Social Icons

Pages

Thursday, September 14, 2017

အတက်ဘက်သို့ ဦးတည်ရန် အရိပ်အယောင် ပြနေသော မြန်မာ့ ရွှေဈေးကွက်




မြန်မာ့ရွှေဈေးကွက်သည် ယခုနှစ်အတွင်း ဈေးနှုန်းအတက်အကျ မတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး ယခုဘဏ္ဍာနှစ်၏ စက်တင်ဘာလသို့ ရောက်ရှိလာသည်အထိ ဈေးကွက် အခြေအနေမှာ အပြောင်းအလဲများ ရှိခဲ့သည်။ ယခင်က မြင့်တက်ခဲ့သော ဈေးနှုန်းများကို ကျော်လွန်ကာ စံချိန်တင်မြင့်တက်လာခဲ့ရာ ယခုကာလအတွင်း ရွှေဈေးနှုန်း စံချိန်ချိုးမှုမှာ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့သည်။

''မြန်မာ့ရွှေဈေး မြင့်တက်စေတဲ့ အဓိကအကြောင်းရင်းက ကမ္ဘာ့ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာ ငွေလဲလှယ်မှု တန်ဖိုးကြောင့်ပါ။ဒါပေမဲ့ ဈေးကွက်ရဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအား အခြေအနေတွေကလည်း ရွှေဈေးကိုပြောင်းလဲ စေပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ကပြောသည်။ ၂ဝ၁၆ ခုနှစ်က အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၈၅ဝဝဝဝ ဝန်းကျင်သာ အမြင့်ဆုံးဈေးနှုန်း ဖြစ်ခဲ့ရာမှ ၂ဝ၁၇ ခုနှစ် နှစ်ဦးတွင် အဆိုပါ ဈေးကို တဖြည်းဖြည်း ကျော်လွန်လာကာ သင်္ကြန်မတိုင်မီ ကာလတွင်ပင် ငွေကျပ် ၉ဝဝဝဝဝ နီးပါးသို့ စံချိန်တင် မြင့်တက်သွားသည်။ အဆိုပါဈေးနှုန်းမှ တဖြည်းဖြည်း ထပ်မံမြင့်တက် လာရာဇွန်လနှင့် ဇူလိုင်လတို့တွင် အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၉ဝဝဝဝဝ အထက်သို့ ရောက်ရှိလာ၍ အဆိုပါဈေးနှုန်း အမြင့်တွင်ပင် ငွေကျပ် ၅ဝဝဝ မှ ၁ဝဝဝဝ ကြားအထိ ဈေးအတက်အကျ ဖြစ်လာခဲ့သည်။ သြဂုတ်လသို့ ရောက်ရှိချိန်တွင် စံချိန်တင်မြင့်တက်ခဲ့ရာ အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၉၁ဝဝဝဝ ဈေးနှုန်းမှ ငွေကျပ် ၉၂ဝဝဝဝ ဈေးနှုန်းအထိ ထပ်မံ မြင့်တက်ခဲ့သည်။ 

ယခုစက်တင်ဘာလသို့ ရောက်ရှိချိန်တွင် အကယ်ဒမီမီးလင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၉၄ဝဝဝဝ အထက်သို့ ရောက်လာကာ စက်တင်ဘာ ၇ ရက်တွင် ငွေကျပ် ၉၄၈၅ဝဝ နှုန်းဖြစ်လာခဲ့ပြီး အဆိုပါဈေးမှ တစ်ရိပ်ရိပ်တက်လာရာ စက်တင်ဘာ ၁၂ ရက်တွင် ငွေကျပ် ၉၅ဝ၅ဝဝသို့ စံချိန်တင်တက်လာသည်။ ''အရောင်းအဝယ်က ပါးလာတယ်။ မိုးတွင်းဖြစ်တာကြောင့်နဲ့ ကုန်သည်တွေ လက်ထဲမှာ ရွှေပမာဏ နည်းလာတာကြောင့်လို့ ယူဆမိပါတယ်။ အရင်ကဆိုရင် ရွှေဈေးမြင့်လာချိန်မှာ ရောင်းလိုအားက များလာတော့ ဈေးကပြန်ကျတတ်တယ်။ ဥပမာပြောရရင် ရွှေကုန်သည် ၁ဝ ဦးမှာ ရှစ်ဦးလောက်က ရောင်းရင်ဈေးက ပြန်ကျ သွားလေ့ရှိတယ်။

