မုံရွာ ၁၂-၁၂-၂၀၁၇
မဟာဗောဓိတထောင် လေးကျွန်းစကြာထိုင်တော်မူ ဘုရားကြီးကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ခတ္တကန်(တောင်ရွာ) အနီးရှိ ဗန္ဒဝတောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်ရန် တည်ဆောက်လျက်ရှိပြီး လက်ရှိတွင် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဗောဓိတထောင်ကျောင်းတိုက်မှ သိရသည်။
မဟာဗောဓိတထောင် လေးကျွန်းစကြာထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီးကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပခဲ့ပြီး တည်ထားခဲ့ရာ ယခုလက်ရှိအချိန်တွင် ၇၅ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ်ပြီး ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် အလုံးစုံပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဗောဓိတထောင်ကျောင်းတိုက်မှ သံဃာ့ဝန်ဆောင် ဆရာတော်ဘဒ္ဒန္တကုံသလက မြွက်ကြားသည်။
"အခုကြာပလ္လင် ရှေ့ပိုင်းနဲ့ထောင့်တွေ ကတော့ပြီးပြီ။ နောက်ပိုင်းလေးတွေ ကျန်ဦးမယ်။ ဦးခေါင်းတော်လဲ အပေါ်ကသျှောင်တော်ကြီး (ဆံတော်အလုံးကြီး) တင်ရဦးမယ်။ ပြီးစီးမှုရာခိုင်နှုန်း အနေနဲ့ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းလောက် ပြီးစီးပြီ။ မှန်းတာကတော့ ၂ဝ၁၈ခုနှစ် ဖေဖော်ဝါရီလပိုင်းလောက် မှန်းတာပေါ့။ အဲမှာ ဆေးသုတ် အပြီးအစီးတော့ မဖြစ်နိုင်တော့ဘူး။ ဦးခေါင်းတော်နဲ့ ကြာပလ္လင်အပြီး လောက်တော့ဖြစ်နိုင်မယ်။ အားလုံးအပြီးအစီးဆို နောက်နှစ် နှစ်ကုန်ပိုင်း လောက်မှပြီးမယ်"ဟု ဆရာတော်က မြွက်ကြားသည်။
လက်ရှိတွင် မဟာဗောဓိတထောင် လေးကျွန်းစကြာ ထိုင်တော်မူဘုရားကြီး ဦးခေါင်းတော် တပ်ဆင်ရန်အတွက် သံဖလက်ပြားများ၊ မျက်နှာတော်ပိုင်း တပ်ဆင်ခြင်း၊ ဖိုက်ဘာဦးခေါင်း တော်တပ်ဆင်ရန် အတွက်မျက်လုံးတော်၊ နှုတ်ခမ်းတော်၊ နှာခေါင်းတော်၊ နားတော်၊ ဆံလုံးတော်၊ ဦးခေါင်းတော်အစိတ်အပိုင်း များတပ်ဆင်နေကြောင်း သိရသည်။
မဟာဗောဓိတထောင် လေးကျွန်းစကြာ ထိုင်တော်မူဘုရားကြီးမှာ ဥာဏ်တော်အမြင့် ၂၃၄ ပေ၊ ဒူးခွင်တော်အကျယ် တောင်မြောက် ၁၆၅ပေ၊ တင်ပါးတော်နှင့် ရှေ့ဒူးခွင် ၁၁၁ပေ၊ တင်ပါးတော်အကျယ် ပေ၆ဝ၊ အထပ်ပေါင်း ၁၂ထပ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#Themyawadydaily


No comments:
Post a Comment