Social Icons

Pages

Friday, October 13, 2017

စစ်ကိုင်းမြို့ရှိ စင်္ကြန်ချောင်း ရေထိန်းတံခါးများကို အသစ်ပြန်လည် တပ်ဆင်မည်



စစ်ကိုင်း ၁၃-၁၀-၂၀၁၇

စစ်ကိုင်းမြို့ တကောင်းရပ်ကွက်အတွင်းရှိ စင်္ကြန်ချောင်းရေထိန်း တံခါးများကို အသစ်ပြန်လည်တပ်ဆင် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ရေထိန်းတံခါးများသည် နှစ်ကာလကြာမြင့် နေပြီဖြစ်သောကြောင့် ဆွေးမြည့်နေသဖြင့် အသစ်ပြန်လည် တပ်ဆင်သွားမည်ဖြစ်ရာ အသစ်ပြန်လည်တပ်ဆင်ခြင်း လုပ်ငန်းများအတွက် တင်ဒါခေါ်ယူ ဆောင်ရွက်ပြီးစီး ပြီဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း အပြီးတပ်ဆင် ပြင်ဆင်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူးဦးမိုးခိုင်လင်းက ပြောပြသည်။

"ရေတံခါးရွက်တွေက ဆွေးနေပြီး အဲဒါတွေကို ကျွန်တော်တို့က အသစ်ပြန်ထည့်ပေးမယ်။ ပြီးတော့ရေတံခါး တပ်ဆင်တဲ့ အခါမှာ ရေတံခါးက သုံးချပ်ရှိတယ်။ ရေတံခါးချပ်ကတော့ အကုန်လုံး အသစ်ပြန်လည် တပ်ဆင်သွားမယ်။ ရေတံခါးပတ်ချာလည်မှာ ရေလုံရော်ဘာ စည်းတွေထည့်မယ်။ ဒါ့ပြင် ကျန်တဲ့လိုအပ်တာတွေ အားလုံးကိုလဲပြုပြင် သွားပါမယ်"ဟု ၎င်းက ပြောပြသည်။

စင်္ကြန်ချောင်း ရေထိန်းတံခါးများကို အသစ်ပြန်လည် တပ်ဆင်ပြီး ပြုပြင်ခြင်း လုပ်ငန်းများအတွက် ခန့်မှန်းကုန်ကျငွေ ငွေကျပ် သိန်း ၆ဝ ကုန်ကျမည်ဖြစ်ရာ လက်ရှိအချိန်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီအနေဖြင့် လုပ်ငန်းများစတင် ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။

"တင်ဒါအောင်တဲ့ ကုမ္ပဏီအနေနဲ့ တင်ဒါအောင်ထားတဲ့ အချိန်နဲ့ရေကြီးတဲ့ အချိန်နဲ့ကလဲ ကွက်တိဖြစ်သွားတယ်။ လုပ်လို့မရတော့ဘူး။ အခုကတော့ လုပ်ငန်းမစသေးဘူး။ ကုမ္ပဏီအပေါ်မူတည်တယ်။ကျွန်တော်တို့ကလဲ တွန်းအားတော့ ပေးရမယ်။ ဒီဘဏ္ဍာနှစ်အတွင်းမှာ အပြီးဆောင်ရွက်သွားရမယ်"ဟု ဦးမိုးခိုင်လင်းက ဆက်လက်ပြောပြသည်။

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များမှ ကျဆင်းလာသည့် ရေများမှာ စစ်ကိုင်းမြို့၏ အဓိကချောင်း ဖြစ်သည့် စင်္ကြန်ချောင်း အတွင်းကျဆင်းပြီး တကောင်းစင်္ကြန်ချောင်းရပ်ကွက် ရေထိန်းတံခါးမှ ဧရာဝတီမြစ် အတွင်းသို့စီးဆင်းရာ ယခင်ကစင်္ကြန်ချောင်းမှာ ကောနေသည့် နေရာများ၊ ပိတ်နေသည့်နေရာများ ရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းသည့်အခါ လမ်းများပေါ်နှင့် ရပ်ကွက်များပေါ်သို့ ရေများဝင်ရောက်၍ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ရေနစ်မြုပ်မှုများကို အထိုက်အလျောက် ထိန်းချုပ်နိုင်ရန် စစ်ကိုင်းမြို့ရှိ အဓိကချောင်းဖြစ်သော စင်္ကြန်ချောင်းကို စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီက ပြန်လည်တူးဖော် ဆယ်ယူမှုများပြုလုပ်ခဲ့ပြီး စင်္ကြန်ချောင်းတစ်လျှောက် မြေသားနေရာများကို အုတ်ရိုး၊ကျောက်ရိုးစီ၍ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...