အခုအချိန် ရောင်းတာရောဝယ်တာပါ တော်တော်လေး နည်းပါးလာတယ်။ဒါကြောင့် ကုန်သည်တွေ လက်ထဲမှာ အရောင်းအဝယ်လုပ်မယ့် ရွှေနည်းလာတဲ့ အတွက်ကြောင့် ဈေးတက်လာတာလို့ သုံးသပ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ စည်းရုံးရေးမှူး ဦးအေးချို ကပြောသည်။ မြန်မာ့ရွှေဈေး အပြောင်းအလဲကို အဓိက ဖြစ်စေနိုင်သည့် ကမ္ဘာ့ရွှေဈေးမှာလည်း တစ်စတစ်စမြင့်တက်လာရာ စက်တင်ဘာ ၆ ရက်တွင် ကမ္ဘာ့ ရွှေဈေးနှုန်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၃၈ ဒေါ်လာ၊ စက်တင်ဘာ ၇ ရက်တွင် အမေရိကန်ဒေါ်လာ ၁၃၄ဝ၊ စက်တင်ဘာ ၈ ရက်တွင် အမေရိကန်ဒေါ်လာ ၁၃၅၄ ဒေါ်လာ၊ စက်တင်ဘာ ၉ ရက်တွင် အမေရိကန် ဒေါ်လာ ၁၃၄၇ ဒေါ်လာ၊ စက်တင်ဘာ၁ဝ ရက်တွင် အမေရိကန်ဒေါ်လာ ၁၃၄၇ ဒေါ်လာ၊ စက်တင်ဘာ ၁၁ ရက်တွင် အမေ ရိကန်ဒေါ်လာ ၁၃၃၇ ဒေါ်လာ၊ စက်တင် ဘာ ၁၂ ရက်တွင် အမေရိကန်ဒေါ်လာ ၁၃၂၇ ဒေါ်လာသို့ ရောက်ရှိလာသည်။ အဆိုပါ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်သော်လည်း မြန်မာ့ရွှေဈေးနှုန်း လိုက်ပါမြင့်တက် သည်မျိုးမရှိကြောင်းနှင့် ဖြစ်ရပ်များမှာ ဝယ်လိုအား၊ ရောင်းလိုအားနှင့် အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းတို့ပေါ် မူတည်ကြောင်း သိရသည်။

