Social Icons

Pages

Tuesday, January 9, 2018

စစ်ကိုင်းမြို့မသုသာန် အနီးရှိမြေကွက်များပေါ်တွင် အဆောက်အအုံ ဆောက်လုပ်ထားခြင်း၊ ခြံစည်းရိုးခတ်ကာရံ ထားခြင်းများကို ဖျက်သိမ်းပေးရန် စည်ပင်ညွှန်ကြား



စစ်ကိုင်း ၉-၁-၂ဝ၁၈

စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက် မြို့မသုသာန်အနီး လမ်းဘေး ဝဲ/ယာရှိ မြေကွက်များပေါ်တွင် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ ခြံစည်းရိုးကာရံခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ ကွန်ကရစ်တိုင်များ စိုက်ထူထားခြင်းနှင့် အဆောက်အအုံ ဆောင်ရွက်ထားခြင်းများ စစ်ဆေးတွေ့ရှိရသဖြင့် ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ထားသော အဆိုပါ ခြံစည်းရိုး တိုင်စိုက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းများကို ဖျက်သိမ်းပေးရန် ဇန်နဝါရီ ၂ ရက်က စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီက သတိပေးစာထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ယခင်က စစ်ကိုင်းမြို့တွင် မြို့ပေါ် ရပ်ကွက် (၁၈) ရပ်ကွက်ရှိခဲ့ရာမှ ၂ဝ၁၆ ခုနှစ်အောက်တိုဘာ ၆ ရက်က တင်းတိပ်ကျေးရွာ အုပ်စုအပါအဝင် စီတီး၊ပဲကတိုး၊သောတပန်၊ ပြူကံကျေးရွာတို့ကို ရပ်ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း ထည့်သွင်းခဲ့သဖြင့် လက်ရှိတွင် တင်းတိပ်ရပ်ကွက် မြို့မသုသာန်အနီးရှိ မြေကွက်များပေါ်၌ စည်ပင်သာယာ၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ခြံစည်းရိုးကာရံခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ ကွန်ကရစ်တိုင်များ စိုက်ထူထားခြင်းနှင့် အဆောက်အအုံဆောင်ရွက် ထားခြင်းများ စစ်ဆေးတွေ့ရှိရသဖြင့် ဇန်နဝါရီ ၅ရက် နောက်ဆုံးထား၍ ဖျက်သိမ်းပေးရန် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီက ဇန်နဝါရီ၂ ရက်က သတိပေးစာထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်းမရှိပါက စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေအခန်း (၁၈) ပုဒ်မ၇၁၊ ပုဒ်မခွဲ ၁၆(ခ)အရ တရားစွဲဆိုအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

တင်းတိပ်ရပ်ကွက်ကို စည်ပင်သာယာ နယ်နိမိတ်သတ်မှတ်ခဲ့သည့် နောက်ပိုင်းတွင် မြို့မသုသာန်အနီးရှိ မြေကွက်များပေါ်၌ ခြံစည်းရိုးကားရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းများကို ခွင့်ပြုမပေးခဲ့ဘဲ သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ကို ရယူခိုင်းခဲ့ကြောင်း၊ ယခုလက်ရှိ မြို့နယ်စည်ပင် သာယာရေးကော်မတီက ဖျက်သိမ်းခိုင်းသည့် အဆောက်အအုံများ၊ ဝန်းခြံခတ်ထားမှုများသည် စည်ပင်သာယာ နယ်နိမိတ်အဖြစ် မသတ်မှတ်ခင်ကတည်းက ဆောင်ရွက်ထားသည့် အရာများဖြစ်သဖြင့် ပြန်လည် ဖျက်သိမ်းပေးသွားမည် မဟုတ်ဘဲတရား ဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း တင်းတိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောပြသည်။

''သူတို့ စည်ပင်နယ်နိမိတ် သတ်မှတ်လိုက်တဲ့ ရက်ကနေ နောက်ပိုင်းမှာဆိုရင် သုဿန်ရှေ့မှာ မြေပိုင်ရှင်တစ်ယောက်က ဝန်းခြံခတ်တယ်။ သူတို့က ဖျက်သိမ်းခိုင်းလို့ကျွန်တော်တို့ ဖျက်သိမ်းပေးလိုက်တယ်။ သူတို့ သတ်မှတ်ပြီးတဲ့အချိန်မှာ ခွင့်ပြုချက်မရဘဲနဲ့ ဘာမှလုပ်လို့မရဘူးလေ။ ခုဟာက စည်ပင်နယ်နိမိတ် မသတ်မှတ်ခင်ကတည်းက နေထိုင်လာခဲ့တဲ့သူတွေ ဥပဒေနဲ့မညီလို့ ဖျက်ရမယ်ဆိုရင် ရပ်ကွက်သူ၊ ရပ်ကွက်သား တွေ နစ်နာမှာပေါ့။ မဖျက်သိမ်းလို့ တရားစွဲမယ်ဆိုရင်လဲ တရားစွဲပါ ဥပဒေနဲ့အညီ ဖြေရှင်းမယ်လို့ ကျွန်တော်ပြောလိုက်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြသည်။

စစ်ကိုင်းမြို့ မြို့မသုသာန်အနီးတွင် မြေကွက်များပေါ်၌ လက်ရှိ အဆောက်အအုံ ဆောက်လုပ်နေထိုင်သူ တချို့ရှိကာတချို့မှာ ဝန်းခြံခတ်ထားလျက်ရှိပြီး စုစုပေါင်း ၁ဝ ဦးခန့်ရှိကြောင်း၊ လက်ရှိမြို့မသုသာန်ကို စစ်ကိုင်း-ရွှေဘိုခရိုင်ချင်း ဆက်လမ်းနှင့် မြစ်ကြီးနား မီးရထားလမ်းဆုံရာ နေရာသို့ ရွှေ့ပြောင်းပြီး မြို့မသုဿန်နေရာကို ကားကြီးကွင်းအဖြစ် ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...