Pages

Monday, September 11, 2017

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ရှမ်းပြည် တပ်မတော် (RCSS/SSA) အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် (RCSS/SSA) အဖွဲ့ဥက္ကဋ္ဌ ဦးယွက်ဆစ်တို့ အဖွဲ့ဝင်များနှင့်အတူအမှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၁၂-၉-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့ဥက္ကဋ္ဌ ဦးယွက်ဆစ်နှင့် အဖွဲ့အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး (RCSS/SSA) အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မ တော် (RCSS/SSA) တို့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁၆ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေး သဘောတူစာချုပ်ပါအချက်များ အနက် နှစ်ဖက်နားလည်မှုနှင့် အယူအဆကွဲလွဲမှုအပေါ် အသေးစိတ်အပြန်အလှန် ဆွေးနွေးကြပြီး တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပါအတိုင်းဆက်လက်အတူတကွ လျှောက်လှမ်းရေးတို့ အား ဆွေးနွေးကြသည်။

ယင်းနောက်ရှမ်းပြည်နယ်အတွင်း တည်ငြိမ်ရေးနှင့်အေးချမ်းသာယာရေး၊ တိုင်းရင်းသား ပြည်သူများ စိတ်အေး ချမ်းစွာနှင့် ဖိစီးမှုကင်းစွာနေထိုင်နိုင်ရေး လိုအပ်ချက်များ နှစ်ဖက်အဖွဲ့အစည်းများအကြား ယုံကြည်မှုနှင့် လေးစားမှုရှိစွာဖြင့် အပြန်အလှန်ထိတွေ့ဆက်ဆံမှု၊ တွေ့ဆုံဆွေးနွေးမှုများ စဉ်ဆက်မပြတ်လုပ်ဆောင် ခြင်းဖြင့် ခင်မင်ရင်းနှီးမှု၊ ယုံကြည်မှုများတည်ဆောက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် (RCSS/SSA) အဖွဲ့ ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အဖွဲ့ဝင် များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...