Social Icons

Pages

Thursday, October 12, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး Mr. Scot Alan Marciel အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၁၂-၁၀-၂၀၁၇

တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တာဝန်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မထိပါးမထိခိုက်စေရန်၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် တိုင်းရင်းသားများ၊ နိုင်ငံသူ နိုင်ငံသားများအား ကာကွယ်စောင့်ရှောက် ရန်ဖြစ်ကြောင်း၊ ယင်းတာဝန်ကို နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသော်လည်း ဥပဒေမဲ့ဆောင်ရွက်၍မရကြောင်း၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများ၊ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာလုပ်ဆောင်ရကြောင်း၊ တရားဥပဒေကို ကျော်လွန်ခြင်းမရှိဘဲ လုပ်ဆောင်နေကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး Mr. Scot Alan Marciel အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး နှင့်အတူ စစ်သံမှူး Colonel Craig Tippins နှင့် တာဝန်ရှိသူတို့တက်ရောက်ကြသည်။

ဦးစွာ အမေရိကန်သံအမတ်ကြီးက ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်ပတ်သက်၍ သမိုင်းကြောင်းနှင့် ရှုပ်ထွေးမှုအနေအထားများကို သိရှိနားလည်သော်လည်း လက်ရှိအခြေအနေအပေါ် စိုးရိမ်ပူပန်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူ၅သိန်းကျော် ထွက်ပြေးခဲ့မှုအပေါ် ဒေသအတွင်းသာမက နိုင်ငံတကာကပါ စိုးရိမ်မှုများရှိပြီး မြန်မာနိုင်ငံအပေါ် ဖိအားများစွာရှိကြောင်း၊ ထိုသို့ထွက်ပြေးရခြင်းမှာ အစာရိက္ခာပြတ်လပ်မှု၊ ဒေသခံတိုင်းရင်းသားများ၏ ခြိမ်းခြောက် မှု၊နေအိမ်များကို မီးရှို့မှုတို့ကြောင့်ဟု ပြောဆိုကြကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အချိုးမညီစွာ အင်အားအများအပြားသုံးစွဲမှု၊ လူမျိုးတုံးသတ်ဖြတ်မှုများ လုပ်ဆောင်နေသည်ဟုပြောဆိုမှုများလည်းရှိကြောင်း၊မြန်မာနိုင်ငံ အပေါ်နိုင်ငံတကာဖိအားများ လျော့ကျစေရေးအတွက် မိတ်ဆွေနိုင်ငံအဖြစ် အပြုသဘောဆောင်သော ကိစ္စရပ်များပူးပေါင်းဆောင်ရွက် သွားလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသူများအား ပြန်လည်လက်ခံမည့် အခြေအနေကိုလည်း သိရှိလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ရှိပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထု၏ တောင်းဆိုချက်အရ တပ်မတော်အနေဖြင့် စနစ်တကျပြင်ဆင်၍ ပြုပြင် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူရွေးချယ်သည့် လမ်းကြောင်း ဖြစ်၍ပြည်သူ၏ အဆုံးအဖြတ်အရသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းမှာတပ်မတော်၏ ဆုံးဖြတ်ချက်ပင်ဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်သမိုင်းကြောင်းနှင့်ပတ်သက်၍ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်ကိုလိုနီဘ၀ ကျရောက်ချိန်ကစတင်ပြီး လယ်ယာလုပ်ငန်းအတွက် ဘင်္ဂလားနယ်မှ ဘင်္ဂါလီများ စတင်ဝင်ရောက်နေထိုင်ခဲ့ကြောင်း၊ ကိုလိုနီခေတ် ကာလအတွင်း ဘူးသီးတောင်-မောင်တော ရထားလမ်းဖောက်ရန်အတွက် ဘင်္ဂါလီအလုပ်သမားများ ထပ်မံဝင်ရောက်ခဲ့ကြောင်း၊ ယင်းဘင်္ဂါလီများသည် နေရပ်ဘင်္ဂလားသို့ မပြန်တော့ဘဲ အခြေချနေထိုင်ခြင်းဖြင့် ဘူးသီးတောင် -မောင်တောဒေသတွင် တဖြည်းဖြည်းလူဦးရေ တိုးပွားလာခြင်းဖြစ်ကြောင်း၊ နောက်ဆုံးကောက်ယူခဲ့သည့် စာရင်းများအရ ဘူးသီးတောင်-မောင်တောဒေသတွင် ဘင်္ဂါလီများသည် လူများစုဖြစ်ပြီး ယင်းဒေသရှိ လူဦးရေ၏ ၉၅ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ရခိုင်နှင့်ဒေသခံတိုင်းရင်းသားများမှာ လူနည်းစုဖြစ်ပြီး လူဦးရေ၏ ၅ ရာခိုင်နှုန်းမျှသာရှိကြောင်း၊ ၎င်းတို့ကို မြန်မာတို့က ခေါ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ နယ်ချဲ့အင်္ဂလိပ်တို့က ခေါ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ၎င်းဘင်္ဂါလီများသည် မူလမြန်မာတိုင်းရင်းသားများမဟုတ်ဘဲ မှတ်တမ်းများအရ ယင်းတို့အား အင်္ဂလိပ် ကိုလိုနီခေတ်ကပင် ရိုဟင်ဂျာဟုခေါ်ဝေါ်သုံးစွဲမှုလည်းမရှိဘဲ ဘင်္ဂါလီဟုသာ သုံးစွဲကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ယခုနောက်ဆုံးဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုတွင် သြဂုတ် ၂၅ ရက်၌ ရဲစခန်း ၃၀ ခုနှင့် တပ်ဌာနချုပ်တစ်ခုအား အစွန်းရောက်ဘင်္ဂါလီများက တစ်ချိန်တည်းတစ်ပြိုင်တည်း အင်အားသုံး၍ အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ တံတား ၈ စင်းအားလည်း မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ ရဲစခန်းတစ်ခုလျှင် အင်အား ၁၀ ဦးမှ ၁၅ ဦးခန့်သာရှိပြီး ယင်းစခန်းအား တုတ်၊ ဓား၊ လှံနှင့် လက်နက်ငယ်များ ကိုင်ဆောင်ထားသူ အင်အား ၂၀၀ ကျော်က အကြမ်းဖက်တိုက်ခိုက်လာသည့်အခြေအနေတွင် မလွဲမသွေခုခံကာကွယ်ပစ်ခတ်ရမည်သာဖြစ်ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ကျဆုံးခဲ့ပြီး အကြမ်းဖက်ဘင်္ဂါလီများလည်း သေဆုံးခဲ့ကြောင်း၊ ၎င်းအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် အကြမ်းဖက်ဘင်္ဂါလီအင်အား ၄၀၀၀ ခန့်ရှိသည်ဟု ဖော်ထုတ်သိရှိရပြီး အကြမ်းဖက်သမားများ၏ ဦးဆောင်မှုဖြင့် ဘင်္ဂါလီရွာသားများပါဝင် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း၊ အောက်တိုဘာ ၈ ရက်အထိ စိစစ်ဖော်ထုတ်မှုအရ အင်အား ၁၇၈၅ ဦးကို နာမည်နှင့်ရွာအမည်များအား စာရင်းရရှိထားကြောင်း၊ ယင်း ဖြစ်စဉ်မတိုင်မီ အကြမ်းဖက်မှုနှင့်ပတ်သက်၍ သင်တန်းပေးလေ့ကျင့်မှု၊ စားနပ်ရိက္ခာစုပုံမှုနှင့် တပ်စခန်းများအား တိုက်ခိုက်ရန် ကြံစည်မှုသတင်းများအရ ယခုအကြမ်းဖက် မှုဖြစ်စဉ်အား ကြိုတင်စီစဉ်လုပ်ဆောင်သည်မှာ ထင်ရှားကြောင်း ရှင်းလင်းပြောကြား သည်။

