Social Icons

Pages

Friday, February 16, 2018

ပညာမဲ့ လူမိုက်ကိုရှောင် ပညာရှိ သူတော်ကောင်းကို ဆည်းကပ်



အမိနိုင်ငံ၏ ပစ္စုပ္ပန် အန္တရာယ်နှစ်မျိုး 

''ယခုအခါ ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံတော် အနေဖြင့် အန္တရာယ် အမျိုးမျိုး ရင်ဆိုင်နေရသည်။ ယင်းအန္တရာယ်များအနက် အဓိက အန္တရာယ် နှစ်မျိုးမှာ ပြည်ပဗီလိန်များနှင့် ပြည်ပ ဗီလိန်များ၏ အလိုတော်ရိ ပြည်တွင်းလူမိုက်များ ဖြစ်ကြသည်။ ပြည်ပဗီလိန်များက လုပ်ကြံလှည့်စား လိမ်ညာထားသော ပြဿနာအတုများကို တစ်ခုပြီး တစ်ခုဖန်တီးပြီး ကျွန်ုပ်တို့ အမိနိုင်ငံအား တိုက်ခိုက်သည်။

တစ်ချိန်တည်း တစ်ပြိုင် တည်းမှာပင် ပြည်တွင်းလူမိုက်များ ကလည်း ဟန်ချက်ညီညီ အမိနိုင်ငံတော်နှင့် လူမျိုး၏ နောက်ကျောကို ဓားနှင့်ထိုးသည့် သဘော၊ သူခိုးဓားရိုးကမ်းသည့် သဘောဆန်သည့် အပြုအမူ၊ အပြောအဆို၊ အကြံအစည် များကို ပြုလုပ်လျက်ရှိကြသည်။ ပြည်ပ ဗီလိန်များနှင့် ပြည်တွင်းလူမိုက်များ စီမံချက် ရှိရှိဖြင့် အတိုင်အဖောက် ညီညီလှုပ်ရှားနေသည်များကို ဖော်ပြလိုသည်။

