Social Icons

Pages

Tuesday, January 16, 2018

YBS ယာဉ်လိုင်းတွင် ယာဉ်အသစ်များဖြင့် ပြောင်းလဲပြေးဆွဲ



ရန်ကုန် ၁၆-၁-၂ဝ၁၈

ရန်ကုန်မြို့တွင်း မြို့လယ်ဧရိယာ၌ ခရုပတ်လမ်းကြောင်းဖြင့် ပြေးဆွဲနေသော YBS ၅၇ ယာဉ်လိုင်းတွင် ယနေ့မှစ၍ ယာဉ်သစ်များဖြင့် စတင်ပြောင်းလဲ ပြေးဆွဲနေပြီ ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်း ပြေးဆွဲသည့် Golden Yangon City Transport Co., Ltd. (GYCT)မှ သိရသည်။

''ဒီနေ့မှာပဲ ယာဉ်သစ်တွေနဲ့စတင် ပြောင်းလဲပြေးဆွဲ နေပါတယ်။ ခရီးသည်တွေ စီးနင်းမှုများပြားတဲ့ ပေါ်မူတည်ပြီး ယာဉ်အစီးရေ တိုးသွားဖို့ရှိပါတယ်''ဟု အဆိုပါ ယာဉ်လိုင်းမှ ကြီးကြပ်ရေးမှူးတစ်ဦးက ပြောသည်။ ယာဉ်လိုင်းကို မူလက Aero Star ကုမ္ပဏီမှ တာဝန်ယူ ပြေးဆွဲခဲ့သည်။ ယနေ့နံနက်ပိုင်းတွင် ယာဉ်အစီးရေ ၃ဝ ခန့်ဖြင့် စတင်ပြေးဆွဲခဲ့ရာ ခရီးသည်များပြားမှုပေါ် မူတည်ကာ အစီးရေ ၅ဝ ကျော်အထိအသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါယာဉ်လိုင်းသည် လူစီးများသော ယာဉ်လိုင်းဖြစ်ပြီး ယခင်က တရုတ်နိုင်ငံထုတ် Yutong အမှတ်တံဆိပ်၊ တောင်ကိုရီးယား နိုင်ငံထုတ် GBus Hyundai Daewoo အမှတ်တံဆိပ်ဖြစ်သော တစ်ပတ်ရစ်ယာဉ်ဟောင်း များကို အသုံးပြုပြေးဆွဲ ခဲ့သော်လည်း ယခုအခါ Golden Yangon City Transport Co .,Ltd. (GYCT) မှ တရုတ်နိုင်ငံထုတ် Foton အမျိုးအစားယာဉ်သစ်များဖြင့် ပြောင်းလဲကာ သတ်မှတ်လမ်းကြောင်း ဖြစ်သော သခင်မြပန်းခြံမှ မဟာဗန္ဓုလ လမ်းအတိုင်း၊ လမ်း၅ဝ-ဗိုလ်တထောင်-သန်လျက်စွန်းမှတစ်ဆင့် ဗိုလ်တထောင်ဘုရား ကမ်းနားလမ်းအတိုင်း သခင်မြပန်းခြံသို့ ခရုပတ်ပုံစံဖြင့် ခရီးသည်တစ်ဦးလျှင် ပုံသေ ငွေကျပ် ၁ဝဝ နှုန်းသတ်မှတ် ပြေးဆွဲ နေကြောင်း သိရသည်။

ထို့ပြင် ယာဉ်များကို ငါးမိနစ်လျှင် တစ်စီးနှုန်းဖြင့် ဂိတ်မှစေလွှတ်၍ ရုံးတက်၊ ရုံးဆင်းချိန် ခရီးသည်များပြားပါက ခပ်စိပ်စိပ်စေလွှတ်ရန် စီစဉ်ထားကြောင်း သိရသည်။ Golden Yangon City Transport Co .,Ltd. (GYCT) သည် ယခင် Aero Star ကုမ္ပဏီ၊ စံဝေလယာဉ် လိုင်းကုမ္ပဏီ၊ YBS ၃၉ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် တချို့နှင့်ပူးပေါင်း ဖွဲ့စည်းထားသော ကုမ္ပဏီဖြစ်ပြီး ယခုအခါ ဗန္ဓုလကုမ္ပဏီ၊ YBPC ၊ YUPT ၊ Ominu Focus တို့မှ Brand New ယာဉ်သစ်များဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...