ရန်ကုန် ၁၉-၁၂-၂၀၁၇
ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း ဆောင်ရွက်နေသည့် ကိုးချောင်း ဆက်သံလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းမှာ မကြာမီပြီးစီးမည် ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှ သိရသည်။
အဆိုပါရထား သံလမ်းများကို သုံးချောင်းဆက်ခြင်း၊ ခြောက်ချောင်းဆက်ခြင်းနှင့် ကိုးချောင်းဆက် ခြင်းများဖြင့် စမ်းသပ်ဆောင်ရွက်ခဲ့ပြီး အဆင်ပြေဆုံး နည်းလမ်းဖြစ်သည့် သံလမ်းကိုးချောင်း ဆက်များ တပ်ဆင်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့ တပ်ဆင်ခြင်းအားဖြင့် သံလမ်းဆက်များတွင် ခုန်ဆောင့်မှုများ သက်သာခြင်း၊ သံလမ်းဆက်များအား မကြာခဏပြုပြင်မှုများကို သက်သာစေမည့် အပြင် စက်ခေါင်းများနှင့် တွဲများပျက်စီးမှုမှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ ယခင်က တစ်မိုင်လျှင် သံလမ်း ၁၃၆ ချောင်း၊ အဆက်တွင် ၂၇၂ ဆက်၊ မူလီပေါင်း ၁ဝ၈၈ လုံးရှိကြောင်း သိရသည်။
ရထားလမ်းများကို ကိုးချောင်းဆက်ခြင်းအားဖြင့် တစ်မိုင်လျှင် သံလမ်းပေါင်း ၁၅ ချောင်း၊ အဆက် ၃ဝ၊ မူလီပေါင်း အလုံး ၁၂ဝ ဖြင့် ရာခိုင်နှုန်းအားဖြင့် လျော့နည်းသွားကြောင်း၊ လက်ရှိ ကိုးချောင်းဆက် သံလမ်းအဆင့်မြှင့် တင်ခြင်းမှာ မော်လမြိုင် မြို့သို့ရောက်ရန် အနည်းငယ်သာ ကျန်ရှိတော့ကြောင်း၊ ကိုးချောင်းဆက်သံလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ရန်ကုန်-မော်လမြိုင်နှင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် ပထမဆုံး ဆောင်ရွက်မည် ဖြစ်သည်။
လက်ရှိတွင် ပဲခူးမှ စစ်တောင်းအထိ ၃၂ မိုင်၊ စစ်တောင်းမှ သိမ်ဆိပ်အထိ ၄၉ မိုင် စုစုပေါင်း ၈၁ မိုင် အဆင့်မြှင့်တင်ပြီးစီး ခဲ့ပြီဖြစ်ကြောင်း၊ ကိုးချောင်းဆက် သံလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား Rain Link ကုမ္ပဏီမှ နောက်ဆုံး အချောသပ်ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
#Themyawadydaily


No comments:
Post a Comment