 ပြည်ပဗီလိန်များ၏ လှည့်စားထားသော ပြဿနာအတု 

ပြည်ပဗီလိန်များက နည်းဗျူဟာ တစ်ရပ်အနေဖြင့် ပြဿနာ အတုအမျိုးမျိုးကို လှည့်စား ဖန်တီးလျက်ရှိကြသည်။ ယင်းပြဿနာ အတုများတွင် ကျွန်ုပ်တို့ အမိနိုင်ငံနှင့် လူမျိုးအပေါ် အကောင်အထည်ဖော်မည့် ရေတိုရည်မှန်း ချက်နှင့် ရေရှည်ရည်မှန်းချက် ဟူ၍ရှိသည်။ပြဿနာတွင် ရည်ရွယ်ချက်နှစ်မျိုး ရှိသည်။ အများသိစေရန် တရားဝင် အသိပေး ကြေညာသော ရည်ရွယ်ချက်နှင့် ထိမ်ချန် လျှို့ဝှက်ထားသော ရည်ရွယ်ချက်ဖြစ်သည်။ အများသိစေရန် အသိပေးပြောကြားသော ရည်ရွယ်ချက်သည် လိမ်ညာ လှည့်စားထားသော ရည်ရွယ်ချက် အတုအယောင်ဖြစ်သည်။ အများအား အသိမပေးဘဲ လျှို့ဝှက်ထိမ်ချန်ထားသော ရည်ရွယ်ချက်သည် အစစ်အမှန် ရည်ရွယ်ချက်ဖြစ်သည်။ ရည်ရွယ်ချက် အတုအယောင်ကို အသိပေး ပြောကြားခြင်းမှာ ယင်းတို့၏ ရည်ရွယ်ချက် အစစ်အမှန်ကို မသိရှိစေရန် အတွက်ဖြစ်သည်။ပြဿနာကို အပြီးအပိုင် ပြေလည်သွားစေနိုင်မည့် နည်းလမ်းရှာဖွေရန် ခဲယဉ်းသည်။ အဘယ်ကြောင့် ဆိုသော် လက်ရှိပြဿနာကို ဖြေရှင်းပေး၍ ပြေလည်တော့မည် ဆိုလျှင် အခြားသော ပြဿနာ အသစ်တစ်မျိုးကို အချိန်မီ ဖန်တီးပြန်သည်။ ပြဿနာ ပြေလည်မှု မရှိစေရန်အတွက် သဘောမကျယုတ္တိမတန်သော တောင်းဆိုမှု၊ အကျပ်ကိုင်မှု အမျိုးမျိုးကို ပြုလုပ်သည်။ ပြဿနာ ပြေလည်သွားစေ လိုသည့်ဆန္ဒ ယင်းတို့တွင်မရှိ။ပြဿနာ ပြေလည်သွားရေးထက် ပိုမိုရှုပ်ထွေး ခက်ခဲသွားရေးကို ဦးတည်သည်။ ညှိနှိုင်းဆွေးနွေး အဖြေရှာရာတွင် ပြဿနာ ပြေလည်ရေးအတွက် အဓိက သော့ချက်များကို ရှာဖွေခြင်း မပြုဘဲ ယင်းတို့၏ လျှို့ဝှက်ရည်ရွယ်ချက်၊ အောင်မြင်ရေးအတွက် အဓိက သော့ချက်များကိုသာ ရှာဖွေခြင်း ပြုသည်။ ပြဿနာကို ဖြေရှင်းလိုက်လျှင် ဦးကိုနင်းလျှင် ပဲ့ထောင်ပြီး ပဲ့ကိုနင်းလျှင် ဦးထောင်သွားစေမည့် သဘောကို အခြေခံ၍ ပြဿနာများကို ဖန်တီးထားသည်။

 ပြည်ပဗီလိန်များ ရရှိမည့် အကျိုးငါးမျိုး 

လှည့်စားပြဿနာ အတုများကို တစ်မျိုးပြီးတစ်မျိုး ဖန်တီးနိုင်သည့် အတွက် ပြည်ပဗီလိန်များ အတွက် အကျိုးတရား ငါးမျိုးရရှိသည်။ ယင်းတို့မှာ ယင်းတို့၏အတ္တ ကိုယ်ကျိုးစီးပွား အတိုင်းအတာ တစ်ခုအထိ တိုးတက်မှု ရရှိသည်။ယင်းတို့၏ မျှော်မှန်းထားသည့် နိုင်ငံရေး၊ လူမှုရေး အခြေအနေ အခင်းအကျင်းမျိုးကို မြန်မာနိုင်ငံတွင် တဖြည်းဖြည်း အကောင်အထည်ဖော် တည်ဆောက်နိုင်သည်။ ယင်းတို့အနေဖြင့် နိုင်ငံတကာ ဖိအားမျိုးစုံကို အသုံးပြုပြီး မြန်မာနိုင်ငံ၏ နယ်ပယ်အခန်းကဏ္ဍ အသီးသီးတွင် တရားဝင် စွက်ဖက် ခြယ်လှယ်နိုင်ခွင့် ရှိသည်။ ပြည်တွင်း အင်အားစု အသီးသီးကို စိတ်ဝမ်းကွဲအောင် ဖြိုခွဲနိုင်စွမ်းရှိသည်။ မြန်မာနိုင်ငံအား အင်အားအမျိုးမျိုး ကုန်ခန်းနေသော နိုင်ငံအဖြစ် ဆက်လက်ထိန်းသိမ်း ထားနိုင်သည်။ 

