Social Icons

Pages

Friday, October 13, 2017

မန္တလေးမြို့တွင် ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ မိုးရေချိန်ကို စံချိန်ချိုးရွာသွန်း ခဲ့သဖြင့်မြို့တွင်း လမ်းများပေါ်နှင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်


မန္တလေးမြို့ ၄၁ လမ်းနှင့် ၈၆ လမ်းထောင့် ရွှေတချောင်းမြောင်း ရေလျှံမှုကြောင့် ကားလမ်းမပေါ် ရေကျော်နေမှုကို တွေ့ရစဉ်။

မန္တလေး ၁၃-၁၀-၂၀၁၇

မန္တလေးမြို့တွင် အောက်တိုဘာ ၁၁ရက်ည ၆ နာရီကျော်မှ ယနေ့ ညနေပိုင်းထိ ၂၄နာရီခန့် မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့် ၂ဝ၁ဝပြည့်နှစ်က ရွာသွန်းခဲ့သည့် အောက်တိုဘာလ မိုးရေချိန်ထက် စံချိန်ချိုးရွာသွန်းခဲ့ရာ မြို့တွင်းလမ်းများနှင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

"မုန်တိုင်းရှိနေတဲ့အတွက် မိုးလက်ကျန်ရှိနေသလို မုတ်သုံဆုတ်သွားပေမယ့် မန္တလေးမြို့မှာ နောက်ပိုင်းမိုးတွေ စက်တင်ဘာ၊ အောက်တိုဘာလတို့မှာ မိုးအများဆုံး ရွာသွန်းခဲ့ပါတယ်။ ခုရွာသွားတဲ့မိုးက အောက်တိုဘာတစ်လလုံးနီးပါး ရွာရမယ့် မိုးရေချိန်လောက်အထိ တစ်ကြိမ်တည်း ရွာသွန်းခဲ့တာ ဖြစ်ပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်က ပြောပြသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် ၂၄နာရီအတွင်း ရွာသွန်းခဲ့သော မိုးရေချိန်မှာ ၅ဒသမ ၁၆ လက်မဖြစ်ရာ စခန်းဖွင့်လှစ်သည့်နှစ်မှစ၍ နှစ်ပေါင်း ၇၁ နှစ်အတွင်း အများဆုံးရွာသွန်းခဲ့သည့် မိုးရေချိန်စံချိန်သစ်ဖြစ်ပြီး ယခင်စံချိန်ဟောင်းမှာ ၅ ဒသမ ၁၂ လက်မဖြစ်၍ ၂ဝ၁ဝပြည့်နှစ် အောက်တိုဘာ ၈ ရက်က ရွာသွန်းခဲ့ခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ၁၁ ရက်ထိ မန္တလေးမြို့တွင် ရွာသွန်းခဲ့သော မိုးရေချိန်မှာ ပျမ်းမျှ ၃၂ ဒသမ ၆၄လက်မရှိကြောင်း၊ ယခုရွာသွန်းခဲ့သော မိုးရေချိန်ကြောင့် ၂ဝ၁၇ ခုနှစ်အတွက် နှစ်ချုပ်စာရင်းတွင် ရွာသွန်းမြဲ မိုးရေချိန်ထက် ကျော်လွန်ဖွယ် ရှိနေသည်ဟု သိရသည်။

"မနေ့က ညလုံးပေါက်ရွာသွန်းခဲ့တဲ့ မိုးကြောင့် မန္တလေးမြို့မှာ နေရာအနှံ့အပြား ရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ အလုပ်ကိစ္စကြောင့်သာ အပြင်ထွက်လာရတာ လမ်းတွေပေါ်မှာ ရေတွေကအပြည့်ပါပဲ။ မန္တလေးမှာမိုးရွာပြီ ဆိုတာနဲ့ လမ်းတွေပေါ် ရေကြီးရေလျှံတာ ထုံးစံတစ်ခုလို ဖြစ်နေပါပြီ" ဟု မန္တလေးမြို့ခံ ကိုအောင်မင်းဦးက ပြောပြသည်။

