးကြပ်ဆောင်ရွက် ပေးရန်အတွက် ကြီးကြပ်မှုကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တွင်ကျင်းပ ပြုလုပ်ရာ အဆိုပါအစည်းအဝေး၌ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ရှေးဟောင်းသုတေသနနဲ့ အမေရိကန် သံအမတ်ကြီးတွေရဲ့ ပြောစကားတွေအရ ကိုယ်လုပ်ချင်တာနဲ့ ကိုယ်ဖြစ်ချင်တာတွေကို ကိုင်စွဲထားတာတွေ့ရပါတယ်။ အဓိကကတော့ ညှိနှိုင်းမှုအားနည်းတာ တွေ့ရပါတယ်။
ဒါကြောင့် ညှိနှိုင်းမှု အဆင်မပြေတာတွေ၊ အခုအစည်းအဝေးမှာ တင်ပြတာတွေကို ကြီးကြပ်မှုကော်မတီနဲ့ ပြန်လည်အသေးစိတ် ဆွေးနွေးပြီး ဖြစ်နိုင်သမျှ ရအောင်လုပ် ပေးသွားပါမယ်"ဟု ၎င်းက ပြောပြသည်။

ရွှေနန်းတော် ကျောင်းကြီးကို နိုင်ငံတကာ အကူအညီဖြင့် ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်နေခြင်းသည် နိုင်ငံ၏ပုံရိပ်ကို ကမ္ဘာ့အလယ်၌ တင့်တယ်စေရန်၊ နိုင်ငံတကာနှင့် ရင်းနှီးချစ်ခင်စွာ ဆက်ဆံရန်အတွက် အမေရိကန်သံအမတ်ကြီးများ ရန်ပုံငွေအဖွဲ့က တာဝန်ခံပြုပြင်ခြင်းကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် နိုင်ငံခြားပညာရှင်တို့၏ အဓိကမပြေလည်မှုမှာ နိုင်ငံခြားပညာရှင်များက ခိုင်မာမှုကို အဓိကထားပြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနကရှေးဟောင်း အဆောက်အအုံများ ရှေးမူမပျက်စေရန် အဓိကထားခြင်း ဖြစ်ကြောင်း မြန်မာမှုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောပြသည်။

"ရှေးမူမပျက်အောင် ပြင်မယ်ဆိုတဲ့ အဖွဲ့အစည်းနဲ့ ခိုင်မာမှုရှိအောင် ပြင်မယ်ဆိုတဲ့ အဖွဲ့အစည်းနှစ်ခု တစ်ဖက်နဲ့တစ်ဖက် သဘောတူညီမှု မရဘူး ဖြစ်နေပါတယ်။ ဒီအတိုင်းဆက်သွားရင် လုပ်ငန်းတစ်ခုလုံး ပျက်စီးသွားပါလိမ့်မယ်။ အကြီးမားဆုံး ပြဿနာ ဖြစ်နေတာက တိုင်လုံးတွေ အသစ်လဲတဲ့ကိစ္စပါ။ ကျောင်းအနောက်ဘက်မှာ တိုင်လုံးတွေ အကုန်လဲ လိုက်တဲ့ကိစ္စကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက လုံးဝမကြိုက်ပါဘူး။ ခိုင်မာတဲ့ဘက်က ကြည့်ရင် ကောင်းပေမယ့် ရှေးမူမပျက်တဲ့ ဘက်ကကြည့်ရင် အပြစ်ဖြစ်နေပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ရွှေနန်းတော် ကျောင်းကြီးကို ၂ဝ၁၄ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံ သံအမတ်ကြီးများ ရန်ပုံငွေအဖွဲ့မှ ပံ့ပိုးလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသိန်းကျော်ဖြင့် လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်နိုဝင်ဘာလ အတွင်း ထပ်မံ၍ ပံ့ပိုးလှူဒါန်းငွေ အမေရိကန်ဒေါ်လာ သုံးသိန်းကျော်ဖြင့် လည်းကောင်း ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...