Social Icons

Pages

Tuesday, December 12, 2017

မန္တလေးမြို့ ပတ်ဝန်းကျင်လေထု အရည်အသွေးကို ပထမဆုံးအကြိမ် တိုင်းတာမည်



ပတ်ဝန်းကျင်လေထု အရည်အသွေး တိုင်းတာစက် (မိုဘိုင်းစက်) ကို တွေ့ရစဉ်။

မန္တလေး ၁၂-၁၂-၂၀၁၇

မန္တလေးမြို့ ပတ်ဝန်းကျင်လေထု အရည်အသွေးကို ပထမဆုံးအကြိမ်အဖြစ် တိုင်းတာမှုပြုလုပ် သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

မန္တလေးမြို့ရှိ ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်၊ လေထုအတွင်းပါဝင်နေသည့် အမှုန်အမွှားပမာဏ၊ စိုထိုင်းစများနှင့် အပူချိန် အစရှိသည်တို့ကို တိုင်းတာမှုပြုလုပ်ပေးမည့် ပတ်ဝန်းကျင်လေထု အရည်အသွေး တိုင်းတာစက် (မိုဘိုင်းစက်)ဖြင့် တိုင်းတာမှုပြုလုပ် နိုင်ရန်အတွက် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံသို့ စီမံချက်အစီအစဉ် တင်ပြထားကြောင်း မန္တလေးတိုင်း ဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်းက ပြောပြသည်။

"စက်ကတော့ တစ်လုံးပဲရှိပါသေးတယ်။ အဲဒီစက်က ပြီးခဲ့တဲ့လတုန်းက ပြင်ဦးလွင်မှာ တိုင်းတာမှု ပြုလုပ်ခဲ့တာဖြစ်လို့ အခုပြန်ချိန်ညှိမှု လုပ်ရပါမယ်။ အဲဒါကလဲ အမေရိကန်စက်ဆိုတော့ ဒီမှာချိန်ညှိလို့မရဘူး။ ကုမ္ပဏီက နေတစ်ဆင့် အမေရိကန်ကို ပို့ထားတယ်။ နောက်သုံးလ လောက်နေရင်တော့ ပြန်ရမယ်။ အဲဒီကျရင် တစ်ခါတည်း တိုင်းတာမှုတွေ လုပ်သွားမှာပါ" ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးမြို့၏ ပတ်ဝန်းကျင်လေထု အရည်အသွေး တိုင်းတာမှုကို စက်မှုဇုန်ပွိုင့် (အီလန်ဆပ်ပြာ စက်ရုံအနီး)၊ လူသွားလူလာများသော ပွိုင့် (မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ဝင်းအတွင်း)(၇၈လမ်းနှင့် ၂၆လမ်းထောင့်) နှင့် လူသွားလူလာနည်းပြီး သာမန်အဆောက် အအုံများရှိသည့် ပွိုင့် (ကုသိုလ်တော် ဘုရားအနီး ၆၂လမ်းဘေး) စသည့်နေရာများကို ပွိုင့်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါလေထု အရည်အသွေးတိုင်းတာမှု စီမံချက်ကို တစ်နှစ်အဖြစ် သတ်မှတ်ထားပြီးလစဉ် လဆန်းပိုင်းရက်များတွင် တိုင်းတာမှု ပြုလုပ်သွားမည်ဖြစ်ကာ ပွိုင့်တစ်ခု (နေရာတစ်ခုလျှင်) အချိန် ၂၄ နာရီတိတိထားရှိကာတိုင်းတာ စစ်ဆေးမှုပြုလုပ်ရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...