Social Icons

Pages

Thursday, February 8, 2018

ဆောင်းရာသီ၌ ငါးအသေအပျောက် နည်းစေရန် ငါးစာကျွေးရာတွင် ဂရုပြုရန်လိုအပ်



ရန်ကုန် ၈-၂-၂ဝ၁၈

ဆောင်းရာသီတွင် ငါးအသေအပျောက် ဖြစ်ပွားတတ်သည့်အတွက် အစာကျွေးရာတွင် သတိထားပြီး ငါးမွေးမြူရေး ကန်များအနေဖြင့် အပူချိန် ၂၇ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိမှသာ ငါးများကို အစာကျွေးသင့်ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များ အသင်းအတွင်း ရေးမှူးဒေါက်တာ မြင့်ဆွေထံမှ သိရသည်။

ဆောင်းရာသီတွင် ငါးများသည် အစာချေဖျက်မှု အားနည်းပြီး ကန်ရေပြင်အေးနေပါက အစာမစားချင်သော ငါးများ၏ အလေ့အထကို နားမလည်ဘဲ ပုံမှန်အစာကျွေး နေကျအချိန်အတိုင်း ကျွေးမွေးပါက ငါးများအစာမစား သောကြောင့် ယင်းအစာများသည် ကန်ရေပြင်ကိုလည်း ညစ်ညမ်းစေသည့်အပြင် ငါးများအမှန်တကယ် အစာစားချင်သည့် အချိန်တွင် အစာမစားကြရသည့်အတွက် ငါးအသေအပျောက်များခြင်း လည်းဖြစ်သည်။

ဆောင်းတွင်းကာလတွင် အစာကျွေးသည့် အခါ အပူချိန်တိုင်းတာသည့် သာမိုမီတာ ဆောင်ထားသင့်ပြီး အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်ရှိမှသာ ကျွေးသင့်သည်။ အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်ရောက်မှသာ အစာကျွေး
ပါက အစာအလေအလွင့် နည်းမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရာသီဥတုအေးသည့် အချိန်သည် ငါးများခုခံအား ကျဆင်းနေချိန် ဖြစ်ပြီးကျန်းမာရေး ကျဆင်းကာ အစာစားနှုန်း ကျဆင်းသည့်အချိန်တွင် ငါးကန်အတွင်းရှိ Parasite ဟုခေါ်သည့် ဗက်တီးရီးယား ရောဂါပိုးပွားနှုန်းများ သည့်အတွက်လည်း ငါးသေဆုံးမှုများ ရှိကြောင်း၊ ဆောင်းရာသီတွင် ငါးကြင်း၊ ငါးမြစ်ချင်းနှင့် ငါးခေါင်းပွငါးများ သေဆုံးမှုနှုန်းမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

ဆောင်းရာသီတွင် ငါးအသေအပျောက် နှုန်းများသည့်အတွက် အစာကျွေးရာတွင် ထိန်းထိန်းသိမ်းသိမ်း ကျွေးရန်လိုအပ်ပြီး အစာအကြွင်းအကျန်များ မများစေရန် လိုအပ်သည်။ ဆောင်းတွင်းကာလတွင် အောက်ဆီဂျင်နည်းသည့် အတွက် ကန်မကျပ်ရန်လည်း သတိပြုရန်လိုကြောင်းနှင့် ငါးတွေများပြီးကန် ကျပ်ပါကလည်း ရောဂါပိုးများ၏ တိုက်ခိုက်မှုကြောင့် ငါးအသေအပျောက်နှုန်း များသည်ကို တွေ့ရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...