ပြည်တွင်းလူမိုက်များ 

ပြည်တွင်း လူမိုက်များသည် အမိနိုင်ငံနှင့် လူမျိုး၏ ဒုတိယ အန္တရာယ်ဖြစ်သည်။ အမိနိုင်ငံ ပြည်တွင်းမီးတစ်မျိုးဖြစ်သည်။ ဝါးကိုဖျက်သောပိုးသည် ဝါးပင်အတွင်းမှာပင် ပေါက်ပွားပြီး မိမိတည် မှီရာဝါးပင်ကိုဖျက်ဆီးသည်။ ဤသဘောအတိုင်း ပြည်တွင်းလူမိုက်များသည် အမိမြေမှာမွေး၊ အမိရေကိုသောက်၊ အမိကျွေးသော ထမင်းကိုစားပြီး ကျေးဇူးရှင် အမိမြေကို အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် တိုက်ခိုက်ဖျက်ဆီးသည်။ ပြည်တွင်းလူမိုက်များ တိုက်ခိုက် ဖျက်ဆီးပုံများမှာ ဤသို့ဖြစ်သည်။ 

မပြောသင့်သည့် အချိန်အခါ၌ ပြောဆိုသည် 

လူမိုက်သည် မိမိတည်မှီရာ ကျေးဇူးရှင် လောကတွင် အခြေအနေဆိုး အကျပ်အတည်း အန္တရာယ်များ ဖြစ်ပေါ်နေလင့်ကစား ယင်းတို့ကို ထည့်သွင်းတွက်ချက်ခြင်း မပြုဘဲ မိမိပြောလိုရာ စကားကိုပြောဆိုသည်။ ပြောလိုသော စကားသည် မိမိလောက၏ ပစ္စုပ္ပန် အခြေအနေ အရပ်ရပ်နှင့် မသင့်လျော်လင့်ကစား အသိဥာဏ်မဲ့စွာ ပြောဆိုသည်။ ဤထုံးကို နှလုံးမူ၍ ပြည်တွင်း လူမိုက်များသည် အမိနိုင်ငံ ကြုံတွေ့နေရသော အခြေအနေ၊ ပြဿနာ အခက်အခဲ၊ အန္တရာယ် အသွယ်သွယ်တို့ကို အခွင့်အလမ်း တစ်ရပ်အနေဖြင့် အသုံးချပြီး မပြောသင့်သောစကား၊ မပြုသင့်သော အပြုအမူ၊ မကြံစည်သင့်သော အကြံအစည်တို့ကို ကြံစည်လျက်ရှိကြသည်။ 

မဟုတ်မမှန်လိမ်ညာပြောဆိုသည် 

လူမိုက်သည် မိမိကျေးဇူးရှင် လောကအပေါ် မုသာဝါဒကံကို ရဲဝံ့စွာကျူးလွန်သည်။ မိမိမဟုတ်မမှန် လိမ်ညာသောစကားကြောင့် ကျေးဇူးရှင်လောက မည်သို့မည်ပုံ ထိခိုက်နစ်နာ သွားမည်ကို ထည့်သွင်းစဉ်းစားခြင်း မရှိ။

ဤထုံးကိုနှလုံးမူပြီး ပြည်တွင်း လူမိုက်များကလည်း နိုင်ငံနှင့် လူမျိုးအပေါ် အရှက်အကြောက် တရားကင်းမဲ့စွာ လိမ်ညာပြောဆိုနေကြသည်။ နှုတ်မှ သူတော်ကောင်း စကားမျိုးကို တွင်တွင်ပြောပြီး လိမ်ညာသည်။ သူမြတ်လောင်း အပြုအမူမျိုးကို အမျိုးမျိုးလုပ်ပြပြီး လှည့်စားသည်။ နိုင်ငံနှင့် လူမျိုးအတွက် စွန့်လွှတ်စွန့်စား အနစ်နာ ခံနေသည့် သူရဲကောင်းအဖြစ် ဟန်ဆောင်သည်။ ပြည်ပဗီလိန်အင်အားစု များက မြန်မာနိုင်ငံအပေါ် မဟုတ်မမှန် လုပ်ကြံစွပ်စွဲ လိမ်ညာ ပြောဆိုနေချိန်တွင် လူမိုက်များကလည်း ဟန်ချက်ညီညီဖြင့် မိမိနိုင်ငံနှင့် လူမျိုးအပေါ် ကာယကံ အနေဖြင့်တစ်မျိုး၊ ဝစီကံ အနေဖြင့် တစ်ဖုံလိမ်ညာလျက် ရှိနေကြသည်။

