Social Icons

Pages

Wednesday, January 31, 2018

သထုံမြို့ ရွှေစာရံစေတီနှင့် မြသပိတ်ဆံတော်ရှင် စေတီတို့တွင် ထားရှိရန် ထိုင်းနိုင်ငံက ငွေကျပ် သိန်း ၂၄ဝ ကျော်တန်ဖိုးရှိ ကြေးမောင်းနှစ်လုံး လှူဒါန်း



သထုံ ၃၁-၁-၂ဝ၁၈

မွန်ပြည်နယ် သထုံမြို့ရှိ ရွှေစာရံ စေတီတော်နှင့် မြသပိတ်ဆံတော်ရှင် စေတီတော်မြတ်ကြီးတို့တွင် ထားရှိရန် ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၄ဝ ကျော်တန်ဖိုးရှိသည့် ကြေးမောင်းနှစ်လုံးကို ထိုင်းနိုင်ငံက ဇန်နဝါရီ ၂၉ရက်က လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ကျဝတက်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းက သံဃာတော်များသည် မြန်မာနိုင်ငံသို့ ဘုရားဖူးလာရောက်ပြီး သထုံမြို့ရှိ ရွှေစာရံစေတီတော်နှင့် မြသပိတ် စေတီတော်တို့ကို ကြည်ညိုသဖြင့် ဆရာတော်များနှင့် တိုင်ပင်ကာ ကြေးမောင်းကြီးများကို ထိုင်းနိုင်ငံတွင်သွန်းလုပ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း ကိုယ်စားလာ ရောက်ပို့ဆောင်လှူဒါန်းသူ မြဝတီမြို့နယ် ရွှေကုက္ကိုမလွမ်းပို တောင်ပေါ်ရှိ မြရေတံခွန်တောရကျောင်းမှ ဆရာတော် ဘဒ္ဒန္တသုဘောဂက မြွက်ကြားသည်။

"သထုံဆိုတာက ဘုရားရှင်ကြွလာဖူးတဲ့ နေရာပါ။ ဒီနေရာကို ထိုင်းနိုင်ငံက ဆရာတော်တွေ လာလည်ရင်း ဒီကစေတီတော်တွေ ကိုတွေ့ပြီး လှူချင်တဲ့စိတ် ဖြစ်လာတယ်။ ဒီတော့ သထုံကဆရာတော်တွေနဲ့ တိုင်ပင်ပြီး ဆရာတော်တွေကလဲ သူတို့ကို တိုက်တွန်းတာနဲ့ လာလှူဖြစ်တာပါ။ ကြေးမောင်းတွေကို ထိုင်းနိုင်ငံမှာလုပ်ပြီး သယ်ဆောင်လာတာပါ။ သထုံမှာက နှစ်နေရာလှူသွားတာပါ" ဟုဆရာတော်က ဆက်လက်မြွက်ကြားသည်။

မြန်မာနိုင်ငံရှိ တန်ခိုးကြီးစေတီတော်များတွင် ကြေးမောင်းကြီးများ လှူဒါန်းရန် ထိုင်းနိုင်ငံမှ ဆရာတော်များက ဆန္ဒရှိနေပြီး သက်ဆိုင်ရာများနှင့် တိုင်ပင်မှုများ လုပ်ထားကြောင်း ဆရာတော်က ဆက်လက် မြွက်ကြားသည်။

ရွှေစာရံစေတီတော်တွင် လှူဒါန်းလိုက်သော ကြေးမောင်းကြီးသည် အချင်း ၁၅ ပေရှိပြီး မြသပိတ်စေတီတော်တွင် လှူဒါန်းသော ကြေးမောင်းမှာ အချင်း ၁ဝ ပေရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...