Social Icons

Pages

Wednesday, December 20, 2017

မကွေးတိုင်း ဒေသကြီးတွင် သီးနှံ ၁၅ မျိုးကို GPA စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိ



မင်းဘူး ၂၀-၁၂-၂၀၁၇

မကွေးတိုင်းဒေသကြီး အတွင်းသီးနှံ ၁၅မျိုးကို GPA စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူး (စကု) မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေမှာ ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု မကျဆင်းစေရေး၊ သီးနှံများအထွက် နှုန်းမြင့်မားစေရေးအတွက် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးကောင်း မျိုးသန့်များ အသုံးပြုစိုက်ပျိုးရေး၊ သက်တမ်းတို အထွက်ကောင်းမျိုးများ စိုက်ပျိုးရေးနှင့် သီးနှံစိုက်ပျိုးချိန်များ ပြောင်းလဲ စိုက်ပျိုးရေးများနှင့် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီး ဌာနအနေနဲ့ သီးနှံတွေစိုက်ပျိုး ထုတ်လုပ်ရာမှာ အစားအစာဘေးကင်း လုံခြုံမှုရှိစေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေ GPA စနစ်အတိုင်း စိုက်ပျိုးထုတ်လုပ်ဖို့ သီးနှံ ၁၅ မျိုးကို ဆောင်ရွက်လျက် ရှိပါတယ်။ GPA စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်မယ့် သီးနှံ ၁၅ မျိုးကတော့ သရက်၊ ကျွဲကော၊ ဖရဲ၊သခွားမွှေး၊ ငရုတ်၊ ခရမ်းချဉ်၊ကြက်သွန်၊ ဂေါ်ဖီ၊ စပါး၊ အစေ့ထုတ်ပြောင်း၊ နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲနဲ့ ပဲစင်းငုံတို့ ဖြစ်ပါတယ်"ဟု မင်းဘူး (စကု) မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောပြသည်။

စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း၍ အစားအစာများ စိတ်ချရေးအတွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ပိုးသတ်ဆေးများသုံးစွဲရာတွင် စနစ်တကျသုံးစွဲရေး၊ ပိုးသတ်ဆေးများ ပက်ဖျန်းရာတွင် သီးနှံအလိုက် အသုံးပြုသည့် ပိုးသတ်ဆေးများကို မခူးဆွတ်မီ၊ မရိတ်သိမ်းမီ ပက်ဖျန်းရမည့် အချိန်ကာလကို သိရှိလိုက်နာ ဆောင်ရွက်ရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...