အကျိုးနှင့်မစပ်သည်ကိုပြောသည် 

လူမိုက်သည် မိမိတည်မှီရာ ကျေးဇူးရှင် လောက၏ အကျိုးစီးပွားကို ဆုတ်ယုတ်စေမည့် လောက၏ တည်ငြိမ်အေးချမ်းမှု၊ တည်တံ့ခိုင်မြဲမှုကို ပျက်စီးစေမည့် စကားမျိုးကိုပြောဆိုသည်။ ဤလူမိုက်၏ ထုံးကိုနှလုံးမူပြီး ပြည်တွင်း လူမိုက်များက ကျေးဇူးရှင် အမိနိုင်ငံ၏ အကျိုးစီးပွားများကို ဆုတ်ယုတ်စေမည့်၊ အမိနိုင်ငံ၏ တည်တံ့ခိုင်မြဲမှုကို ပျက်စီးစေမည့်၊ အမိနိုင်ငံ၏ ပြည်တွင်းအင်အားစု အမျိုးမျိုးပြိုကွဲစေမည့် အပြောအဆိုနှင့် အပြုအမူမျိုးကိုပြုလုပ်လျက် ရှိကြသည်။ပြည်ပဗီလိန် အင်အားစုများက ယင်းတို့၏ အင်အားမှန်သမျှကို စုစည်းပြီး မြန်မာနိုင်ငံ အားတိုက်နေချိန်တွင် ပြည်တွင်းလူမိုက် များကလည်း ပြည်တွင်းမှနေ၍ ဘက်တော်သား သစ္စာခံများ အဖြစ်ရပ်တည်ပြီး တစ်နည်းတစ်ဖုံ လှုပ်ရှားပေးနေကြသည်။ 

အဆုံးအမနှင့် မစပ်သည်ကို ပြောဆိုသည် 

လူမိုက်သည် အဆုံးအမ တရားများနှင့် ဆန့်ကျင်သော စောင့်စည်းရမည့် ကျင့်ဝတ်၊ ထိန်းသိမ်းရမည့် သိက္ခာတို့နှင့် မလျော်ညီသော စကားမျိုးကိုပြောဆိုပြီး မိမိ၏ကျေးဇူးရှင် လောကကို ပြန်လည်တိုက်ခိုက်သည်။ ဤထုံးကို နှလုံးမူပြီး ပြည်တွင်းလူမိုက် များကလည်း ဗုဒ္ဓ၏ အဆုံးအမ တရားများနှင့် ဆန့်ကျင်သော၊ လူမျိုး၏ ယဉ်ကျေးမှုနှင့် မလျော်ညီသော အပြုအမူ၊ အပြောအဆို၊ အကြံအစည်များကို ပြောဆိုကြံစည်ပြီး ကျေးဇူးရှင် အမိနိုင်ငံနှင့် လူမျိုးကိုပြန်၍ တိုက်ခိုက်သည်။ပြည်ပဗီလိန် အင်အားစုများက မြန်မာနိုင်ငံအပေါ် လူ့ကျင့်ဝတ် စည်းမျဉ်းဥပဒေ စသည်တို့ကို လျစ်လျူရှုပြီး နှုတ်အားဖြင့် စော်ကားချင်သလို စော်ကားချိန်တွင် ပြည်တွင်း လူမိုက်များကလည်း အလားတူအပြုအမူ၊ အပြောအဆို အမျိုးမျိုး ပြုလုပ်ပြီး ထပ်မံအင်အား ဖြည့်တင်းပေးလျက် ရှိနေကြသည်။ 