''ကမ္ဘာ့ရွှေဈေးက ပြန်ကျသွားနိုင်ပေမယ့် ဒီရက်ပိုင်းမှာ မြန်မာ့ရွှေဈေးကျဖို့က မရှိသေးပါဘူး။ ကမ္ဘာ့ရွှေဈေးနဲ့ အပြိုင်ဖြစ်နေတဲ့ မြန်မာ့ရွှေဈေးနှုန်းကို ဝယ်လိုအား၊ ရောင်းလိုအားတွေ ယှဉ်ပြီး သုံးသပ်ကြည့်ရင် ရွှေဈေးကျဖို့ မဖြစ်နိုင်သေးပါဘူး''ဟု ရွှေနှင့်ကျောက်မျက် ရတနာလုပ်ငန်းရှင် ဦးရွှေကြည်ကပြောသည်။ရွှေထည်လက်ဝတ်ရတနာ အရောင်းဆိုင်များ၌ ယခုအခါ အရောင်းအဝယ်ဖြစ်မှုနည်းပါးနေပြီး ၂ဝ၁၆ ခုနှစ်က ဈေးကွက်အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ပါက အရောင်းအဝယ်နှစ်ဆခန့် နည်းပါးနေကြောင်း တိတ်ရှိန်ရွှေဆိုင်ပိုင်ရှင် ဦးမိုးအောင် ကပြောသည်။ ''၂ဝ၁၇ ခုနှစ်က ရွှေဆိုင်သမားတွေ အတွက် အရောင်းအဝယ် တော်တော်ပါးပါတယ်။ နှစ်ဆန်းပိုင်းတုန်းက ကောင်းတော့ မလိုလိုနဲ့ သင်္ကြန်မတိုင်ခင် ဈေးမြင့်လာတာကြောင့်ရယ်၊ ရွှေဝယ်ရင်အခွန်ကောက်တဲ့ ကိစ္စတွေကြောင့် ဝယ်သူတွေနည်းသွားတယ်။ အခု ရွှေဝယ်ရင် ကုန်သွယ်လုပ်ငန်းခွန် အဖြစ် ၁ ရာခိုင်နှုန်းပဲ ကောက်ပေမယ့် အရောင်းအဝယ်က ဖြစ်မလာဘူး။ နေ့စဉ်ဝယ်သူမျှော်ရတဲ့ အခြေအနေ ရောက်နေ ပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက်နေခြင်းသည် အမေရိကန်နှင့် မြောက်ကိုရီးယားတို့၏ စစ်ရေး အခြေအနေ တင်းမာမှုဖြစ်စဉ်က တစ်ခုအပါအဝင်ဖြစ်ပြီး ယင်းနှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု ကောင်းမွန်မှသာ ကမ္ဘာ့ရွှေဈေး ကျဆင်းနိုင်သော်လည်း မြန်မာ့ရွှေဈေးမှာ ကျဆင်းမည့် အရိပ်အယောင် မရှိကြောင်း ဦးအေးချိုက သုံးသပ်သည်။ 

''အရင်နှစ်တွေတုန်းက လုပ်ရကိုင်ရ ကောင်းတယ်။ အခုတော်တော်လေးကို ရွှေအရောင်းအဝယ် မကောင်းတဲ့အတွက် လုပ်ကိုင်ချင်စိတ် မရှိတော့လောက်အောင် ဖြစ်နေပါတယ်''ဟု ရွှေပွဲစား ကိုကျော်နိုင် ကပြောသည်။ မြန်မာ့ရွှေဈေး ငွေကျပ် ကိုးသိန်းအထက်သို့ တစ်သောင်းခန့် မြင့်တက်ချိန်က ရွှေကုန်သည်ကြီးများက အကျိုးအမြတ်ရရန် ပြန်ထုတ်ရောင်းကြသကဲ့သို့ ငွေကျပ် ကိုးသိန်းအထက် ငါးသောင်းငါးရာခန့် ထပ်မံမြင့်တက် ချိန်တွင် ပြန်ထုတ်ရောင်းသူများလာပြီး ယခုအချိန်တွင် ထုတ်ရောင်းသူ မရှိသလောက်ဖြစ်လာရာ ကုန်စည်ဒိုင်၌ အရောင်းအဝယ် အေးလာခြင်းဖြစ်သည်။ ယခုကဲ့သို့ အခြေအနေများကြောင့် မြန်မာ့ရွှေဈေးနှုန်းမှာ ပြန်လည်ကျဆင်းရန် အရိပ်အယောင် မရှိသေးကြောင်း ကုန်သည်အများစုက သုံးသပ်လာကြပြီး အတက်ဘက်သို့ ဦးတည်နိုင်မည့် အခြေအနေအဖြစ် သုံးသပ်ထားကြောင်း မြန်မာ့ရွှေဈေး အကြောင်း တစေ့တစောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...