မြို့တွင်းလမ်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသောကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်များမှ ပြည်သူများ စုပေါင်း၍မလိုလား သည့် အန္တရာယ်များ မဖြစ်ပွားစေရန်အတွက် ယာဉ်သွားယာဉ်လာ ရှင်းလင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ အနိမ့်ပိုင်းရပ်ကွက် နေအိမ်အချို့ ရေဝင်ရောက်မှုကြောင့် မိုးရွာသွန်းမှု ပြီးဆုံးပါက မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီအနေဖြင့် ၎င်းရေများကို စုပ်ထုတ်ခြင်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။

"မိုးက နောက်ထပ် သုံးနာရီလောက် ထပ်မရွာတော့ရင်တော့ လမ်းပေါ်ကရေတွေ ကျသွားနိုင်ပါတယ်။ အနိမ့်ပိုင်းရပ်ကွက်က ရေဝင်တာတွေကို စည်ပင်သာယာအနေနဲ့ တတ်နိုင်သလောက် ကူညီပေးသွားမှာပါ" ဟု မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတဝှမ်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်း ဒေသကြီးတို့တွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း များဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

"ဇွန်လမှာမိုးနည်း ခဲ့တဲ့အတွက် နောက်ပိုင်းမှာ မိုးပိုလာတဲ့သဘောပါ။ မိုးတိမ်တောင်တွေ မငြိမ်သက်လို့ အောက်တိုဘာလထဲမှာ နောက်ပိုင်းမိုးတွေ ကျန်ပါသေးတယ်။ လေပွေလှိုင်းတွလဲ နောက်ထပ်လာစရာ ရှိပါသေးတယ်"ဟု မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးသန်းဇော်က ပြောပြသည်။

ယနေ့နံနက် ခန့်မှန်းချက်များတွင် တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးတို့တွင် ဒေသအလိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန် ရာနှုန်းပြည့်ဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

"ကျွန်တော်တို့ မီးသတ်ဦးစီးဌာနအနေနဲ့ မနက်ပိုင်းက မိုးရေဝင်ရောက်တာများတဲ့ အောင်မြေသာစံမြို့နယ် ဘုန်းတော်တိုးရပ်ကွက်ကို သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။အိမ်ခြေ ၃ဝကျော်ကို ရေလွတ်ရာနေရာကို ရွှေ့ပြောင်းနိုင်အောင် ကူညီပေးခဲ့ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောပြသည်။

မန္တလေး အောင်မြေသာစံမြို့နယ် ဘုန်းတော်တိုးရပ်ကွက်အတွင်း ရေဝင်ရောက် နေသောနေအိမ်များကို အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးမှူး ဦးထက်အောင်ဦးစီး၍ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက် ပေးခဲ့ကြောင်း၊ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် စောင့်ကြည့်အနေအထား ဖြင့်ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

မန္တလေးမြို့တွင် ၂၄နာရီအတွင်း စံချိန်တင်မိုးရွာသွန်းမှုကြောင့် အောင်တော်မူဘုရား၊ ခုတင်-၅၅ဝဆံ့ ကလေးဆေးရုံကြီး၊ မဟာမုနိရုပ်ရှင်တော်မြတ်၊ စက်မှုဇုန်၊ကျောက်စိမ်း ရောင်းဝယ်ရေးစခန်း၊ ၁၉လမ်း ညောင်ပင်ဈေး၊ စစ်ကိုင်း-မန္တလေးလမ်း၊ မန်းမြို့ဈေး၊ ရွှေတချောင်းမြောင်း တစ်လျှောက်ရှိ ရပ်ကွက်များ၊ သင်္ဂဇာမြောင်းတစ်လျှောက်ရှိ ရပ်ကွက်များ၊ နဒီမြောင်းတစ်လျှောက်ရှိ ရပ်ကွက်များ အပါအဝင် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ မိုးရေများဝင်ရောက် ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...