အပိုင်းအခြားမဲ့ပြီး မမှတ်သားလောက်သည့် စကားကိုပြောဆိုသည် 

လူမိုက်သည် ရည်ညွှန်းချက် အကိုးအကား မရှိသော၊ အသိဥာဏ်ဖြင့် ပိုင်းခြားဆင်ခြင်ခြင်း မရှိသော၊ မမှတ်သားလောက်သော စကားမျိုးကို ပြောဆိုပြီး မိမိ၏ ကျေးဇူးရှင် လောက၏ အလှအပနှင့် ဂုဏ်သိက္ခာကို ဖျက်ဆီးသည်။ဤထုံးကိုနှလုံးမူပြီး ပြည်တွင်းလူမိုက်များ ကလည်း ရည်ညွှန်းချက် အကိုးအကားမဲ့သော၊ အသိဥာဏ်ဖြင့် ဆင်ခြင်စဉ်းစားခြင်း မရှိသော၊ မမှတ်သားလောက်သည့် အပြုအမူ၊ အပြောအဆိုများကို ပြုမူပြောဆိုပြီး မိမိနိုင်ငံနှင့် လူမျိုး၏ အလှအပနှင့် ဂုဏ်သိက္ခာကို နှိမ့်ချ၍ ဖျက်ဆီးသည်။ ပြည်ပဗီလိန်များက မြန်မာနိုင်ငံအား ဂုဏ်သိက္ခာ ညှိုးနွမ်းနေသော နိုင်ငံအဖြစ် ရောက်ရှိနေစေရန် ကြိုးပမ်းနေခြင်းကို ပြည်တွင်း လူမိုက်များက အားပေးထောက်ခံသည့် အနေဖြင့် ရည်ညွှန်းချက်မဲ့၊ အကိုးအကားမဲ့ မမှတ်သား လောက်သည့် စကားများကို အရှက်အကြောက် တရားကင်းမဲ့စွာ ပြောဆိုလျက် ရှိနေကြသည်။ 

ပြည်ပဗီလိန်များ၏ အန္တရာယ် ဆက်၍ရှိနေဦးမည် 

ပြည်ပဗီလိန် အင်အားစုများက ကျွန်ုပ်တို့အမိနိုင်ငံအပေါ် ဆက်လက်၍ လှည့်စားလုပ်ကြံ ထားသော ပြဿနာ အတုအယောင် အမျိုးမျိုးကို ဆက်လက်ဖန်တီး နေကြဦးမည်။ ယင်းတို့၏ အတ္တ၊ ကိုယ်ကျိုးစီးပွား အပြည့်အစုံ အကောင်အထည် မဖော်နိုင်သေးသမျှ ကာလပတ်လုံး ပြဿနာအမျိုးမျိုးကို ဆက်လက်၍ ဖန်တီးပေးနေကြဦးမည်။ ပြည်ပဗီလိန်များ ဖန်တီးနေသော ပြဿနာများသည် သာမန်မီးပွားလေးများ မဟုတ်ကြပါ။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေကြပါက မြန်မာနိုင်ငံနှင့် မြန်မာလူမျိုး တစ်မျိုးလုံး ပျောက်ကွယ်သွားသည်အထိ လောင်မည့်မီးကြီး တစ်ခုဖြစ်သည်ကို အစဉ်သတိပြုကြရမည်။ 

