Social Icons

Pages

Monday, February 19, 2018

ကုန်တင်ယာဉ်များ ကတ္တားချိန်တွယ်ရာတွင် တိုးဂိတ်များရှိ ကတ္တားအလေးချိန် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်မည်



ရန်ကုန် ၁၉-၂-၂ဝ၁၈

ယခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ကုန်တင်ယာဉ်များ ကတ္တားချိန်တွယ်ရာတွင် တိုးဂိတ်များ၌ရှိသည့် ကတ္တားအလေးချိန် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် ကုန်တင်ယာဉ်များအား လမ်းများပေါ်ရှိ BOT လမ်းတံတား၊ တိုးဂိတ်များ၌ တပ်ဆင်အသုံးပြု လျက်ရှိသည့် ကတ္တားများဖြင့် ချိန်တွယ်ရာ၌ ဂိတ်တစ်ခုနှင့်တစ်ခု အလေးချိန်ကွာဟခြင်း ကြောင့် အငြင်းပွားမှုများ မကြာခဏ ဖြစ်ပွားနေခြင်းကို ယခုကဲ့သို့ ဖြေရှင်းပေးရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရန် ကတ္တားကုမ္ပဏီများက ဇန်နဝါရီ ၁၁ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ လမ်း၊ တံတား၊ တိုးဂိတ်များ၌ရှိသည့် ကတ္တားအားလုံးကို အလေးချိန်စံချိန် စံညွှန်းနှင့်ကိုက်ညီသည့် အခြေအနေများ ဆောင်ရွက်မှုပြီးစီးခဲ့ကြောင်း သိရသည်။

ကုန်တင်ယာဉ်များအနေဖြင့် သတ်မှတ်တန်ချိန် များအတိုင်း တင်ဆောင်ဖြတ်သန်း မောင်းနှင်ရမည် ဖြစ်သည့်အပြင် သတ်မှတ်ထားသော စည်းကမ်းချက်များအား လိုက်နာမှုမရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကာ တန်ပိုတင်ဆောင်လာသော ကုန်တင်ယာဉ်များ အနေဖြင့်လည်း တိုးဂိတ်များကို ရှောင်ရှားမောင်းနှင်မှု မပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ကတ္တားအလေးချိန် သတ်မှတ်ချက်များသည် တိုးဂိတ်အားလုံး၌ တစ်ပြေးညီတည်း ဖြစ်စေရန် စနစ်တကျပြင်ဆင် ပေးသင့်ပြီး ကတ္တားကိုင်တွယ်မှု များအပေါ် စစ်ဆေးခြင်းများ ကိုလည်း ဆောင်ရွက်ပေးသင့်ကြောင်း ကုန်တင် ယာဉ်များ သတ်မှတ်တန်ချိန် အတိုင်းတင်ဆောင် ဖြတ်သန်းမောင်းနှင် မည်ဆိုပါက လက်မှတ်ရ စစ်ဆေးပေးအဖွဲ့၏ အမည်ကို ဖော်ပြထားသင့်သည့် နည်းတူ လစဉ်စစ်ဆေးပေးသည်နှင့် အငြင်းပွားမှုများ မဖြစ်ပေါ်စေရန်ဆောင်ရွက်ပေးသင့်ကြောင်း ကုန်တင်ယာဉ် မောင်းများက အကြံပြုထားကြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...