Social Icons

Pages

Tuesday, December 12, 2017

လက်ရှိမြန်မာနိုင်ငံတွင် အကောင်ရေ သုံးကောင်သာ သက်ရှိထင်ရှား တွေ့နိုင်တော့သည့် သောင်လိပ်မှာ မျိုးသုဉ်းရန် နီးကပ်နေ



နေပြည်တော် ၁၂-၁၂-၂၀၁၇

လက်ရှိမြန်မာနိုင်ငံတွင် သက်ရှိ ထင်ရှားအကောင်ရေ သုံးကောင်သာ တွေ့ရှိနိုင်တော့သည့် အခြေအနေတွင် ရှိနေသော သောင်လိပ်မျိုးစိတ်မှာ မျိုးသုဉ်းရန် နီးကပ်နေပြီဖြစ်၍ သောင်လိပ် ပြန့်ပွားရေးများ ဆောင်ရွက် နေရကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) WCS မှ သိရသည်။

သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)WCS တို့ပူးပေါင်း၍ မြန်မာနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်ဒေသများမှ စေတီပရိဝုဏ်ရှိ ဘေးမဲ့ကန်၊ လိပ်ကန်များနှင့် သဘာဝရေကန်များကို တစ်နှစ်
ကျော်ကြာ သုတေသနရှာဖွေခဲ့ရာမှ မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိရှင်ဥပဂုတ္တ ဘေးမဲ့ရေကန်တွင် အဆိုပါမျိုးသုဉ်းရန် နီးကပ်နေသည့် သောင်လိပ်အမတစ်ကောင်ကို ထပ်မံတွေ့ရှိခဲ့ကြောင်း၊
လက်ရှိအချိန်ထိ အကောင်ရေ သုံးကောင်သာတွေ့ရှိနိုင်သည့် အလားအလာရှိနေသည့် သောင်လိပ်မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မသွားရန် လိပ်ဥ ဥကာမျိုးပွားနိုင်ရန် သဲသောင်ပြင်များပြုလုပ်၍ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

"စတွေ့တဲ့နေ့က ခေါင်းဖော်ပြီး ရေကူးနေတဲ့ လိပ်ကိုတွေ့ပါတယ်။ ခေါင်းပုံစံအနေအထားက ဗိုလ်တထောင်ဘုရားမှာရှိတဲ့ လိပ်နဲ့တူသလို တိုက်လိပ်ခေါ်လိပ်ခုံးနဲ့လဲ တူနေတာမို့ ရှင်ဥပဂုတ္တကန်ကို ပိုင်ဆိုင်တဲ့ ရွာလွတ်က ဘမဟာဝိဟာရ ဘုန်းတော်ကြီးကျောင်းတိုက်က မွန်ဆရာတော်ကြီး အရှင်ဘဒ္ဒန္တကုသလဆီကို မော်လမြိုင် သစ်တောဦးစီးဌာနက ဝန်ထမ်းတွေ နဲ့သွားရောက်ပြီး ရှာဖွေနေတဲ့လိပ်ဟုတ်၊ မဟုတ်သိလိုတဲ့အတွက် ဖမ်းဆီး သုတေသန လုပ်လိုကြောင်း ခွင့်ပန်ခဲ့တာ ဆရာတော်ကြီးက ခွင့်ပြုခဲ့ပါတယ်။ ဖမ်းဆီးပြီး သုတေသနပြုခဲ့ပါတယ်။ ဖမ်းမိတဲ့ အကောင်က အမဖြစ်နေတာတွေ့ရပါတယ်။ ကျောအလျား နှစ်ပေရှိပါတယ်။ ဓာတ်ပုံမှတ်တမ်း ရိုက်
ခဲ့ပြီး ပိုမိုကျွမ်းကျင်တဲ့ ပညာရှင်တွေဆီပေးပို့ခဲ့ရာ Dr.Steven.George Platt က သောင်လိပ် Batagur Baska ဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ်" ဟု လိပ်မျိုးစိတ် ရှင်သန်ရေးအဖွဲ့မှ ဦးဝင်းကိုကိုက ပြောပြသည်။

လက်ရှိတွင် မွန်ပြည်နယ် သစ်တောဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေး အဖွဲ့နှင့် လိပ်မျိုးစိတ်ရှင်သန်ရေး အဖွဲ့တို့က ရွာလွတ်ရှိကန်တွင် အဆိုပါလိပ်များ ဥဥချနိုင်မည့် သဲသောင်ပြင်လုပ်ပေးရန်နှင့် အကောင်ပေါက်များရရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး CITES (2010) နောက်ဆက်တွဲ ၁၊ IUCN (2012) မျိုးသုဉ်းရန် အလွန်နီးသည့် အဆင့်တွင် ရှိနေသည်ဟု သတ်မှတ်ဖော်ပြထားကာ ငါးလုပ်ငန်းနှင့် သစ်တောဥပဒေတို့ဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း တို့မှကာကွယ် တားမြစ်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...