ထို့နောက် အကြမ်းဖက်မှုများ လုပ်ဆောင်ရခြင်းအကြောင်းအရင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ဒီမိုကရေစီခေတ် ပထမအစိုးရသက်တမ်းတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရန်လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဘင်္ဂါလီမဟုတ်ဘဲ ရိုဟင်ဂျာများဖြစ်ကြောင်း ပြောကြား၍ စာရင်းစိစစ်မှုကို လက်မခံခဲ့ကြောင်း၊ ထိုသို့စာရင်းစိစစ်မှုအား လက်မခံခြင်းမှာ တရားမ၀င်မွေးဖွားသူနှင့် ရောက်ရှိသူများစွာ ရှိနေ၍ဖြစ်ကြောင်း၊ မိသားစုတစ်ခုလျှင် လူဦးရေ ၄၀ ၀န်းကျင်ခန့်အထိရှိသော ဘင်္ဂါလီ မိသားစုများရှိကြောင်း၊ မိမိနိုင်ငံတွင် နိုင်ငံသားများအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ပေးရမည့်အခွင့်အရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးရမည့် နိုင်ငံသားအခွင့်အရေးများရှိပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ဘင်္ဂါလီများကိုသာမကဘဲ မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် နိုင်ငံအားလုံးနှင့် ဆက်စပ်၍ မိမိနိုင်ငံအတွင်း စစ်ဆေးရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ဘင်္ဂါလီများ တစ်ဖက်နိုင်ငံနယ်စပ်သို့ ထွက်ပြေးမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် သြဂုတ်လ အကြမ်းဖက်မှုဖြစ်စဉ်တွင် ဟိန္ဒူဘာသာဝင် ၉၀ ကျော် အသတ်ခံခဲ့ရပြီး ရုပ်အလောင်း ၄၅ လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယခုအချိန်ထိ ပျောက်နေသူ ၁၉၂ ဦးရှိပြီး သေဆုံးပြီဟုယူဆရကြောင်း၊ ၎င်းအပြင် ဒေသခံတိုင်းရင်းသားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၀န်ထမ်းများလည်း အသတ်ခံရမှု၊ ကျဆုံးမှုများရှိခဲ့ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် ရင်းနှီးစွာဆက်ဆံသူ ဘင်္ဂါလီများကိုလည်း အချင်းချင်းပြန်လည်သတ်ဖြတ်သောကြောင့် သေဆုံးသူ ၃၀ ကျော်ရှိကြောင်း၊ ယင်းဖြစ်စဉ်များကို စိစစ်ဖော်ထုတ်ရာတွင် ARSA အဖွဲ့များ၏ ဦးဆောင်မှုဖြင့် ဒေသခံဘင်္ဂါလီရွာသားများပါရှိသည်ကို သိရှိရကြောင်း၊ သို့ဖြစ်၍ ကိုယ့်ကိုယ်ကိုယ် မလုံဘဲလုံခြုံမှုမရှိဟု ပြေးခြင်းဖြစ်နိုင်ကြောင်း၊ ဒေသခံရခိုင်များ၊ တိုင်းရင်းသားများ၊ အချို့သော ဟိန္ဒူဘာသာဝင် ဘင်္ဂါလီများ၊ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီများမှာ မိမိအတွက် လုံခြုံမှုရှိမည်ဟု ယူဆသည့် မောင်တော၊ စစ်တွေမြို့များသို့ ထွက်ပြေးတိမ်းရှောင်ကြကြောင်း၊ ဘင်္ဂါလီများ၏ Native အမှန်မှာ ဘင်္ဂလားဒေသ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၎င်းတို့နှင့်ဘာသာတူ၊ လူမျိုးတူ၊ ယဉ်ကျေးမှုတူသည့် တစ်ဖက်နိုင်ငံသို့ လုံခြုံမှုရှိမည်ဟုယူဆ၍ ထွက်ပြေးခြင်းဖြစ်နိုင်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့်ပတ်သက်၍ ပြောကြားရာတွင် ကယ်ဆယ်ရေးစခန်းများအနေဖြင့် စားနပ်ရိက္ခာ လိုအပ်မှုရှိနိုင် သော်လည်း ဘူးသီးတောင်-မောင်တောဒေသရှိ လူရှိနေသည့် ကျေးရွာများတွင် လယ်ယာများစွာရှိကြောင်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များစွာရှိပြီး မြစ်ချောင်းပေါများခြင်းကြောင့် အသား၊ ငါး အလွယ်တကူရရှိနိုင်ကြောင်း၊ ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း စားနပ်ရိက္ခာထောက်ပံ့မှုများ လုပ်ဆောင်ပေးနေကြောင်း၊ တပ်မတော်ဆေးကုသ ရေးအဖွဲ့နှင့် အရပ်ဖက်ဆေးကုသရေးအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက် ပေးမှုများလည်း လုပ်ဆောင်ပေးနေကြောင်း၊ အမေရိကန်ပြည်ထောင်စုမှ ပေးအပ်မည့် အကူအညီများကိုလည်း ကြိုဆိုပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှလည်း ကူညီဆောင်ရွက်နေကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ယခုဖြစ်စဉ်များနှင့်ပတ်သက်ပြီး လိမ်ညာ၍မရသလို ဖုံးကွယ်ထား၍ မရကြောင်း၊ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီတစ်ချို့က နည်းနည်းဖြစ်သည်ကို ပုံကြီးချဲ့၍ ပြောဆိုနေသည်များလည်း ရှိကြောင်း၊ အထူးသဖြင့် မီဒီယာများကို နောက်ကွယ်မှ ကြိုးကိုင်၍ လှုံ့ဆော်ဝါဒဖြန့်နေသည်များကိုလည်း သိရှိကြောင်း၊ အဖြစ်မှန်ကို ဖုံးကွယ်ပြီး မီဒီယာအများစု၏ လိုရာဆွဲ၍ ရေးသားဖော်ပြမှုများကြောင့် နိုင်ငံတကာက အခြေအနေမှန်ကို မသိနိုင်ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်ကို ကောင်းအောင်လုပ်မည် ဆိုသည့် စိတ်ဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ယင်းအခြေအနေမှန်များကို သက်ဆိုင်ရာနိုင်ငံနှင့် အဖွဲ့အစည်းများက သိရှိ အောင် ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးစေ လိုကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသူများကိုလည်း ၁၉၉၃ ခုနှစ်က နှစ်နိုင်ငံသဘော တူညီမှုများအရ ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး ဘင်္ဂါလီများလက်ခံမည့် အချိန်ကာလမှာ ယင်းဆွေးနွေးညှိနှိုင်းမှုရလဒ်နှင့် စိစစ်မှုအခြေအနေများအပေါ်တွင် မူတည် ကြောင်းတို့အား အထောက်အထားမှတ်တမ်းဓာတ်ပုံများပြသ၍ ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...