ပြည်တွင်းလူမိုက် များကလည်းဆက်၍ကျေးဇူးသစ္စာ မဲ့နေကြဦးမည် 

ပြည်တွင်းလူမိုက်များ၏ အဆိုးရွားဆုံး အန္တရာယ်မှာ ၎င်းတို့လျှောက်လှမ်းနေသည့် လမ်းမှားပေါ်သို့ နိုင်ငံနှင့်လူမျိုးကို ဆွဲတင်ပေးနေခြင်း ဖြစ်သည်။ ပြည်တွင်းလူမိုက်များသည် ခိုးဆိုးတိုက်ခိုက် လုယက်နေသည့် လူမိုက်များ ထက်ပို၍ ဆိုးပါသည်။ ခိုးဆိုးတိုက်ခိုက် လုယက်နေသည့် လူမိုက်များက တိုင်းပြည်နှင့် လူမျိုးကို ချောက်ကမ်းပါးထဲသို့ ဆွဲမချပါ။ သို့သော် ပြည်တွင်းလူမိုက်များကမူ တိုင်းပြည်နှင့် လူမျိုးကို ချောက်ကမ်းပါးထဲသို့ ဆွဲချနေသူများ ဖြစ်သည်။ ပြည်တွင်းလူမိုက်များသည် နိုင်ငံနှင့် လူမျိုး၏ မိတ်ဆွေစစ်စစ်ကို ရန်သူစစ်စစ်ဟု ထင်မှတ်ပြီး တိုက်ခိုက်သည်။ ရန်သူစစ်စစ်ကို မိတ်ဆွေစစ်စစ်ဟု ထင်မှတ်ပြီး ပေါင်းဖက်သည်။ ဤအမှားကို ၎င်းတို့ ကိုယ်တိုင်သာမက နိုင်ငံနှင့် လူမျိုးကိုပါ ကျင့်သုံးစေသည်။

ပျက်စီးချိန်တန်လျှင် ဆရာတင် မှားတတ်သည် 

လူဆိုသည်မှာ ပျက်စီးချိန်တန်လျှင် ဆရာတင် မှားတတ်သည်ဟူသော အဆုံးအမရှိသည်။ ဆိုလိုသည်မှာ ပျက်စီးချိန်တန်လျှင် ပညာမဲ့လူမိုက်ကို ပညာရှိသူတော်ကောင်းအဖြစ် ဆရာတင်ကိုးကွယ် မိတတ်ခြင်း ဖြစ်သည်။ ဤအဆုံးအမကို အမြဲဆုံးမ ဆင်ခြင်ပြီး ပြည်ပဗီလိန် အင်အားစုများနှင့် ဟန်ချက်ညီညီ ပြဿနာအကျပ်အတည်း အမျိုးမျိုးကို ဖန်တီးပေးနေသော ပြည်တွင်းလူမိုက်များကို ဆရာမတင်မိကြရန် သတိပြု ဆင်ခြင်နေထိုင် ကြရမည်။ယင်းပြည်တွင်း လူမိုက်များကို ပညာရှိသူတော်ကောင်း အဖြစ်လည်းကောင်း၊ သူရဲကောင်း အဖြစ်လည်းကောင်း ကိုးကွယ်ဆည်းကပ် မိပါက အမိနိုင်ငံတော်ကြီးတွင် ပြဿနာ အခက်အခဲ ပေါင်းစုံနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ 

လူမိုက်ကိုရှောင် ပညာရှိကိုဆည်းကပ်မှီဝဲ 

နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ ကျွန်ုပ်တို့ အမိနိုင်ငံတော်ကြီး၏ အမျိုးဘာသာသာသနာလုံးဝ အပျောက်မခံနိုင်ပါ။ အမိနိုင်ငံတော်ကြီး ထာဝရတည်ငြိမ် အေးချမ်းသာယာ လှပရေးနှင့် တိုးတက်အောင်မြင်နေရေး အတွက် အသေဝနာစ ဗာလာနံ လူမိုက်မှန်သမျှကို ဝေးစွာရှောင်ရှားပြီး ပဏ္ဍိတာနဉ္စသေဝနာ ပညာရှိ သူတော်ကောင်းများကိုသာ အစဉ် ဆည်းကပ် မှီဝဲနေကြရမည်။ ပညာရှိ သူတော်ကောင်းကိုသာ ဆရာတင် ဆည်းကပ်နေကြရမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ ဤဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။

ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)

မြဝတီနေ့စဉ်သတင်းစာ စာ (၁၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...